နွေအကုန်
မိုးအကူး ဧပြီလ၊ မေလများမှစ၍ တညင်းသီးများကို ဟင်းသီးဟင်းရွက်များ နှင့် အတူဈေးများတွင် ရောင်းချလာပါပြီ၊ မြန်မာနိုင်ငံ အပါအ၀င်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား
စသည့် အရှေ့တောင်အာရှ နိုင်ငံပြည်သူများသည်
တညင်းသီးကို နှစ်ခြိုက်စွာ စားသုံးကြ
ပါသည်။
အပင်
တညင်းပင်သည်
အပင်အမြင့် ၂၅ ပေထိ ရှိနိုင်ပြီး၊
ပင်စည် အခေါက်မှာ အညိုရောင်ရှိကာ အခေါက်ချော ပါသည်၊ အရွက်မှာ နှစ်ဆင့် ငှက်မွေးရွက်ပေါင်း
(Bi-pinnate) ဖြစ်ကာ၊ အရွက်အရှည် ၂၅ စင်တီမီတာခန့် ရှိသည်။
အခိုင်လိုက် သီး၍ အသီးခိုင်မှာ ခွေနေပြီး အောက်သို့ တွဲလောင်းကျသီး ပါသည်။ အခိုင်မှာ ၁၅ စင်တီမီတာမှ ၂၀
စင်တီမီတာ ရှည်ကာ အကျယ်မှာ လေးစင်တီမီတာမှ ငါးစင်တီမီတာရှိသည်။ အခိုင်အရောင်နီ ညိုရောင် ရှိသည်။ အခိုင်တစ်ခိုင်တွင် အစေ့ သုံးစေ့မှ ကိုးစေ့ပါ
နိုင်သည်။ အစေ့အရွယ်ကြီးကာ
လုံးဝိုင်း၍ အစေ့အရောင်မှာ ခရမ်းညိုရောင်ရှိသည်။ အစေ့ အချင်း၃
ဒသမ ၅ စင်တီမီတာ နှင့်အထူ နှစ်စင်တီမီတာ
ရှိသည်။
တညင်းသီးမျိုး
များစွာ ရှိသည့် အနက်
မြစ်ကြီးနား တညင်းသီး၊စာကလေး တညင်းသီး၊ ကရင်ပြည်နယ် တညင်းသီး စသည်ဖြင့် ထွက်သည့် ဒေသနှင့် အသီးအရွယ် အစား၊ စားသုံးမှု အရသာနှင့် တညင်း သီးအနံ့ပြင်းမှု၊ ပျော့မှု စသည့် လက္ခဏာများပေါ် မူတည် ၍ မျိုးများစွာ
သတ်မှတ်ရောင်းချနေကြ ပါသည်။
တညင်းသီးစားသုံးနေမှု
တညင်းသီးကို
ပြုတ်၍ လည်းသော်ကောင်း၊ ဖုတ်၍ သော်လည်းကောင်း၊ ကြော်၍ သော်လည်းကောင်း စားကြသည့်
အပြင်၊ တညင်းသီး အစေ့နုကို
အစိမ်းလိုက် အတို့အမြှုပ် အဖြစ်
စားကြသကဲ့သို့၊ တညင်းသီး ကို ဆားရည်စိမ်၍ သော်လည်းကောင်း၊
တညင်းဝက်ဟုခေါ်သည့် အစေ့ကို အပင်ဖေါက်(အညှောက်ဖေါက်) ကာ၊ ကြော်၍ သော်လည်းကောင်း၊ မီးဖုတ်၍ သော်လည်း
ကောင်း အတို့အမြှုပ်အဖြစ် အမျိုးမျိုးပြုလုပ်စားသုံးကြ ပါသည်။
တညင်းသီး အုန်းနို့ဆမ်းမှာလည်း
လူကြိုက်များသည့် အစာဖြစ် ပါသည်။
တညင်းသီးပြုတ်နှင့်
အသားများ ရောချက်ကာ စားသုံးကြသကဲ့သို့ အညွန့်ကိုလည်း ဟင်းရွက် အဖြစ်စားသုံးနိုင် ပါသည်။ တညင်းသီးမှာ
ရာသီစာဟု သတ်မှတ်သော် လည်း၊ တညင်းသီးဆားရည်စိမ်နှင့် တညင်းဝက် တို့မှာ တစ်နှစ်ပတ်လည်
ဈေးကွက်တွင် ရရှိနေပါပြီ။
တညင်းသီး အခွံကို ဆေးဝါးဖော်စပ် ရာတွင် သုံးနိုင် သကဲ့သို့ ဆိုးဆေး အဖြစ် သုံးနိုင်ပါသည်။
ဆေးဘက်ဆိုင်ရာ
အသုံးပြုမှုများ
ဆီးသွားစေရန်
အစေ့ကိုချေ၍ ရေနှင့် ရောကာ သောက်သည်။ အရွက်နှင့် အခေါက်ကိုချေ၍ ရင်ဘတ် နာခြင်း၊ သွားကိုက်ခြင်း၊ အရေပြား နာကျဉ်ခြင်းနှင့် သွားဖုံးနာခြင်းများကို ကုသရန် သုံးသည်။ အရွက်ကို မီးရှို့၊ပြာချ၍
ထိခိုက်ဒဏ်ရာ၊ ပွန်းရှနာ တို့ကိုကုသ ရန် သုံးသည်။ အော်ဂဲနစ် ပိုးသတ်ဆေး
ဖော်စပ်ရန် ကုန်ကြမ်း အဖြစ်
သုံးသည်။ တညင်းသီး သည် သွေးသန့်စေခြင်းနှင့် ၀မ်းကိုက် ရောဂါတို့ အတွက်လည်း သုံးကြပါသည်။
ဘေးအန္တရာယ်
မြန်မာတို့သည်
တညင်းသီးကို စားမြိန်စာ၊ စားကောင်း သောက်ဖွယ်အဖြစ် လည်းကောင်း၊ ရသာမွန်အဖြစ်သော် လည်းကောင်း နှစ်ခြိုက်စွာ စားသုံးကြပါသည်။ သို့သော် တညင်းသီးတွင် လူကိုအကျိုးပြုသော ဗီတာမင်ဓာတ်များ ပါဝင်မှုမရှိပဲ၊ လူကိုဒုက္ခပေးနိုင် သည့် အဆိပ်ဓာတ်ပါနေပါသည်။ တညင်းသီးတွင်
မပြင်းထန်သည့် အဆိပ်ဓာတ်ပါဝင် ပါသည်။
တညင်းသီးစားသုံးမှုမှ အဆိပ်ဖြစ်စေမှု များကို
ဒေါက်တာ ခင်မောင်လွင်
(Fame) နှင့်
အင်တာနက် ဘလော့တွင် ဒေါက်တာ ကိုကိုကြီး
တို့က ရှင်းလင်းရေးသား
အသိပေးထား ပါသည်။
တညင်းသီး၏
အနံ့ပြင်းထန်မှုကို စားသုံးစဉ်နှင့် စားသုံးပြီး အပေါ့အလေးသွားရာတွင် ကောင်းစွာခံစားရကာ
အာဟာရတန်ဖိုး ကောင်းစွာ ပါဝင်မှု
မရှိသော်လည်း မြန်မာနိုင်ငံ
အနှံ့တွင် စာရေးသူ အပါအ၀င်
ခုံမင်စွာ စားသုံးလျက်ရှိနေ ပါသည်။
တညင်းသီးကို တစ်ကြိမ်တည်း အရေအတွက် များများ စားသုံးပါက သို့မဟုတ်၊ ရေ သို့မဟုတ်၊ အရည်သောက်မှုနည်း
ပါက၊ လူကို အဆိပ်ဖြစ်စေနိုင် ပါသည်။ တညင်းသီး သည် ကျောက်ကပ်ကို ဒုက္ခပေးသည်။ ကျောက်ကပ်နှစ်ခုလုံးကို ပျက်စီးစေကာ
အသက်ဆုံးရှုံး သည်ထိ ဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံတွင် တညင်းသီး အဆိပ်သင့်မှုများကို ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်နှင့် ကျောက်ကြီး ဒေသများတွင်
အများဆုံးတွေ့ရပါသည်။
ဆီးတွင်သွေး
ပါလာပြီး၊ အဖြူရောင် အပ်ချောင်းပုံ
အချောင်းများ ဆီးတွင်ပါလာ တတ်သည်။ ဤအပ်ချောင်း
များမှာ ကန့် ဓာတ်ပါဝင်သော Djenkolic acid ဟုခေါ်သည့် အမိုင်နို အက်ဆစ် ဖြစ်ပါသည်။ အပ်ချောင်းပုံလေး များသည် ပုတီးသီ သကဲ့သို့ သီထားသည့် ပုံရှိပြီး၊ တစ်ခုနှင့် တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်ကြသည်။
တညင်းသီး
ပြုတ်သော် ထွက်လာသည့်အနံ့မှာ ဤ ဂျင်ကိုလစ်
အက်ဆစ်နံ့ ဖြစ်ပါသည်။
တညင်းသီး စားပြီး နောက်နေ့တွင် ကျင်ငယ် သွားသောအခါ
ထွက်လာသည့်အနံ့မှာ လည်း ဂျင်ကိုလစ် အက်ဆစ် အနံ့ပင်ဖြစ်ကာ၊ အသီးတွင် ပါသည့် အဆိပ်ဓာတ်သည် ကျင်ငယ်ရေ နှင့်အတူ ထွက်ပါသွားသည်ဟု လွဲမှားစွာ ယူဆနေကြ ပါသည်။
အသည်းသည်
တညင်းသီးတွင် ပါသည့် အဆိပ်ဓာတ်ကို ပျက်ပြယ်အောင် မပြုလုပ်နိုင်ပါ။ သို့ အတွက် ကျောက်ကပ်မှ စွန့်ထုတ် ရန်
ကြိုးစားပါသော်လည်း အဆိပ်ဓာတ် မော်လီကျူး၏ ဖွဲ့စည်းမှုကြောင့်
ဆီးပြန်ငယ်လေးများ ပိတ်ဆို့သွားတတ်
ပါသည်။ ဆီးသွားမှုနည်း
ကာ၊ ဆီးလမ်းကြောင်း ပိတ်ပြီး၊ ဆီးသွား မရမှုများ ဖြစ်လာစေပါသည်။
ဆီးမထွက်သည်
့အတွက် ကျောက်ကပ် နှစ်ခုလုံး တင်းလာကာ နာကျင်လာစေ ပါသည်။ ဆေးခန်း၊ဆေးရုံ များသို့ အချိန်မီ ပို့ဆောင် ကုသမှု မပြုနိုင်ပါက အသက်ပင်
ဆုံးရှုံးမှုများဖြစ် စေနိုင်ပါသည်။
ဤသို့ဖြစ်မှုကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acute
Renal Failure) ဟု ခေါ်ပါသည်။ Djenkolic acid ကို ၁၉၃၃ ခုနှစ်တွင်Van
Veen နှင့်h Hyman တို့သည် တညင်းသီးစားသဖြင့် အဆိပ်သင့်နေသူ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှ
ဒေသခံ တိုင်းရင်းသား တစ်ဦး၏ ဆီးမှ Djenkolic acid ကို ပထမဆုံး
ခွဲထုတ် ရယူနိုင်ခဲ့ ပါသည်။ နောက်ပိုင်း
တွင် Djenkolic acid ကို ဓာတ်ခွဲခန်းတွင် ဖွဲ့စည်းရယူနိုင်ခဲ့
ပါသည်။
ဤပရိုတိန်း
မဟုတ်သည့် အမိုင်နို အက်ဆစ်သည်
တညင်းသီးထဲတွင် လွတ်လပ်စွာပါဝင်နေပြီး၊ ပမာဏ တစ်ရာခိုင်နှုန်းမှ လေးရာခိုင် နှုန်းထိ ပါဝင်နိုင်ပါသည်။ Djenkolic acid သည် တညင်းသီး အခြောက် တစ်ကီလို ရှစ်ဂရမ်တွင် ၂၀ ဂရမ်ခန့် ပါဝင်နေသည်။ တခြားပဲ မျိုးရင်းဝင်အပင်ဖြစ်သော
ဘောစကိုင်း အုပ်စုဝင် အပင်(Leucana
esculenta) ၏ အစေ့ တစ်ကီလိုဂရမ်တွင် ၂ ဒသမ ၂
ဂရမ်နှင့်၊ (Pith-ecelo
bium ond ulatum) အစေ့ တစ်ကီလိုဂရမ်တွင် ၂ ဒသမ
၈ ဂရမ် ပါဝင်
ပါသည်။ ဤအချောင်း များသည်
ကျောက်ကပ် တွင် ကျောက်တည် စေရန် အခြေခံ အသိုက်အမြုံ ဖြစ်နေစေ ပါသည်။ တညင်းသီးတွင် တခြား အဆိပ်ဖြစ်စေသည့် (Phytic
acid)ဓာတ်မှာလည်း ၁ ဒသမ ၈၁
ရာခိုင်နှုန်း ပါဝင်နေပါသည်။
Djenkolic acid သည် Cystine နှင့် ဆင်တူသော်လည်း၊ လူနှင့်
တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်ထဲတွင်
ပျက်စီး မသွားနိုင်ပဲ ပျော်ဝင်နိုင်စွမ်း မရှိသည့်
အတွက်၊ ကျောက်ကပ်ထဲတွင်
စုနေကာဆီးထဲသို့ပါသွား ပါသည်။ အပူပိုင်းဒေသများတွင်
ကျောက်ကပ်ပျက်စီးမှု မကြာခဏ ဖြစ်စေသည်။ တညင်းသီးစားပြီး
၃၆ နာရီကြာသော် အဆိပ်ဖြစ်စေနိုင်ပါသည်။
ရောဂါလက္ခဏာများမှာ
ဖျားခြင်း၊
ပျို့အန်ခြင်း၊ ၀မ်းရစ်နာခြင်း၊ ၀မ်းဗိုက်အောက်ပိုင်း
နာကျင်ခြင်းတို့ ဖြစ်စေသည်။
Djenkolic acid သည် အက်ဆစ်တွင် မပျော်ဝင်နိုင်သဖြင့်
အယ်လကာလီနှင့်ပျော်ဝင်စေရန်
ဆိုဒီယမ်ဘိုင်ကာဘိုနိတ်
(Sodium Bi-carbonate) (စားဆော်ဒါ)ကို စားပေးပါ။ ရေများများ
သောက်ပေးပါ။ ဆေးကုသမှု
ခံယူပါက လူနာသည် ရက် အနည်း ငယ်ဖြင့် ပြန်လည် ကျန်းမာလာနိုင် ပါသည်။
တညင်းသီး
စားသုံးမှုကြောင့် အမျိုးသားများ မှာသာ အဆိပ်ဖြစ်မှု များကြောင်း တွေ့ရပါသည်။ တညင်းသီး အဆိပ်သင့်သူ ၁၀ ဦးတွင် ကိုးဦးမှာ
အမျိုးသားများဖြစ်ကြကာ တစ်ဦးသာ အမျိုးသမီးဖြစ်နိုင် သည်ကို တွေ့ရ ပါသည်။ တညင်းသီး အဆိပ်ဖြစ်စေခြင်းတွင် လူတစ်ဦးနှင့်
တစ်ဦး ခံနိုင်ရည်ရှိမှု
မတူညီကြပါ။ တချို့မှာ တညင်းသီး တစ်လုံးစား ယုံမျှဖြင့်ပင်
အဆိပ်ဖြစ်စေနိုင် သော်လည်း၊
တချို့မှာ အလုံး ၂၀ကျော်ခန့် စားသော် လည်း အဆိပ် မဖြစ်စေပါ။ တညင်းသီး အဆိပ်ဓာတ်သည်
ရေတွင် အနည်းငယ်သာ ပျော်ဝင်သဖြင့် တညင်းသီး
ပြုတ်သော် တစ်ကြိမ်နှင့်မလုံ
လောက်ပါ။ ရေကို လဲလှယ်ပေးပြီး သုံးကြိမ်မှ
ငါးကြိမ် ထိ ပြုတ်ပေး ပါ။ ဂျင်ကိုလစ် အက်ဆစ် သည် အငံဓာတ်(စံ)
မြင့်ပါက ပိုမို ပျော်ဝင်လွယ်သည့် အတွက် ဆားအနည်းငယ် ထည့်၍ ကြာကြာ ပြုတ်ပေးသင့်သည်ဟု ယူဆမိပါသည်။
တညင်းသီးကို မီးဖုတ်၍ စားကြပါသည်။ မီးဖုတ် လိုက်ပါက အဆိပ်ဓာတ်လည်း မပြယ်၊ အပြင်သို့လည်း မရောက်သဖြင့်
ရာနှုန်းပြည့် သွေး ထဲသို့ ရောက်ရှိ သွားကာ ဒုက္ခပေးစေနိုင် ပါသည်။ ဆားရည်တွင် ရက်ကြာကြာ စိမ်ထားပါက အဆိပ်ပျော်ဝင်မှုများ စေနိုင်ပါ သည်။
ပါဝင်သည့်
အာဟာရဓာတ်များ (၁၀၀ ဂရမ်တွင်ပါဝင်မှု)
တညင်းသီးတွင်(Energy
kcal) ၁၈၄၊ အစိုဓာတ် ၅၂ ဒသမ ၅
ရာခိုင်နှုန်း၊ ပရိုတိန်းဓာတ် ငါးရာခိုင်နှုန်း၊ အဆီဓာတ် ရာခိုင်နှုန်း၊ ကာဘို
ဟိုက်ဒရတ် ဓာတ်၄၀ ရာခိုင်နှုန်း အမျှင်ဓာတ် ၁ ဒသမ ၇
ရာခိုင်နှုန်း ၊ပြာဓာတ် သုညဒသမ
၅ ရာခိုင်နှုန်းနှင့် မီသိုင်
အိုနင်း အမိုင်နို အက်ဆစ် များလည်း
ပါဝင်သည်။
- ဒေါက်တာ
စိန်လှဗိုလ်
No comments:
Post a Comment