Pages - Menu

Monday, May 5, 2014

မြိတ်မြို့တွင် ဓမ္မစကူးလ်သင်တန်းများ ဖွင့်လှစ်

မြိတ်မြို့တွင် ကျောင်းသား/ သူများအား ဗုဒ္ဓဘာသာကို အခြေခံတဲ့ စာရိတ္တမြင့် တင်ရေးနှင့် လိမ္မာယဉ် ကျေးပြီး အနာဂတ် ဘ၀ တိုးတက် မြင့်မားစေရန် အတွက် ရည်ရွယ်၍ ဓမ္မစကူးလ် သင်တန်း ဖွင့်ပွဲကို မေလ(၄)ရက် နံနက်(၈)နာရီက မန္တလေး ကျောင်းတိုက် ကျင်းပခဲ့ရာ ဆရာတော် သံဃာတော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ၊ အကျိုးဆောင် အဖွဲ့များ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက် လာကြသူများက နမောတဿ(၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် မြိတ်မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဌ ဘဒ္ဒန္တ ပညိန္ဒာစာရ ရွှေကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မန္တလေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အစ္စရိယ မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထား ခဲ့သည်။

ထိုနောက် ရွှေကျောင်း ဆရာတော် နှင့် မော်တောင် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ နာရဒတို့ မှ သြ၀ါဒ ကထာ မြွက်ကြားကြခဲ့ကြပြီး ခရိုင်သာသနာရေး ဦးစီးဌာနမှူး ဦးတင်ဦးက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ တက်ရောက် လာကြသော ဆရာတော် သံဃာတော်များ သင်တန်းနည်းပြ များက သင်တန်းနှင့် ပတ်သက်၍ ဆွေးနွေး အကြံပြုခဲ့ကြသည်။

ယင်းနောက် အလှူရှင်များက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ ကြပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။ အဆိုပါ သင်တန်းကို မန္တလေးကျောင်း တိုက်တွင် ကျောင်းသား/သူ (၁၃၀)ဦး ခန့် တက်ရောက် သင်ကြားလျက်ရှိသည်။ ဓမ္မစကူးလ် သင်တန်း များကို ဘုန်းတော်ကြီး ကျောင်းများတွင် ဖွင့်လှစ် လျက်ရှိရာ မြိတ်မြို့နယ် အတွင်းတွင် ဓမ္မစကူးလ် သင်တန်း(၁၄) ဌာန ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သတင်းရရှိသည်။

မြိတ် ပြန်ဆက်

No comments:

Post a Comment