Pages - Menu

Monday, August 12, 2013

လှနိုင်အုံးမလား ပုလဲဧကရီ



လှလိုက်တဲ့ တနင်္သာရီ တဲ့။ ပုလဲဧကရီ လို့လည်း တင်စား ခေါ်ကြတယ်။ အကော်ဒီယံ အုန်းကျော် ရေးတဲ့ သီချင်း ထဲက စာသားလေးပါ၊ (သီချင်းရေး ဆရာတောင် အခု ဆုံးပြီလို့သိရတယ်) အမှန်ဘဲပေါ့ဗျာ၊ ကျွန်းပေါင်း (၈၀၀)ကျော် ၊ ပင်လယ် ကမ်းခြေက မိုင်(၅၅၀) ကျော်ရှည်တယ်၊ တနင်္သာရီ ရိုးမက အပြိုင် တည်နေ တယ်။ ပေ(၆၀၀၀)ကျော် မြင့်မိုရ်လ က်ခတ်တောင် အပါအ၀င် တောင်တန်းတွေက မိုးသစ်တောကြီး တွေကို ထမ်းပိုး ထားတယ်။ မလေး ကျွန်းဆွယ် တစ်လျောက် အရှေ့ဘက် ထိုင်းပင်လယ်၊ အနောက်ဘက် ဘင်္ဂလား ပင်လယ်ရယ် ၊ အီကွေတာနဲ့ နီးတယ်၊ ဒါကြောင့် ပူအိုက် စွတ်စိုတဲ့ ရာသီဥတု ရှိတယ်၊ ပင်လယ်နဲ့နီးလို့ အပူအအေး မျှပြန်တယ်၊ အမြဲစိမ်း တောကြီးတွေကြောင့် အေးမြနေခဲ့ ပါတယ်၊ တနင်္သာရီမြစ်၊ ထားဝယ်မြစ်၊ ချောင်းငယ်မြစ် (တနင်္သာရီမြစ်ငယ်)၊ လေညာမြစ်၊ ပါချန်မြစ်တွေ အပြင် ချောင်းကြီး ချောင်းငယ်များစွာကို မွေးဖွားပေးထားတယ်။

တောင်တရုတ် ပင်လယ် ပုလဲလို့ ကမ္ဘာသိ ထင်ရှားတဲ့ ပုလဲကို မြိတ်ကျွန်းစုက ထွက်တယ်၊ ဌက်သိုက် လုပ်ငန်း လည်း ထင်ရှားတယ်၊ ရေထွက် သယံဇာတတွေ၊ မြေပေါ်မြေအောက် သယံဇာတတွေကြောင့် သမိုင်းတစ် လျောက် အရေးပါခဲ့တယ်။ နယ်မြေ ပိုင်ဆိုင်မှု အတွက် စစ်ပွဲတွေ သမိုင်း စာမျက်နှာထက်မှာ ကျန်နေစေ ခဲ့တယ်၊

၁၈၂၄ခုနှစ် အင်္ဂလိပ်- မြန်မာ ပထမ စစ်ပွဲမှာ ကတည်းက တနင်္သာရီနဲ့ ရခိုင်က ကျွန်ဖြစ်ခဲ့ ရတယ်၊ အဲဒီ အချိန်က တနင်္သာရီဆို အခု မွန်၊ ကရင်နဲ့ တနင်္သာရီ ဒေသပေါင်းကို ခေါ်တယ်၊ မလေးရှားက တိုက်ရိုက် အုပ်ချုပ်တယ်၊ သံတွေ၊ခဲတွေ၊ ကျောက်မီးသွေးတွေ တူးခဲ့တယ်၊ သစ်တွေ ထုတ်ခဲ့တယ်၊ မွန်-ကရင် ဒေသတွေမှာ ကျွန်းပင်တွေ မျိုးတုန်း ကုန်တယ်လို့ ဆိုတယ်၊ နောက် လွတ်လပ်ရေး ရပြီး ပြန်တော့လည်း နယ်မြေ မအေးချမ်းလို့၊ အုပ်ချုပ်ရေး အာဏာ မရောက်လို့ အကြောင်း ကြောင်းကြောင့် သစ်တွေခုတ်၊ သတ္ထုတွေ တူးခဲ့ကြတယ်၊ စစ်အစိုးရ တက်ပြီး တဲ့နောက် ဖွံ့ဖြိုးရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အပြောင်ရှင်း၊ အပြတ်ရှင်း စနစ်ကျင့်သုံး ခဲ့တယ်၊ နိုင်ငံခြား ကုမ္ပဏီတွေ၊ တိုင်းရင်းသား အမည်ခံ နိုင်ငံခြား ကုမ္ပဏီတွေ ၊ တိုင်းရင်းသား စီးပွါးရေး လုပ်ငန်းရှင်တွေ အပြိုင်အဆိုင် မြေတွေ ယူကြ၊ သတ္ထုတွေ တူးကြ၊ သစ်တွေ ခုတ်ကြ အလုအယက် လုပ်ကိုင်ခဲ့ကြတယ်၊ အခုလည်း လုပ်ဆဲဘဲ။ ၂၀၀၀ ခုနှစ်လောက်အထိ တနင်္သာရီတိုင်း ဒေသကြီးရဲ့ ၇၀% နှုန်းလောက်က သစ်တော ဖုံးနေခဲ့တယ်၊ ၁၉၉၉ ခုနှစ်မှာ တနင်္သာရီ တိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုင်းရင်းသား လုပ်ငန်းရှင် ဆိုသူတွေကို မြေဧက (၅၀၀၀၀၀)မှာ ဆီအုန်း စိုက်ခွင့် ပြုခဲ့တယ်၊ လူနေ အနည်းဆုံး ဖြစ်ပြီး သစ်တော အထူဆုံးနေ ရာတွေဖြစ်တဲ့ မြိတ်ခရိုင်၊ ကော့သောင်း ခရိုင်တွေမှာ နေရာပေးခဲ့တယ်၊ ပြည်ထောင်စု လမ်းမကြီးလို့အမည်တပ် ပြီး လမ်းဖောက် ပေးလိုက်တယ်၊ ဆီအိုးကြီး ဖြစ်ပြီလို့ အစိုးရက ကြေငြာတာ တစ်ခါမှ မတွေ့ရဘူး၊ ကြိုးဝိုင်းတွေ သစ်တော တွေတော့ မရှိတော့ဘူး။း

မြန်မာ့ ရွှေဖြူ ရိုးမကို လွှမ်းရမည်တဲ့၊ ဒါကနောက်တစ်ခု။ ရာဘာတွေ စိုက်ကြပြန်တယ်၊ ဒီတစ်ခါ စီးပွါးရေးသမား တွေသာမက ဒေသခံတွေပါ မြေတွေ အလုအယက် ယူကြ၊ ရာဘာစိုက်မယ် ဆိုပြီး တောတွေ ခုတ်ကြတာ ဆီအုန်း ထက်တောင် ဆိုးသေးတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကတောင် ရာဘာ တစ်မျိုးတည်း မစိုက်ဖို့ ပြောခဲ့တာ လည်း ကြားဖူးခဲ့ ရတယ်၊ 

မရှိမကောင်း ရှိမကောင်း ဆိုတာ သယံဇာတ ကိုလည်း ပြောလို့ ရတယ်၊ မရှိပြန်တော့လည်း မျက်နှာငယ် ရတယ်၊ ရှိပြန်တော့လည်း ၀ိုင်းလုကြလို့ ဒုက္ခရောက်ရ ပြန်တယ်၊ သယံဇာတ ကျိန်စာလို့ ပညာရှင်တွေက ခေါ်တယ်၊ တနင်္သာရီတိုင်း ဒေသကြီးက ထွက်တဲ့ သံက သိပ်ကောင်းလို့ ဓါးလုပ်တယ်၊ ဒီ ဓါးတွေကို ကာကွယ်ရေး အတွက် သုံးတယ်၊ ဒါ့ကြောင့် ဓါးတွေဝယ်လို့ရတဲ့နေရာကို ဓါးဝယ် လို့ခေါ်တယ်လို့လည်း မှတ်သား ဖူးတယ်။

သံတွေ သာမက ခဲလည်း ထွက်တယ်၊ ခဲအထွက် ကောင်းလို့ ကုမ္ပဏီတွေ အပြိုင်အဆိုင် တူးကြတယ်၊ မြေတွေ တိုးချဲ့ ယူတယ်၊ တောင်တွေ ဖြိုတယ်၊ တောတွေ ခုတ်တယ်၊ သတ္ထုတူးဖို့ ရေလိုတယ်၊ ချောင်းတွေ ပိတ်တယ်၊ ဒေသခံတွေရဲ့ ဥယျာဉ်တွေ ရေမြှပ် ကုန်တယ်၊ သတ္ထုဆေးတဲ့ ရေတွေ ချောင်းထဲကို သွန်ချတယ်၊ ချောင်းတွေမြစ် တွေ ညစ်ကုန်တယ်၊ အစိုးရတော့ ဘယ်လောက်ရတယ် မသိရဘူး၊ ကုမ္ပဏီတွေက မြေရသလောက် တိုးယူ နေတယ်၊ ဒေသခံတွေက စိုက်စရာမြေ မရှိတော့ဘူး၊ သောက်စရာ ရေမရှိတော့ဘူး၊ သွားစရာမြေ မရှိတော့ဘူး၊ ပိုဆင်းရဲသွားတယ်။

ငါးအမှုန့်လုပ်တဲ့ စက်ရုံတွေ၊ ပုဇွန်ခြောက် စက်ရုံတွေ၊ ကင်းမွန်ခြောက် စက်ရုံတွေက ရေထွက် ပစ္စည်းတွေကို ပြုတ်ပြီး အခြောက်ခံတယ်၊ ဒီအတွက် ထင်းလိုတယ်၊ ပြူးမီးသွေးဆိုတာ နံမည်ကြီးတယ်၊ မီးထိုးလို့ သိပ်ကောင်း တယ်၊ ပြူးပင်က ဒီရေတောမှာ ပေါက်တယ်၊ ဒီရေတောတွေ တစ်နေ့ လှေကြီး၎/၅စင်း လောက်ခုတ်ပြီး ရောင်းစားတယ်၊ မြစ်ဝချောင်းဝ၊ မြစ်တွင်းချောင်းတွင်း သာမက ကျွန်းတွေက ဒီရေတောတွေ နေ့မြင်ညပျောက် ဖြစ်သွား တယ်။

အစိုးရက တစ်နှစ် နိုင်ငံခြားဝင်ငွေ ဘယ်လောက်ရတယ်၊ ဘယ်လောက် ပိုလာတယ်ဆိုတာ ကြေငြာတတ်တယ်၊ သေချာ လေ့လာကြည့်ရင် သယံဇာတ ရောင်းရငွေတွေက အများဆုံးဘဲ၊ တနင်္သာရီတိုင်းက မြန်မာနိုင်ငံ အတွက် နိုင်ငံခြားဝင်ငွေ အများဆုံး ရှာပေးတာပါ၊ ဓါတ်ငွေ့ ရောင်းရငွေပါ။ ပြီးတော့ ရေလုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္ထု လုပ်ငန်းတွေက ၀င်ငွေတွေကို လေ့လာကြည့်ပါ။ ဒီနှစ် ဒေါ်လာ သန်း ဘယ်လောက် ပိုတယ်လို့ ကြေငြာရင် တောတွေ၊ တောင်တွေ၊ ငါးပုဇွန်တွေ ဘယ်လောက် ပိုပျောက သွားပြီလို့ အချိုးချလို့ ရတယ်၊ မယုံရင် ဂျာနယ်တွေ ဖတ်ကြည့်၊ တောတွေ မရှိတော့ဘူး၊ တောင်တွေ မရှိတော့ဘူး၊ မြစ်တွေ ချောင်းတွေ နောက်ကုန်ပြီ၊ ငါးတွေ ပုဇွန်တွေ အရ နည်းလာတယ် ဆိုတာတွေတွေ့လိမ့်မယ်၊ ပြည်သူက တော့ပိုဆင်းရဲ သွားတယ်၊ ဒီဟာတွေက ဒေါ်လာဘယ် လောက် ပြန်ပေးပေး အရင်အတိုင်း ပြန်မရတော့ဘူး၊  အရင်လို လှနိုင်အုံး မလား ပုလဲဧကရီရယ် လို့ မေးလိုက်ချင် ပါတယ်။

စာရေးသူ - ဆရာဇော်သူရ https://www.facebook.com/sayazaw.zawthura
 


No comments:

Post a Comment