Pages - Menu

Thursday, August 22, 2013

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေးသမားများ သတင်းကြောင့် မြို့အ၀င်အထွက် လမ်းကြောင်းများ အပါအ၀င် ပင်လယ်ပိုင်းရှိ ကျွန်းများနှင့် ကျေးရွာများအထိ စနစ်တကျ စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခုလလယ်ပိုင်းမှ စတင်ပြီး မြိတ်မြို့သို့ ဖောက်ခွဲရေးသမားသုံးဦး ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ၀င်ရောက်လာနိုင်ကြောင်း သတင်းများ ရရှိခဲ့ရာ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖောက်ခွဲရေး သမားသုံးဦး ရောက်ရှိနေသည့် သတင်းမှာ ဓာတ်ပုံများနှင့်အတူ အာဏာပိုင်များထံသို့ ရောက်ရှိနေပြီး ရပ်ကွက်အလိုက်၊ ကျေးရွာများအလိုက် လုံခြုံရေး တိုးမြှင့်ခဲ့သလို လူဝင်လူထွက်များ သိရှိနိုင်ရန် ဧည့်စာရင်းများ စစ်ခြင်း၊ မြို့အ၀င်ထွက်များတွင် စောင့်ကြည့်ခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။


"ဖောက်ခွဲရေး သမား သုံးဦးကတော့ အခုထိ မမိသေးပါဘူး။ သတင်းတွေ အမျိုးမျိုး ထွက်နေပေမယ့် လုံခြုံရေးကိုတော့ စနစ်တကျ လုပ်ဆောင်နေပါတယ်။ ကျေးရွာနဲ့ ရပ်ကွက်တွေအလိုက် ဆယ်အိမ်စု၊ ရာအိမ်စုမှူးတွေအထိ အဆင့်ဆင့် စောင့်ကြည့်တဲ့ စနစ်နဲ့ လုပ်ဆောင်နေသလို ပင်လယ်ထဲက ကျွန်းတွေ၊ ဆိပ်ကမ်းအ၀င်အထွက်ကိုလည်း စောင့်ကြည့်စစ်ဆေးနေတယ်။ သတင်းရပြီးတာနဲ့ လုံခြုံရေးကို ယခင်ကထက် ထပ်တိုးထားပါတယ်။ သြဂုတ် ၁၇ နေ့ကစပြီး နေ့ရောညပါ လူတစ်ဦးချင်းအလိုက် ရှာပါတယ်။ ဆိုက်ကားတွေ ဆိုင်ကယ်တွေကို တစ်စီးချင်း ရှာပါတယ်။ ညပိုင်းဆိုရင် မြစ်ထဲမှာ လှေတွေနဲ့ ကင်းလှည့်စောင့်ကြည့် ပါတယ်။ ရွာတွေက လှေဆိပ်လေးတွေ အထိ လိုက်စစ်နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ထပ်တိုးထားတာပဲ ရှိပါတယ်။ ဘယ်နေ့ ဘယ်ရက်အထိ ချမယ်ဆိုတာမျိုး မရှိပါဘူး။ ရက်အကန့်အသတ်မရှိ ဆောင်ရွက်မှာပါ" ဟု ကျွဲကူးတံတားတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမားသုံးဦး ထိုင်းနိုင်ငံမှတစ်ဆင့် ပင်လယ်ရေကြောင်း ခရီးဖြင့် ၀င်ရောက်လာကြောင်း၊ ကော့သောင်- ဘုတ်ပြင်းဘက်မှ ရေလမ်းခရီးကို အသုံးပြုကာ ၀င်ရောက် လာခြင်းဖြစ်ကြောင်း သတင်းများ ရရှိပြီးနောက်ပိုင်း မြိတ်မြို့တွင် လုံခြုံရေး တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ ထုတ်ပြန်သည့် ဖောက်ခွဲရေးသမား သုံးဦးမှာ မာမက် (ခ) သိန်းအောင်၊ အာဇတ်နှင့် ယူနွတ်တို့ဖြစ်ပြီး မာမက် (ခ) သိန်းအောင်မှာ ယခင် မြန်မာနိုင်ငံသားဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ကာ မြန်မာနိုင်ငံ၌ အသက် (၁၂) အထိ နေထိုင်ခဲ့ကြောင်း၊ အာဇတ်မှာ အင်ဒိုနီးရှားတွင် နေထိုင်ကာ နိုင်ငံသား စိစစ်ဆဲဖြစ်ကြောင်းနှင့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိဖြစ်ကာ ယခုထိုင်းနိုင်ငံသား ခံယူထားကြောင်း သိရပြီး ၎င်းတို့ သုံးဦး စလုံးမှာ မြန်မာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ကြောင်းလည်း သိရသည်။

ယင်းတို့နှင့် ပတ်သက်၍ ပြင်ပတွင် သတင်းမျိုးစုံ ထွက်ပေါ်နေသော်လည်း ၎င်းတို့အား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group


No comments:

Post a Comment