မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Showing posts with label ပင်လယ် ဗဟုသုတများ. Show all posts
Showing posts with label ပင်လယ် ဗဟုသုတများ. Show all posts

Sunday, January 27, 2008

ပင်လယ်ဂျပ်မြွေ

ပင်လယ်ဂျပ်မြွေ

ပုံသဏ္ဍာန်

ဒေသအခေါ် “ ဂျပ် “ ဟု အမည်တွင်သည့် သတ္တ၀ါမှာ စိမ်းပုပ်ရောင် ကိုယ်လုံးတွင် အမည်းစင်းများ ပါရှိသော ပင်လယ်မြွေ တစ်မျိုးဖြစ်သည်။ ထိုဂျပ်မြွေတွင် “ ဂျပ်လုံး “ နှင့် “ ဂျပ်ပြား ” ဟူ၍ နှစ်မျိုး နှစ်စား ရှိပြီး နှစ်မျိုးစလုံး၌ပင် လူကို အသက်အန္တရာယ် ဖြစ်စေတတ်သည့် အဆိပ်ရှိပေသည်။ “ ဂျပ်လုံး” မှာ အကောင်သေး၍ အကြီးဆုံး အရွယ်အစား လုံးပတ် လက်မခန့်၊ အရှည် တစ်တောင်ခန့် ရှိသည်။ “ ဂျပ်ပြား ” မှာ ဦးခေါင်းပိုင်း လက်ညှိုး လက်မ တစ်ကွင်းစာခန့် ရှိ၍ ၀မ်းဗိုက်မှာ လက်ဖ၀ါးခန့် ရှိပြီး သုံးတောင်ခန့် အရှည်ရှိသည်။ ဦးခေါင်းနှင့် ရင်ဘတ်ပိုင်းမှာ အလုံးသဏ္ဍာန် ရှိသော်လည်း ၀မ်းဗိုက်မှ အပြီးပိုင်းအထိ အပြားသဏ္ဍာန် ရှိသည်။

သဘာဝ

၎င်း ဂျပ်မြွေ များသည် ပင်လယ်မြွေများ ဖြစ်သော်လည်း ရေအောက်တွင် တစ်နာရီခန့်သာ နေနိုင်ပြီး ရေပေါ်တက်၍ အသက်ရှုကြသည်။ ဂျပ်လုံး များသည် ရေပေါ်တက်၍ အသက်ရှုရာတွင် ခန္ဓာကိုယ်အား တုတ်တစ်ချောင်း ထောင်ထားသကဲ့သို့ တည့်မတ်စွာ ထောင်လျက် ငြိမ်သက် နေတတ်ပြီး လှေ သို့မဟုတ် အရာဝတ္တု တစ်ခုခု အနီးအနား ရောက်ရှိလာပါက ရေအောက်သို့ ပြန်လည် ငုပ်လျှိုး သွားတတ်သည်။ “ ဂျပ်ပြား“ မှာမူ သူတို့၏ ကြီးမားသော ၀မ်းပိုက်များကြောင့် ဦးခေါင်းပေါ်ယုံသာ ဖော်၍ အသက်ရှု တတ်ကြသည်။ ““ ဂျပ် ”” တစ်ကောင်၏ ရေပေါ် ဖော်၍ အသက်ရှု ချိန်မှာ တစ်မိနစ်မှ သုံးမိနစ်ခန့် အထိသာ ကြာပေသည်။

အကိုက်ခံရလျှင်

““ ဂျပ်မြွေ ” အကိုက်ခံရလျှင် အကိုက်ခံရမှန်း သိသိချင်း ရှေးဦးသူနာ ပြုစုနည်းဖြင့် ပြုစုပြီး ကော်ဖီ၊ လဘက်ရည်၊ အရက် တစ်ခုခု အနည်းငယ် တိုက်ထားရုံဖြင့် သက်သာစေပါသည်။ ဂျပ်မြွေ အကိုက်ခံ ရခြင်းကြောင့် နာကျင်ခြင်း၊ ပူလောင်ခြင်းနှင့် အခြား အဆိပ်တက်သည့် လက္ခဏာများ မပြပါက ထိုသည်ပင်လျှင် ဂျပ်မြွေ၏ ကြီးမားသော အန္တရာယ် ဖြစ်ပေသည်။ ပြင်းထန်သည့် အဆိပ်တက်ပုံ မရှိသောကြောင့် ဂျပ်မြွေအကိုက်ခံရသည်ကို မသိဘဲ ပုစွန်၊ ငါး၊ ဆူးစူး သလိုလို နှင့် ပေါ့ပေါ့တန်တန် သဘောထားမိ၍ အသက်ဆုံးရှုံးရသော ရေလုပ်သားပေါင်း မနည်းလှတော့ပါ။

အဆိပ်တက်ပုံ

ဂျပ်မြွေ အဆိပ်တက်ပုံ လက္ခဏာမှာ သွေးများ ထိုင်းလာခြင်း၊ ငိုက်မြည်း သမ်းဝေလာခြင်းနှင့် အိပ်ပျော် သွားတတ်ခြင်းပင် ဖြစ်သည်။ ထိုသို့ အိပ်ပျော်သွားလျှင် အသက်ရှင်လျက် ပြန်လည် နိုးထလာတော့မည် မဟုတ်ချေ။

ဖြေဆေး

မြွေဆိပ်ဖြေဆေးများတွင် ဂျပ်မြွေ အဆိပ်ဖြေဆေး ဟူ၍ မရှိသေးဖြင့် ဂျပ်မြွေကိုက်လျှင် အချိန်မီ ပြုစု ကုသရန် လိုအပ်ပေသည်။ ကုသစရာ ရိုးရာ ဆေးနည်း တစ်မျိုးမှာ ရေခရာပင် အမြစ်အား လူနာကို ကျွေး၍ ထိုအမြစ်ကိုပင် ထောင်းခြေပြီး ဒဏ်ရာတွင် အုံပေးပါက မြွေဆိပ်ဒဏ်မှ သက်သာ ပျောက်ကင်း စေပါသည်။

သတိထားရမည့် ဂျပ်မြွေ အန္တရာယ်

ပင်လယ်ဂျပ်မြွေသည် ကမ်းနီးရေလုပ်သား များဟု ခေါ်ဆိုနိုင်သော ဖောင်၊ ကျားပါးစပ်၊ စန္ဒား၊ ဂွေး (မျှင်ကောင်) ထိုးလှေ၊ ပုစွန်ထိုးလှေ စသည့် လုပ်ငန်းများမှ ရေလုပ်သားများ အတွက် အန္တရာယ် အကြီးမားဆုံး သတ္တ၀ါ တစ်မျိုး ဖြစ်ပေသည်။

(စာရေးသူ - မောင်မင်းဆွေ)



Friday, December 14, 2007

ပင်လယ်ရေခူ

ပင်လယ်ရေခူ

မြိတ်ဒေသမှ ထွက်ရှိသော ပင်လယ် ရေခူသည် မြန်မာ့ ဈေးကွက်တွင် သာမက နိုင်ငံခြား ဈေးကွက် တွင်လည်း မျက်နှာပန်း လှလျက် ရှိသော ရေထွက်ပစ္စည်း တစ်မျိုး ဖြစ်သည်။ ရေခူဖမ်းရာတွင် ချိတ် တစ်ချောင်း၊ လှေတစ်စင်း ရှိရုံဖြင့် ဖမ်းဆီး နိုင်သည် ဖြစ်ရာ အရင်းအနှီး နည်းပြီး အကျိုးအမြတ် များသော ကြောင့် ရေခူ ဖမ်းဆီးမှုကို ရေလုပ်သားများ အလွန် သဘောကျ ကြသည်။

ရေခူအမျိုးအစားများ

မြိတ်ကျွန်းစု တစ်ဝိုက်တွင် တွေ့ရှိရသော ရေခူ အမျိုးအစားမှာ များပြားလှသည်။ ရေနွေးဖျောရုံနှင့် တို့စရာအဖြစ် စားသုံးရသော စိမ်းစားခူခေါ် ခူဖန်ခွက်၊ တရုတ်ကာကွေးမုန့်နှင့် အလွန်တူသော ခူကာကွေး၊ အညိုရောင်ခေါင်းတွင် ရောင်စုံ အစက်အပြောက်များ ပါရှိသော ခူညို၊ ၄င်းကဲ့သို့ အနီရောင်ခေါင်းနှင့် ခူနီ၊ မုန့်ဖလောင်း (မုန့်လက်ဆောင်း) ကောင်လေးများနှင့် အလွန်တူသော ခူဖလောင်း၊ ခူမျှော့၊ ခေါင်းပိုင်း ပျော့တွဲတွဲနှင့် အမြီးရှည်လျား စေးပျစ်ပြီး ပိုက်တန်းများကို ၀င်တိုးမိလျှင် ရှင်းထုတ်၍ မကုန်နိုင်လောက်အောင် စေးကပ်လှ သောကြောင့် ရေလုပ်သားများ အလွန် စိတ်ညစ်ကြ ရသည့် ခူထမင်းပြုတ် စသည်ဖြင့် အမျိုးအမည် များပြား လှသည်။

အန္တရာယ် ပေးနိုင်သော ခူများ

အမျိုးအမည်များပြားလှသော ရေခူများထဲတွင် ရေလုပ်သားများအား အန္တရာယ်ပေးနိုင်သော အဆိပ်အတောက် ပြင်းသည့် ရေခူနှစ်မျိုးမှာ ခူထောင်း နှင့် ခူမီး ခေါ် ခူမီးတောက် တို့ဖြစ်သည်။ ခူထောင်း ၏ ခေါင်းပိုင်းသည် ပန်ကန်းလုံးကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး ရှည်လျားသည့် အမြီးတန်း ပါရှိသည်။ အကြီးဆုံး အရွယ်အစားမှာ လက်သီးဆုပ်ခန့်ရှိ၍ အမြီးမှာ နှစ်တောင်မှ သုံးတောင်ခန့် အထိ ရှိသည်။ ထိုခူထောင်း၏ ခေါင်းပိုင်းနှင့် ထိ၍ မည်သို့မျှ မဖြစ်သော်လည်း အဆိပ်ရှိသည့် အပြီးပိုင်းနှင့် ထိလျှင်မူ မခံမရပ်နိုင်လောက်အောင် ဆိုးဝါးသော ယားယံမှုကို ခံစားရသည်။

အချိန်မီ မကုသလျှင် သုံးနာရီမှ ခြောက်နာရီလောက် အထိ ယားယံနေတတ်ပြီး နှစ်ရက်အကြာ ထိုနေရာမှ အနာများ ပေါက်လာတတ်သည်။ ထိုအနာများအား ကုသရန် ခက်ခဲ၍ ပျောက်ကင်းသွား သည့်တိုင် အမာရွတ်နေရာများသည် မူလ အရေပြားအတိုင်း ပြန်လည် မချောမွေ့တော့ပါ။

ခူထောင်း၏ အမြီး၊ သို့မဟုတ် အမြီးမျှ ထွက်သော အရည်သည် မျက်လုံးထဲသို့ ၀င်ပါက အလွန်ဆိုးဝါးသည့် ဝေဒနာကို ခံစားရမည် ဖြစ်ပြီး မိနစ်သုံးဆယ်အတွင် ကြံရည်ဖြင့် မျက်လုံးကို မဆေးကြောလျှင် မျက်လုံးကန်မည် ဖြစ်သည်။

ခူထောင်းထက် ပိုအန္တရာယ်ကြီးသည်မှာ ခူမီး ခေါ် ခူမီးတောက် ဖြစ်သည်။ ခူမီး၏ ဦးခေါင်းသည် ရှစ်မြောက် ဖန်ခွက်ပုံသဏ္ဍန် ရှိတတ်သလို ဘောလုံးကဲ့သို့ လုံးဝန်သော ပုံသဏ္ဍာန်လည်း ရှိသည်။ အရွယ်အစားမှာ အထက် ဖော်ပြပါ ခူထောင်းခန့်သာ ရှိသော်လည်း အမြီးတန်းမှာ တစ်လံကျော်သည်အထိ ရှည်လျား တတ်သည်။ ခူမီးသည် ရှစ်မြောက်ခွက်ပုံ ကြည်လင်သော ဦးခေါင်း၊ ငါးမြီးခွပုံခြေနှင့် ထိုမှထွက်သော ပန်းနုရောင် အမြီးတန်း ရှစ်ပင်ဖြင့် လွန်စွာလှပပေသည်။ ထိုကဲ့သို့ လှပသလောက် အန္တရာယ်လည်း အလွန်များ သည်။

ခူမီး၏ အပြီးတန်းနှင့် ရစ်ပတ်ခြင်း ခံရပါက ယားယံခြင်း အပြင် ဆိုးဝါးသော ပူလောင်မှုကိုပါ ခံစားရမည် ဖြစ်သည်။ ထိုနောက် မီးလောင်သကဲ့သို့ အဖုအပိန့်များ ပေါက်၍ ထိုမှ တဆင့် အနာဖြစ်ကာ ယင်းအနာမှ တဆင့် ကြွက်သားများ ပျက်စီးခြင်း၊ အကြောများ ရှုံတွ၍ လက်ချောင်း ခြေချောင်းများ ကွေးကောက်ခြင်း စသည်ဖြင့် ခံစားရမည် ဖြစ်သည်။

သို့ဖြစ်၍ မြိတ်ကျွန်းစု အတွင်းရှိ ရေလုပ်သားများ၏ ပင်လယ်ခူဖမ်းခြင်း လုပ်ငန်းသည် ငွေကြေး အရင်းအနှီး နည်းပြီး အကျိုးအမြတ်များသည့် လုပ်ငန်း ဆိုသော်လည်း အချိန်မရွေး အန္တရာယ်နှင့် ကြုံတွေ့နိုင်သည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း ရေးသား ဖော်ပြအပ်ပါသည်။

(မောင်မင်းဆွေ)