မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, March 17, 2013

တနင်္သာရီမြို့ ညောင်ပင်ကွင်းကျေးရွာ အုပ်စု ပျို့အိုင်ကျေးရွာ အနီး၌ တောမီးလောင် ကျွမ်းမှုဖြစ်ပွား

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ အုပ်စု ညောင်ပင်ကွင်းကျေးရွာ၏ အရှေ့တောင်ဘက် (၂)မိုင်ခန့် အကွာ စိန်ဟန်တောင် အနီး ကိုင်းတောတွင် မတ်လ(၁၅)ရက် နေ့လည် ၃း၃၀ နာရီခန့်တွင် တောမီး လောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ပျို့အိုင်ကျေးရွာနေ ဦးဒိုင်ဘင် ပိုင် သီဟိုခြံ(၅)ဧကခန့်၊ ဦးထွန်းစိုး ပိုင် သီဟိုခြံ(၅)ဧကခန့်၊ ကိုဌေး ပိုင် ရာဘာခြံ(၄)ဧကခန့် ၊ ကိုခင်မောင်ထွန်း ပိုင် ရာဘာခြံ(၅) ဧကခန့် တောမီးလောင် ကျွမ်းခဲ့ပြီး မီးလောင် ကျွမ်းသည့် ခန့်မှန်းဆုံးရှုံးမှု စုစုပေါင်း တန်ဖိုးမှာ (၄၀၇)သိန်းခန့် ဆုံးရှုံးခဲ့ပြီး ည(၉း၃၀) နာရီတွင် တောမီးငြိမ်းခဲ့ သွားသည်။

အဆိုပါတောမီး အား တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ညောင်ပင်ကွင်းကျေးရွာ ပြည်သူ့စစ်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ ကျေးရွာသားတို့ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သတင်း ရရှိသည်။

Friday, March 15, 2013

မြိတ်ခရိုင် သဘာဝဘေး အန္တရာယ် ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မြိတ်ခရိုင် သဘာဝဘေး အန္တရာယ် ဆိုင်ရာ ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲကို မတ်လ (၁၅)ရက် နံနက်(၉) နာရီတွင် ဝေါလ်ဗီရှင်း (World Vision)ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။ ယင်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သူကျော်မှ သဘာဝဘေး အန္တရာယ် အကြောင်း၊ မြန်မာနိုင်ငံရှိ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အစည်း ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများ အကြောင်း ရှင်းလင်း ဆွေးနွေးသည်။

ထိုနောက် ခရိုင် မီးသတ်ဦးစီး ဌာနမှူး ဦးဇော်ဝင်းက မီးသတိပြုရေး၊ မီးဘေး ကြိုတင် ကာကွယ်ရေး၊ မီးငြိမ်း သတ်ရေး၊ မီးသတ် တပ်ဖွဲ့ဥပဒေ၊ ပြည်သူတို့၏ တာဝန်အကြောင်းကို လည်းကောင်း၊ မိုးလေ၀သနှင့် ဇလ ဗေဒ ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးစိုးပိုင်က မိုးလေ၀သ အကြောင်း သိကြောင်း စရာများကို လည်းကောင်း၊ ဝေါလ်ဗီရှင် (မြိတ်) စီမံချက် မန်နေဂျာ ဦးဇော်မင်းက သဘာဝဘေး အန္တရာယ် ဆိုးကျိုး ထိခိုက်မှု လျော့ချရေး အကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Thursday, March 14, 2013

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေတောင် စားစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာ သင်္ကန်းတော်ကပ်နှင့် ဗုဒ္ဒဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပ


တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ရွှေတောင်စား စေတီတော်မြတ်ကြီး အား ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဒဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို မတ်လ(၁၃)ရက် နံနက်(၇)နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး ဓမ္မာရုံတွင် ကျင်းပရာ နိုင်ငံတော် သြ၀ါဒ စရိယ ဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ စန္ဒ၀ံသ ဇေယျဝတီ ကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊၊ တပ်မတော် အရာရှိကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

မြိတ်မြို့၊ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီး (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပမည်

မြန်မာသက္ကရာဇ် ၁၀၉၃ ခုနှစ်တွင် တည်ထား ကိုးကွယ်ခဲ့၍ သက်တမ်း (၂၈၁)နှစ်ရှိပြီဖြစ်သော မြိတ်မြို့၊ လေးကျွန်း ဆီမီးစေတီတော်ကြီးကို ၁၃၇၄ ခုနှစ်တွင် ငွေကျပ်သိန်း (၁၃၀၀)ကျော်ဖြင့် လုံးတော်ပြည့် ရွှေစင်၊ ရွှေပြားနှင့် ရွှေဆိုင်းများ ကပ်လှူ ပူဇော်၍ ရောင်တော်ဖွင့်ခဲ့ပြီး ဖြစ်ပါသည်။

စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်မှ တပေါင်း လပြည့်ကျော် (၁)ရက် (၂၁-၃-၂၀၁၃ မှ ၂၇-၃-၂၀၁၃)ရက်နေ့အထိ (၇)ရက်တိုင်တိုင် အောက် ပါနေ့ရက်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(၁) ဗုဒ္ဓပူဇနိယတပေါင်းပွဲတောင် ဖွင့်ပွဲအခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ (၂၁-၃-၂၀၁၃)ရက်၊ ကြာသပတေးနေ့၊ နံနက် (၉း၀၀)နာရီ။

(၂) ရွှေစင်၊ ရွှေပြား၊ ရွှေဆိုင်း အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆-၃-၂၀၁၃)ရက်၊ အင်္ဂါနေ့၊ နံနက် (၉း၀၀)နာရီ။

(၃) ဆီမီး (၅၀၀၀)ပူဇော်ပွဲ
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆-၃-၂၀၁၃)ရက်၊ အင်္ဂါနေ့၊ ညနေ (၆း၀၀)နာရီမှ (၉း၀၀)နာရီအထိ။

(၄) ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာတင်အခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)ရက်၊ (၂၇-၃-၂၀၁၃)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၅း၀၀)နာရီ။

(၅) ဆွမ်းဆန်လောင်းလှူပွဲ
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)၇က်၊ (၂၇-၃-၂၀၁၃)ရက်၊ ဗုဒ္ဓဟူးနေ့၊ ညနေ (၃း၀၀)နာရီ။
ဆွမ်းဆန်တော်လောင်းလှူပွဲတွင် စေတီတော်သြ၀ါဒါစရိယ ဆရာတော်ကြီးများအပါအ၀င် သံဃာတော် များနှင့် သီလရှင်များ စုစုပေါင်း (၁၁၅)ပါးတို့အား စေတီတော် ရင်ပြင်ပေါ်၌ ဆွမ်းဆန်လောင်း လှူမည်ဖြစ်ပါ၍ အလှူရှင်များမှ သဒ္ဒါတရား ထက်သန်စွာဖြင့် ကုသိုလ်ပြု ပါဝင် လှူဒါန်းနိုင်ကြောင်းနှင့် ဖုန်း ၀၅၉ ၄၁၁၁၆ သို့ ကြိုတင်စာရင်းသွင်းလှူဒါန်းနိုင်ကြောင်းကို ဘဏ္ဍာတော်ထိ န်းဂေါပကအဖွဲ့မှ နှိုးဆော်ထားကြောင်း သိရှိရသည်။


Monday, March 11, 2013

စိတ်မနှံသူအား သေအောင်တိုက်ပြီး ယာဉ်နှင့် ယာဉ်မောင်းထွက်ပြေး

စိတ်မနှံ့သူ တစ်ဦး မော်တော်ယာဉ် တိုက်မိပြီး သေဆုံးသည့် ဖြစ်ရပ်တစ်ခု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု ကုန်းမြင့်သာယာ ကျေးရွာ အနှီး (S) အကွေ့ တွင် မတ်လ(၁၀)ရက်နေ့ ည (၉)နာရီခွဲ အချိန်တွင် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ ဦးဗဒင် (စိတ်မနှံ့သူ ) တစ်ဦးဖြစ်ပြီး ၄င်းသည် ညပိုင်းအချိန်များတွင် မော်တော်ကားလမ်းပေါ်၌ အိပ်လေ့အိပ်ထ ရှိကြောင်း သိရှိရကာ ၄င်းအား တိုက်ခဲ့သည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုအတွက် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ဖမ်းဆီး မိရေး ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Sunday, March 10, 2013

မြိတ်မြို့၌ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

၅-၃-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း မူးယစ်(အထူး) အဖွဲ့နှင့် မြိတ်မူးယစ် (အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများ နှင့်အတူ မြိတ်မြို့၊ ဘုရားကိုင် ရပ်ကွက်၊ မကန်တောင် လမ်းနေ ထင်အောင်(၂၈)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ထင်အောင် ၀တ်ဆင် ထားသည့် ရှပ်အင်္ကျီ လက်တိုဝဲဘက် အိတ်ကပ် အတွင်းမှ ပလပ်စတစ် အိတ်ငယ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁ ပြား၊ ဂျင်းဘောင်းဘီ ယာဘက် ရှေ့အိတ်ကပ်အတွင်းမှ နားကြပ်အိတ် အတွင်း အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၇ ပြား၊ အစိမ်းရောင် ဆေးပြား ၂ ပြားပါ ၁ ထုပ်နှင့် အပြာရောင် ကပ်ခွာ အိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၇၅ ပြား၊ အစိမ်းရောင် ဆေးပြား ၂ ပြားပါ ၁ ထုပ်၊ စုစုပေါင်း (၃၈၇) ပြား၊ အလေးချိန် (၃၈.၇)ဂရမ်၊ တန်ဘိုး ငွေကျပ် (၁၉၃၅၀၀၀ိ/-)နှင့် ဂျင်းဘောင်းဘီ ယာဘက် နောက်အိတ်ကပ် အတွင်းမှ ပလတ်စတစ် အိတ်ဖြင့် ထည့်ထားသော အလေးချိန် (၅၀) ဂရမ်ပါ ဘိန်းစာမှုန့် ၁ ထုပ်၊ တန်ဘိုး ငွေကျပ် (၅၀၀၀ိ/-)၊ ၀၉ xxxxxxxx နံပါတ်ပါ လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

စစ်ဆေးချက် အရ အဆိုပါ ဆေးပြား များအား မြိတ်မြို့၊ ကလွင် ရပ်ကွက်နေ ခင်ညွန့်အောင်(ခ) ခင်ညွန့်(၂၆)နှစ် ထံမှ တစ်ဆင့် ၀ယ်ယူ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သဖြင့် ထင်အောင်အား ခင်ညွန့်အောင် ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ ချိန်းဆိုစေ ခဲ့သည်။ ၁၀၀၀ အချိန် ချိန်းဆိုသည့် နေရာသို့ ခင်ညွန့်အောင် ရောက်ရှိလာပြီး ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀ ပြားနှင့် ၀၉ xxxxxxx နံပါတ်ပါ လက်ကိုင်ဖုန်း ၁ လုံးတို့ အား ထပ်မံ သိမ်းဆည်း ရမိခဲ့ပြီး ခင်ညွန့်အောင်၏ နေအိမ်သို့ ဆက်လက် ရှာဖွေခဲ့ရာ နေအိမ် နောက်ဖေး အဖီအတွင်း ခေါင်မိုးရှိ Spite တံဆိပ်ပါ အနီရောင် လက်ကိုင်အိတ် အတွင်းမှ အနီရောင် စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၇၃ ပြား ထပ်မံ သိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၆၀၇၃) ပြား၊ တန်ဘိုးငွေကျပ် (၃၀၃၆၅၀၀၀ိ/-)သိမ်းဆည်းရမိခဲ့သည်။

ခင်ညွန့်အောင်အား စစ်ဆေး ဖော်ထုတ်ချက်အရ ရေဖြူမြို့နယ်၊ ကလိန်အောင် မြို့နယ်ခွဲ၊ မီးကျောင်းလောင်း ကျေးရွာနေ ရွှေသန်း(၃၈)နှစ် ထံမှ တစ်ဆင့် ၀ယ်ယူရောင်းချ ခဲ့ကြောင်း စစ်ဆေး သိရှိရသဖြင့် ရွှေသန်း ခေတ္တ နေထိုင်သော မြိတ်မြို့၊ မြိတ်တောင် နယ်မြေရှိ မသီတာလွင်(ခ) သီတာအေး၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ ရွှေသန်းအား ဖမ်းဆီး ရမိခဲ့ပြီး မသီတာလွင်မှ ရွှေသန်း ၀ှက်ထားသည့် ရေချိုးခန်း အတွင်းရှိ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား (၇၉၁၄)ပြား၊ တန်ဘိုးငွေကျပ် (၃၉၅၇၀၀၀၀ိ/-)ပါ အထုပ်အား နေအိမ် အပြင်ဘက်သို့ လွှင့်ပစ်လိုက်သဖြင့် နေအိမ် ၀ဲဘက်ဘေး (၃)ပေခန့် အကွာ မြေကြီးပေါ်မှ လည်းကောင်း၊ နေအိမ် အတွင်းရှိ ဘီရို တတိယ အဆင့်မှ Walker တံဆိပ်ပါ အ၀ါရောင်အိတ် အတွင်းရှိ ငွေကျပ် သိန်း(၈၀)အား လည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သောကြောင့် ထင်အောင်၊ ခင်ညွန့်အောင်(ခ) ခင်ညွန့်၊ ရွှေသန်း၊ မသီတာလွင်(ခ)သီတာအေးတို့ ၄ ဦးအား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိ ရသည်။

(ရဲဇာနည်)
 

Saturday, March 9, 2013

ကမ်းဇော်ဆီနှင့် အစေ့ ပြည်တွင်း ပြည်ပ အ၀ယ်လိုက်မှု ကြောင့် ဈေးကောင်းရလျက်ရှိ


ဆီထွက် သီးနှံ တစ် မျိုးဖြစ်သော ကမ်းဇော်သီးနှင့် ကမ်းဇော်ဆီသည် အလွန်  ဆေးဖက်ဝင်သဖြင့် ပြည်တွင်းတွင် သုံးစွဲသူ ပိုမိုများပြားလာသည့်အပြင် ကိုရီးယားနိုင်ငံမှပင် လာရောက် ၀ယ်ယူသောကြောင့် ကမ်းဇော်စေ့နှင့် ကမ်းဇော်ဆီ ဈေးကောင်းလျက်ရှိ  သည်ဟု တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှ ဒေသခံတစ်ဦးက The Farmer  ကို ပြောသည်။ “အရင်က ၄၀ သားဝင်  ဖန်ပုလင်း တစ်ပုလင်းကို ၂၀,၀၀၀ ကျော်ပဲရှိတယ်။ အခု တစ်ပုလင်းကို သုံးသောင်းခွဲ ကျော်လောက်ရှိ တယ်။ ကိုရီးယားက လူတွေလည်း လာဝယ်တယ်။ သူတို့က တိုင်းရင်း ဆေးတွေမှာ ထည့်သုံးတာ။ အခုဆိုရင်  ဆီတောင် မကြိတ်တော့ဘူး။ အလုံးအတိုင်းပဲ ၀ယ်တော့တယ်။ တစ်ပြည်ကို ဈေးနည်းတဲ့ အချိန်ဆိုရင် ၆,၀၀၀ ကျော်ရတယ်။ ရှားတဲ့ အချိန်ဆိုရင် တစ်ပြည်ကို ၈,၀၀၀ ကျော်လောက်ရ တယ်” ဟု ဒေသခံ မစိမ့်စိမ့်နွယ် ကပြောသည်။

သုံးစွဲမှု များပြားလာခြင်းနှင့် အတူ ဈေးကွက်အတွင်း ကမ်းဇော်ဆီ အရောများ၊ အတုများ များပြား လာသဖြင့် ကမ်းဇော်ဆီ၏ ကျော်ကြားမှု နိမ့်ပါး လာရကြောင်း မြိတ်ခရိုင်၊     တိုင်းရင်းဆေး ပညာ ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဝါ၀ါက  ပြောသည်။

“ကမ်းဇော်ဆီကို မြိတ်ခရိုင်မှာ  သုံးလာတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ၂၀၀၄ ခုနှစ်မှာ ပဉ္စမအကြိမ် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ စာတမ်းဖတ်ပွဲမှာ တနင်္သာရီတိုင်း ဒေသကြီးက “အစွမ်းထက် တိုင်းရင်းဆေး ကမ်းဇော်ဆီ” ဆိုတဲ့ စာတမ်းကို  ဖတ်ခဲ့ပြီးတဲ့နောက် ကမ်းဇော်ဆီကို လူသိ များလာခဲ့တယ်။  ကမ်းဇော်ဆီကတော့ နှစ်စဉ်ပုံမှန် ထွက်တယ်။ ဒါပေမယ့် သုံးစွဲတဲ့သူက ပိုများ လာတယ်။  မြန်မာ ပြည်တစ်ပြည် လုံးမှာ ကမ်းဇော်ဆီ အတု များလာတယ်။ ကြိတ်ဖတ်တွေ ပြန်ပေါင်းပြီး ရောင်းတော့ အာနိသင်နည်း လာတယ်။ အစစ် မရတော့ နည်းနည်း နာမည် ပျက်လာတယ်။ အဲဒါ ကြောင့် ကမ်းဇော်ဆီ စစ်ဖို့ အရေးကြီး ပါ တယ်”ဟု ၎င်းက ပြောသည်။

ကမ်းဇော်ဆီကို ၀မ်းဗိုက် အတွင်း တွင် ဖြစ်ပေါ် တတ်သော ရောဂါများ၊ အဖု အကျိတ်များ၊ အစာအိမ်အနာ၊ ချောင်းဆိုး သွေးပါရောဂါများ၊ အပူလောင်အနာများ၊ မီးပူလောင်ခြင်းများ၊  ပန်းနာရင်ကျပ်၊ မီးယပ်ရောဂါ အမျိုးမျိုး၊  အစာမကြေ ပျို့အန် ခြင်း၊ အကြောရောဂါများ၊  နားအူခြင်း၊ နားအတွင်း အနာဖြစ်ခြင်း၊ နာတာရှည် လူနာ များ အိပ်ရာအပူလောင်နာဖြစ်ပေါ်ရန် အရေပြား နီမြန်းခြင်း စသည့်ရောဂါများ အတွက် အထူးသင့်လျော်သော ဆေးစွမ်းကောင်း တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။
“တနင်္သာရီတိုင်းမှာ အမျိုးသမီး တစ်ယောက် သားအိမ် ကင်ဆာဖြစ်တာ ခွဲ ခါနီးမှာ ကင်ဆာပြန့်နေလို့ မခွဲဘဲပြန် ပိတ်ခဲ့ ရတယ်။ ကမ်းဇော်ဆီကို သုံးတဲ့အခါမှာ ရောဂါပါ ပျောက်ပြီး ကလေးလည်း ပြန်မွေး  လို့ရသွားတဲ့ သာဓကတွေရှိပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကမ်းဇော်ပင်ကို တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြိတ်ခရိုင်နှင့် ဘုတ်ပြင်းမြို့နယ် အတွင်း၌သာ တွေ့ရပြီး  ကုန်းပေါ်တွင် ဖြစ်ထွန်းမှု နည်းပါးကြောင်း ဒေါ်ဝါ၀ါက ပြောသည်။
“ပင်လယ် ကမ်းစပ်တွေမှာ ၊ ရွှံ့နွံ အိုင်တွေမှာ အပေါက် အရောက် များတယ်။ သူ့ဘာသာသူ အလေ့ကျ ပေါက်တယ်။ ကုန်းပေါ်မှာ ပေါက်တာနည်းတယ်။ အချို့ စိုက်ပျိုးရေးခြံတွေမှာ ပေါက်နေတာတွေ ရှိတယ်။ စိုက်ပျိုးတာ မျိုးတော့ မရှိဘူး။ အခုတော့ မြိတ်က သစ်တော ဦးစီးဌာနက စိုက်မယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ကမ်းဇော်ဆီ၏ ရုက္ခဗေဒအမည်မှာ  ‘Bassia Longifolia Linn၊  မျိုးရင်းမှာ ‘Sapotaceae’ ဖြစ်ပြီး  မြန်မာ အမည်မှာ ကမ်းဇော် (ရေမယ်ဇယ် - ရေမည်စည်)၊ အင်္ဂလိပ် အမည်မှာ  ‘Mahua of Southern India’, ‘Mahua Tree’  ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကမ်းဇော်ပင်သည် ပုံမှန်အားဖြင့် ရွက်ပြတ်တောများတွင် ပေါက်ရောက်တတ်ပြီး အိန္ဒိယတွင် အပင်တစ်ပင်လျှင် ကမ်းဇော်ဆီ တန်ချိန် ၁၈၀,၀၀၀ ထွက်ရှိနိုင်ကြောင်း၊ အပင်၏  ပျမ်းမျှအမြင့် ပေ ၇၀ အထိ ရှိပြီး ရှစ်နှစ်သားမှ ၁၅ နှစ်သားအတွင်း အပင်အရွယ် ရောက်ကြောင်း၊ နှစ်ပေါင်း ၆၀ အထိ အသီးသီးကြောင်း၊ အိန္ဒိယနိုင်ငံ၏  ဒေသအများအပြားတွင် စိုက်ပျိုးကြကြောင်း နှင့် မည်သည့် မြေ အမျိုးအစားတွင် မဆို စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေး ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.svlele.com/mahuae.htm တွင် ဖော်ပြထားသည်။ မြိတ်မြို့ရှိ ကမ်းဇော်ပင်သည်  သုံးနှစ် တစ်ကြိမ် အသီးသီးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

မိုးမိုးသူ (The Farmer journal http://thefarmermedia.com )

တနင်္သာရီမှ မြန်မာ့သဘာဝငှက်သိုက်ကျွန်းများ (မြိတ်မြို့နှင့် အနီးတဝိုက်)


ဓာတ်ပုံသမား တစ်ယောက်ဖြစ်လာပြီး အချိန် တော်တော်ကြာတဲ့ အထိ တနင်္သာရီ ဒေသဘက် ဆီကို မရောက်ဖြစ်ခဲ့ ပါဘူး။ အခုတော့ ဓာတ်ပုံ အပေါင်းအသင်းတွေဖြစ်တဲ့ ကိုဗူးသီး၊ ကိုလင်းထွန်းတို့ရဲ့ ကောင်းမှုနဲ့ တနင်္သာရီ ဒေသကို သာမက မြန်မာ့သဘာဝ ငှက်သိုက်ကျွန်းများကိုပါ သွားရောက် ဓာတ်ပုံရိုက်ကူး ခွင့်ကြုံခဲ့ပါပြီ။ မူလက ၃၊ ၄ရက်လို့ စီစဉ်ထားတဲ့ ခရီးစဉ်ဟာ လက်တွေ့မှာ ၁ဝရက် ကျော်ကြာ သွားခဲ့ပါတယ်။ ဒါတောင်မှ နေရာတွေ၊ ငှက်သိုက်ကျွန်းတွေ မစုံလင်ခဲ့ပါဘူး။

ကျွန်တော်တို့ရဲ့ ခရီးစဉ်ဟာ ရန်ကုန်မြို့ကနေ မြန်မာ့လေကြောင်း နဲ့ မြိတ်မြို့ဆီကို စတင်ခဲ့ပါတယ်။ မြိတ်မြို့ကို ရောက်သွားချိန် မှာတော့ ပင်လယ်ပြင်ကို ထွက်ဖို့အတွက် ချက်ချင်း အဆင်မပြေနိုင် တာကြောင့် မြိတ်မြို့ ပေါ်မှာ ၂ရက်နေခဲ့ ရပါတယ်။ ပင်လယ်ပြင် ခရီးစဉ်က ကိုယ်သွားချင်တိုင်းချက်ချင်း သွားလို့ရတာမျိုး မဟုတ်ပါဘူး။  ရာသီဥတုနဲ့ လှိုင်း၊ လေတို့ အပေါ်မှာ မူတည် နေပါတယ်။ မြိတ်မြို့ဟာ ဖွံ့ဖြိုး တိုးတက်နေတဲ့ ဆိပ်ကမ်းမြို့ကြီး ဖြစ်ပြီး ဓာတ်ပုံကောင်းတွေ ရိုက်စရာ၊ လေ့လာစရာ အကြောင်းအရာ စုံလင်လှပါ တယ်။ မြိတ်ဒေသခံ တွေရဲ့ စကားသံက အရမ်းဝဲနေတာမို့ အစပိုင်းမှာ တော်တော်နဲ့ နားမလည်နိုင်ခဲ့ပါဘူး။ သူတို့ အချင်းချင်း ပြောနေကြရင်တော့ ဘာတစ်ခုမှ နားမလည်တော့ ပါဘူး။ မြိတ်ဒေသခံတွေရဲ့ လေသံနဲ့ စကားအသုံး အနှုန်းတစ်ချို့ ကလည်း ကျွန်တော်တို့ကြား နေကြစကား အသုံးအနှုန်းတွေနဲ့ ကွဲပြားနေပါ သေးတယ်။ မြိတ်မြို့ရဲ့ နာမည်ကြီး ဒေသအစားစာ ကတော့ မြိတ် ကတ်ကြေးကိုက်ပဲဖြစ်ပါ တယ်။ ပင်လယ်စာနဲ့ ဆို အကောင်းဆုံးပါပဲ။

မြိတ်မြို့ဆိပ်ကမ်းရဲ့ တစ်ဖက်ကမ်းမှာ 'ပထော်ပထက်'ကျွန်းကြီး တည်ရှိနေပါတယ်။ ပထော်ပထက် ကျွန်းပေါ်မှာတော့ 'အတုလရံသီ ရွှေသာလျောင်း' ဘုရားကြီးကို တည်ထားပါတယ်။ အလျား၁၁၄တောင်  ၂၁၆ ပေ) ရှိပါတယ်။ မြိတ်မြို့ဘက်ကို မျက်နှာမူပြီး တည်ထားတာကြောင့် မြိတ်ဆိပ်ကမ်းကနေ အတိုင်းသား ဖူးမြင်နေရ ပါတယ်။ မြိတ်မြို့ရဲ့ အမှတ် သင်္ကေတ လို့တောင် ဆိုနိုင်ပါတယ်။ ပထော်ပထက် ကျွန်းကြီးပေါ်မှာ ငါး၊ ပုဇွန်လုပ်ငန်းတွေ၊ အအေးခန်း စက်ရုံတွေလည်း ရှိပါတယ်။ မနက်စော စောပိုင်းနဲ့ ညနေခင်းတွေမှာဆိုရင် မြိတ်ဆိပ်ကမ်းမှာ အလုပ်သွားအလုပ်ပြန်ကြတဲ့ လုပ်သားတွေ ပျားပန်းခပ် လှုပ်ရှားသွားလာနေကြတာကို တွေ့ရပါ တယ်။

ငါးဖမ်းစက်လှေတွေ၊ ကုန်တင်ကုန်ချ စက်လှေ သင်္ဘောတွေ၊ အလုပ်သမားတွေ၊ ဈေးသည်တွေနဲ့ မြိတ်မြို့ ဆိပ်ကမ်းက စည်ကားသက်ဝင် လို့နေပါတယ်။ ဒါပေမယ့် အမြဲမပြတ်ကြား နေရမှာကတော့ ငှက်အော်သံ တွေပါပဲ။ တကယ့် သဘာဝ ငှက်အော်သံ တွေတော့ မဟုတ်ပါဘူး။ ငှက်သိုက် အိမ်တွေဆီ ကနေ ငှက်တွေ လာအောင် ဖွင့်ထားတဲ့ ငှက်ခေါ်သံတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝကျော်က မြိတ်ဆိပ်ကမ်းမှာရှိတဲ့ အိမ်တစ်အိမ်ကို ဇီဝဇိုးငှက် တွေလာပြီး အသိုက်ဖွဲ့ခဲ့ကြဖူး ပါတယ်။ ငှက်သိုက်က တန်ဖိုး ကြီးမားတာမို့ နောက်ပိုင်းမှာ လူတွေက ငှက်တွေလာအောင်၊ အသိုက်ဖွဲ့အောင် အိမ်ကို ဆောက်ပြီး ငှက်သံပေးကာ ငှက်ခေါ်ကြ ပါတယ်။

တိုက်လို အဆောက်အဦကြီးတွေကို ၃ထပ်၊ ၄ထပ် ဆောက်ထားပြီး လူမနေကြပါဘူး။ ငှက်တွေလာပြီး အသိုက်တွေ ဖွဲ့အောင်ပဲ အထူးတလည် စီမံထားကြပါတယ်။ ဒီလို ငှက်အိမ်တွေကို မြိတ်မြို့ ဆိပ်ကမ်းမှာ အများအပြား တွေ့ရပါတယ်။ နောက်ပြီး ကော့သောင်းမြို့ မှာလည်း တွေ့ခဲ့ရပါတယ်။ မြန်မာ့သဘာဝ ငှက်သိုက်ကျွန်း တွေကို စီမံကွပ်ကဲနေတဲ့ ပင်လယ်ပြင်ထဲက သဲဝါကျွန်းမှာတောင် ငှက်သိုက် အိမ်ဆောက်ဖို့ အတွက် အခုဆိုရင် စီစဉ်နေ ပါပြီ။

ပထော် ပထက်ကျွန်း တောင်ပေါ်က နေလှမ်းမြင်ရတဲ့ မြိတ်မြို့ ဆိပ်ကမ်းနဲ့ နေထွက်လာပုံ အလှအပတွေက လွမ်းလောက်စရာ ပါပဲ။ ဒီလို အလှအပကို မြင်ရ၊ ကြည့်ရ၊ ဓာတ်ပုံရိုက်ဖို့ အတွက်ကိုတော့ မနက်၅နာရီ မထိုးခင် ကတည်းက တောင်ပေါ်ကို ရောက်အောင် တက်ခဲ့ကြရ ပါတယ်။ အရုဏ် မလာခင်မှာတော့ လျှပ်စစ်မီးရောင်စုံ ထိန်ညီးနေတဲ့ မြိတ်မြို့အလှကို တစ်မျှော်တစ်ခေါ် လှမ်းမြင်နေရ ပါတယ်။ ဆိပ်ကမ်းမှာ သွားလာဆိုက် ကပ်ထားတဲ့ ငါးဖမ်း စက်လှေတွေက မရေမတွက်နိုင်၊ အဝေးဆီက စက်ရုံတွေမှာလည်း မီးခိုး တလူလူ တလွင့်လွင့်၊ မြိတ်မြို့ရဲ့ ကျက်သရေဆောင် 'လေးကျွန်းဆီမီး သိမ်တော်ကြီး 'စေတီတော် ကလည်း ရင်သပ် ရှုမောဖွယ် သပ္ပာယ်လွန်းလှ ပါတယ်။

တတိယမြောက်နေ့ နေ့လယ်မှာတော့ ငှက်သိုက်ကျွန်းတွေကို သွားဖို့ အဆင်ပြေသွား ပါတယ်။ ကျွန်တော်တို့ စက်လှေဟာ ပထော်ပထက် ကျွန်းမှာ ရေချိုဝယ် ဖြည့်ပြီးတော့ ပင်လယ်ပြင်ကို ထွက်ခဲ့ပါ တော့တယ်။ လမ်းခရီး တောက်လျှောက် မှာတော့ တနင်္သာရီ ဒေသရဲ့ ကမ်းလွန် ကျွန်းစုတွေကို တစ်ကျွန်းပြီး တစ်ကျွန်းတွေ့ မြင်ခဲ့ရ ပါတယ်။ (၅)နာရီလောက် စက်လှေ မောင်းပြီး ချိန်မှာတော့ စခန်းတစ်ထောက်ဖြစ်တဲ့ သဲဝါကျွန်းကို ရောက်ပါတယ်။ သဲဝါကျွန်း ကတော့ သစ်တော၊ သစ်ပင်တွေနဲ့ စိမ်းစိုနေတဲ့ ကျွန်းကြီး တစ်ခုပါ။ သဲဝါကျွန်းက ငှက်သိုက်ကျွန်း မဟုတ်ဘဲ ငှက်သိုက်ကျွန်း တွေကို စီမံခန့်ခွဲပေးရတဲ့၊ ရေနဲ့ ရိက္ခာ ထောက်ပံ့ပေးရတဲ့ အခြေစိုက် စခန်း ကျွန်းပဲဖြစ် ပါတယ်။

သဲဝါကျွန်းကနေ စက်လှေ ၁နာရီ မောင်းလိုက်ရင်တော့ အံ့သြ မကုန်နိုင်ဖွယ်ရာ မြန်မာ့သဘာဝ ငှက်သိုက်ကျွန်း တွေဆီကို ရောက်ပါပြီ။ တနင်္သာရီ ဒေသမှာ ငှက်သိုက် လုပ်ကိုင်နေတဲ့ ကျွန်းပေါင်း(၇ဝ) ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ငှက်သိုက်ကျွန်း တွေဆီ ကျွန်တော်တို့ ရောက်သွားတော့ မကြာသေးခင် ကပဲ ပြင်သစ်ရုပ်သံ အဖွဲ့တစ်ဖွဲ့ လာပြီးတော့ အစီအစဉ် တစ်ခုရိုက်ကူး သွားတယ်ဆိုတာ သိရပါတယ်။

ငှက်သိုက်ကျွန်းတွေက ကျောက်ဆောင်၊ ကျောက်စွန်း၊ ကျောက်ချွန်တွေ အပြည့်နဲ့ပါ။ လုံးဝ ကျောက်သား အပြည့်နဲ့ ကျောက်ဆောင် ကျွန်းကြီးတွေပါ။ အပင်ကြီးတွေ လုံးဝ မပေါက်ရောက်နိုင် သလောက်ပါပဲ။ ကျွန်တော်တို့ ရောက်သွားတဲ့ ရက်တွေမှာ ကောင်းကင်ကလည်း တိမ်ကင်း စင်နေပါတယ်။ ပင်လယ် အတွင်းက ကျွန်းတွေချည်းပဲ ရိုက်ယူရင် ဘယ်လိုမှ စိတ်ဝင်စားဖွယ် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ငှက်သိုက်ကျွန်း လုပ်သား တွေ၊ စက်လှေမောင်းလို့ ဖြစ်လာတဲ့ လှိုင်းဂယက်တွေနဲ့ စိတ်ဝင်စားဖွယ်ဖြစ် အောင် ကြိုးစားရိုက်ယူခဲ့ ပါတယ်။

ငှက်သိုက်ကျွန်း လုပ်သားတွေရဲ့ အဆောက်အဦ ဆောက်လုပ် ထားပုံ ကလည်း မယုံနိုင်စရာ ပါပဲ။ မတ်စောက် နေတဲ့ ကျောက်သားနံရံ တွေကို သစ်သားဒေါက်တွေ ထောက်ထားပြီး အပေါ်ကနေ အဆောက်အဦကို ဆောက်ထား ပါတယ်။ ပြီးတော့မှ ကြိုးတွေနဲ့ ဆွဲပြီး ကျားကန်ထား ပါတယ်။ အဆောက်အဦးတွေ အတွက် သံတစ်ချက်မှ သုံးမထားပါဘူး။ စက်လှေပေါ် ကနေ အဆောက်အဦး တွေဆီ ရောက်အောင် ကြိုးလှေခါးတွေ၊ ကြိုးတွေနဲ့ တွယ်တက် ရပါတယ်။ ကျွန်တော်တို့ အတွက်ကတော့ ကြိုးလှေခါးကို တွယ်ပြီး တက်ရတာတောင် ကင်မရာ အိတ်တွေနဲ့ ဆိုတော့ မလွယ်ကူ လှပါဘူး။

ငှက်သိုက်ကျွန်းပေါ်ကို ရောက်သွားချိန် မှာတော့ ကျွန်းက ကျောက်ချွန်၊ ကျောက်လှံတွေ အပြည့်ပါပဲ။ ကျောက်သား တွေက ထိကြည့်၊ တီးကြည့်လိုက်ရင် သံတွေလိုပဲ တချွင်ချွင် အသံမြည်ပြီး ဓားသွားတွေလို ထက်မြ နေပါတယ်။ လုံးဝကိုထိခိုက်မိလို့ မရပါဘူး။ ထိမိ၊ ခိုက်မိခဲ့ရင်တော့ ဓားနဲ့ခွဲလိုက်သလို အသားတွေ ကွဲပြဲကုန် မှာပါ။ ဒါပေမယ့် ငှက်သိုက်ကျွန်းက လုပ်သား တွေကတော့ အလေ့အကျင့် ဖြစ်နေကြပါပြီ။ ကျောက်ချွန်၊ ကျောက်စွန်း တွေပေါ်မှာ ကျင်ကျင် လည်လည်နဲ့ လျင်လျင်မြန်မြန် သွားလာ နိုင်ကြပါတယ်။ တချို့ဆိုရင် အကာအကွယ် ကြက်ပေါင်ဖိနပ်တောင် မစီးဘဲ သွားလာကြ ပါတယ်။

ငှက်သိုက်ကျွန်းရဲ့ အပေါ်ဆုံးကနေ မြင်နေရတဲ့ ငှက်သိုက် စခန်း တဲအိမ်လေးတွေ၊ ပင်လယ် ရေပြင်ပြာပြာနဲ့ ကျွန်းလေးတွေ ကတော့ သာယာ လှပနေ ပါတယ်။ ခက်ခက်ခဲခဲ စိုက်ထားရတဲ့ တရုတ်စကား ပန်းပင်လေး တွေ ကလည်း ပွင့်ဝေနေကြ ပါပြီ။ သဘာဝ တရားကလည်း ကြမ်းတမ်း ခက်ထန်မှု နဲ့ နူးညံ့သိမ်မွေ့မှု၊ အန္တရာယ်နဲ့ အလှအပတရား တို့ကို လိုက်ဖက် ညီအောင် ပေါင်းစပ်ပေး ထားသလို ပါပဲ။ ကျောက်စွန်၊ ကျောက်ချွန်း တွေရဲ့ထိပ်မှာ ရပ်နေ တဲ့ ငှက်သိုက် ကျွန်းလုပ်သားတွေ၊ ခက်ခက်ခဲခဲ သွားလာကြရပုံတွေနဲ့ သဘာဝတရားရဲ့ အလှအပ တွေကို တွဲဖက် ရိုက်ယူနေမိ ပါတယ်။

ငှက်သိုက်တွေရဲ့ သဘာဝ အနေအထားနဲ့ ခက်ခဲစွာ ခူးဆွတ်ကြရ ပုံကို လေ့လာနိုင်ဖို့ အတွက် အလွယ်ဆုံး သွားလို့ရမယ့် နေရာကို လိုက်ပြပေးကြ ပါတယ်။ စခန်းကနေ ကျောက်ဆောင်၊ ကျောက်စွန်းတွေကို ခက်ခက်ခဲခဲ တွယ်တက်ပြီး တွင်းဝထိပ်ဆီကို ရောက်အောင် သွားကြရပါတယ်။ တွင်းဝထိပ်က ငုံ့ ကြည့်လိုက်တော့ တွင်းက ရေတွင်းလို မတ်စောက် နေပါတယ်။ အတွေ့အကြုံ အတော်အသင့် ရှိတဲ့ ကျွန်တော်တောင် တော်တော်လေး ခက်ခက်ခဲခဲ တွယ်ဆင်းခဲ့ ရပါတယ်။

တွင်းရဲ့ အောက်ခြေမှာတော့ လိုဏ်ဂူအကြီးကြီး ရှိနေပါတယ်။ လိုဏ်ဂူကြီးရဲ့ အောက်ခြေ ကတော့ ပင်လယ်ကြမ်းပြင် တိုင်အောင် ရောက်ပါတယ်။ အပေါ်ကနေ အောက်ခြေက ပင်လယ် ရေပြင် စိမ်းလဲ့လဲ့ကို လှမ်းမြင် နေရပါတယ်။ ဂူနံရံ၊ အက်ကြောင်းတွေ အတွင်း မှာတော့ သဘာဝ ငှက်သိုက်တွေ ရှိပါတယ်။ ဇီဝဇိုး ငှက်လေးတွေ အသိုက်ပြုလုပ်ပုံ သဘာဝကို စောင့်ကြည့် လေ့လာနိုင် ပါတယ်။ လိုဏ်ဂူ တွင်းမှာတော့ သာမိုမီတာတွေ တပ်ဆင်ထားရှိပြီး နေ့စဉ် အပူချိန်ကို မှတ်တမ်းထား ရှိကြပါတယ်။ ရာသီဥတု အပြောင်းအလဲ နဲ့ ငှက်တွေ စိတ်ကြိုက် အပူချိန်ကို သိနိုင်ဖို့ပါပဲ။

တွင်းထဲကနေ လိုဏ်ဂူထဲကို ဆင်းပြီး ငှက်သိုက် ခူးယူပုံတွေကို လေ့လာနိုင်ဖို့၊ မှတ်တမ်းတင်နိုင်ဖို့ အတွက် သရုပ်ပြပေး ပါတယ်။ ငှက်သိုက် တွေကို ခူးမယ့်သူက သူကိုယ်ခန္ဓာကို ကြိုးနဲ့သိုင်း ထားရပါတယ်။ အဲဒီကြိုးကို အဖော် တစ်ယောက်က ထိန်းထားပေးပြီး လိုအပ်သလို အတိုး အလျှော့ လုပ်ပေး ရပါတယ်။ ငှက်သိုက ခူးမယ့်သူက ဂူနံရံမှာ တွယ်ထားတဲ့ကြိုး၊ ဒါမှမဟုတ် ဝါးငြမ်းတွေကို အားပြု တွယ်ဆင်းလိုက် တွယ်တက်လိုက်နဲ့ ငှက်သိုက် တွေကို ခူးရပါတယ်။ လုပ်ငန်းခွင်မှာတော့ ပိုပြီး ကျွမ်းကျင်သူက ငှက်သိုက်တွေကို ခူးတဲ့ တာဝန်ယူပြီး အဖော် တစ်ယောက်၊ တစ်ခါတလေ နှစ်ယောက်က ကြိုးထိန်းတာဝန်ကို ယူရပါတယ်။ ငှက်သိုက် ခူးသူနဲ့ ကြိုးထိန်း သူတွေဟာ အပေးအယူ မျှဖို့၊ နားလည်မှုရှိဖို့ အဓိက လိုအပ်ပါတယ်။ ငှက်သိုက်ခူးသူက အသက် နဲ့ အလဲအထပ် လုပ်ပြီး ခူးရတာမို့ပါ။

ငှက်သိုက်တွေကို တစ်နှစ်မှာ ၄ကြိမ်ခူးကြ ပါတယ်။ ငှက်ကလေးတွေ သားပေါက်ပြီး အရွယ်ရောက်လာမှ အသိုက်တွေကို ခူးကြတယ်လို့ သိရ ပါတယ်။ ဇီဝဇိုးငှက်လေး တွေက ဥ ဥပြီး သားပေါက်ဖို့ အတွက် အသိုက်တွေ ကို ဆောက်ကြ တာပါ။ လူတွေက ဥ၊ မဥခင် အသိုက်ကို ခူးယူလိုက်ရင် ဇီဝဇိုး ငှက်လေးတွေက ဥ ဥနိုင်ဖို့ အတွက် အသိုက်တွေကို အချိန်မီ အမြန်ပြန်ပြီး ဆောက်လုပ် ရကြပြန် ပါတယ်။ အဲဒီအခါမှာ အသိုက် အတွက် အန်ထုတ်ရ လွန်းလို့ သွေးတွေတောင် ပါလာတယ်လို့ သိရပါတယ်။ ဒါကိုကြည့်ပြီး မိဘ မေတ္တာရဲ့ အတိမ်အနက်ကို ခန့်မှန်းလို့ ရပါတယ်။

ကမ်းလွန် ပင်လယ်ပြင်ရှိ ကျွန်းတွေထဲက သဘာဝ ငှက်သိုက် တွေနဲ့ မြို့ပေါ်က ငှက်ခေါ်ပြီးမွေးတဲ့ ငှက်သိုက် တွေဟာ တန်ဖိုး အားဖြင့်ရော အနှစ်သာရ အားဖြင့်ရော ကွဲပြား ခြားနားတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ ငှက်တွေကျင်လည် နေထိုင်ကြတဲ့ ပတ်ဝန်းကျင် အနေ အထား၊ စားသောက်ကြတဲ့ အစားအစာတွေနဲ့ ရာသီဥတု အခြေအနေ တွေ ကြောင့်လို့ ဆိုပါတယ်။

နောက်တစ်ရက် ဒီရေကျ သွားချိန်မှာတော့ မြန်မာသဘာဝ ငှက်သိုက် အခြား ကျွန်းတွေနဲ့ လိုဏ်ဂူကြီးကို ပို့ပေးကြ ပါတယ်။ ကျွန်တော်တို့ တတွေ ကျောက်ဆောင်၊ ကျောက်တုံးကြီးတွေလို့ ထင်ထားခဲ့တဲ့ ကျွန်းကြီး တွေရဲ့ အောက်မှာ သဘာဝ လိုဏ်ဂူကြီးတွေ ရှိနေ ပါတယ်။ ပင်လယ်ဒီရေ အကျဆုံး အချိန်ကို ရောက်သွားမှ ပင်လယ် ရေအောက်မှာ မြုပ်နေတဲ့ လှိုဏ်ဂူ ဝင်ပေါက်က ပေါ်လာပါတယ်။ ဝင်ပေါက် ကျဉ်းကျဉ်းလေးကနေ စက်လှေ ငယ်လေးနဲ့ တိုးဝင် လိုက်ချိန်မှာတော့ အလွန်ကြီးတဲ့ လှိုဏ်ဂူကြီးတွေကို တအံ့တသြ တွေ့ရတော့တာ ပါပဲ။ ဂူနံရံတွေမှာ ဝါးငြမ်းတွေ ဆင်ထားကြပုံ၊ ကြိုးတွေ သွယ်ထားကြပုံ ကလည်း အသည်းယားဖွယ် အတိပါပဲ။ ငှက်သိုက် တွေကလည်း မရေမတွက် နိုင်အောင်ပါပဲ။ ဒါပေမယ့် ငှက်သိုက်ကျွန်းနဲ့ လုပ်သားတွေကတော့ ငှက်သိုက် အရေအတွက်ကို စာရင်း ကောက်ပြီး မှတ်တမ်း တင်ထားပြီးပါပြီ။

ငှက်သိုက်ကျွန်းတွေရဲ့ ပတ်ပတ်လည်နဲ့ တောင်တွေ ပေါ်မှာတော့ လုံခြုံရေး ဝန်ထမ်းတွေ ရှိနေကြပါတယ်။ သူတို့ တတွေက မြန်မာ့ သဘာဝငှက် သိုက်တွေကို ခိုးယူ မခံရ လေအောင် နေ့ညမပြတ် စောင့်ကြည့် နေပါတယ်။ ပင်လယ်ပြင်ကြီး ထဲက ကျွန်းတွေ ပေါ်မှာ ရက်ရှည်လများ ခက်ခဲကြမ်းတမ်း စွာ ယောင်္ကျားလေး တွေချည်းပဲ နေထိုင်ကြရတဲ့ သူတို့ဘဝတွေ ကလည်း စိတ်ဝင်စားစရာ တွေပါပဲ။ အများစု ကတော့ ကိုယ်ကိုးကွယ် ယုံကြည်တဲ့ ဘာသာ တရားကို အလေးအမြတ်ပြု ကြပါတယ်။ ဥပမာ စခန်း ကင်းတဲရဲ့ အမြင့်ဆုံး နေရာ တွေမှာ လက်ဝါးကပ် တိုင်တွေကို စိုက်ထူထား တာမျိုး၊ ဘုရားစင်ကို မွန်မွန်မြတ်မြတ် ထားကြ တာမျိုး အစ ရှိသည့်ဖြင့်ပေါ့။
မြန်မာ့ သဘာဝ ငှက်သိုက်ကျွန်း တွေဟာ ပုံသဏ္ဌာန်နဲ့ အရွယ် အစားတွေ ကွဲပြား ခြားနားကြ ပါတယ်။ တချို့ကျွန်းတွေက အရွယ် အစား ကြီးမားပြီး တချို့ ကျွန်းတွေ ကတော့ ကျောက်ဆောင်၊ ကျောက်စွန်း လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အားလုံး နီးပါးက ကျောက်သား အပြည့်နဲ့ ကျောက်တောင် ကျွန်းတွေဖြစ်ပြီး ကျွန်းပေါ်ကို တက်ဖို့နဲ့၊ သွားလာဖို့ ခက်ခဲကြပါတယ်။ ကျွန်း တွေရဲ့ အမည်တွေ ကလည်း မြေပုံထဲမှာ ဖော်ပြထားတာနဲ့ ဒေသခံတွေရဲ့ အခေါ်တွေ တစ်ခါတစ်ရံကွဲပြား နေတတ်ကြပါသေးတယ်။ ကျွန်းတွေရဲ့ အနီးဝန်းကျင်မှာတော့ ရေပြင်က ကြည်လင်စိမ်းလဲ့ နေပါတယ်။ ရေအောက်ကြမ်း ပြင်ထိ အောင်မြင် နေရပါတယ်။ (ဆက်လက်ဖေါ်ပြပါမည်)

By: ကျော်ကျော်ဝင်း(MPS)
http://shumanyee.com/2011may/myanmars/tanintharyi.html တွင် ရေးသားထားသော ဆောင်းပါးအား ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။


 

အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပြီလေ လငန်းကျွန်းကလေး

ဆလုံလူမျိုးများ အများစုနေထိုင်တဲ့ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်က ရေပတ်လည်ဝိုင်းနေသော လငန်းကျွန်းကလေး။ ရေငုပ် အလွန် ကျွမ်းကျင်တဲ့ အဲဒီ ဆလုံလူမျိုးတွေဟာ အရင်က နတ်ကိုးကွယ်ပါတယ်။ မြိတ်မြို့၊ ရတနာဗောဓိ ဆရာရဲ့ဆက်သွယ်ပေးမှုနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးနန္ဒ၀ံသ (ထားဝယ်) ရောက်ရှိပြီးနောက်ပိုင်း တကျွန်းလုံးက ဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ်ခဲ့ပါတယ်။ အခုဆိုရင် ထေရ၀ါဒကျောင်းလေး တည်တည်တံ့တံ့ဖြစ်ပေါ်နေပါပြီ။
(အရင်က အ၀တ်မ၀တ်တဲ့ ဆလုံလူမျိုးတွေလဲ အ၀တ်အစားလေးနဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေပါပြီ။)
ကျွန်းကလေးမှာ စာသင်ကျောင်းဖြစ်ပေါ်လာဖို့ အထက်ကို စာတင်လို့ အခုဆိုရင် မူလတန်းကျောင်းလေးလဲ ရှိနေပါပြီ။ ကျန်းမာရေးမှူးလဲ ရှိနေပါပြီ။ မြန်မာတွေလဲ အရောက်အပေါက်ရှိလာတော့ မြန်မာများနဲ့ အိမ်ထောင်ကျတဲ့ ဆလုံမလေးများလဲ မြိတ်မြို့ကို ပြောင်းသူပြောင်းနဲ့ အတော်ကို စည်ပင်နေပါပြီ။ မြန်မာရေတပ်ကနေ ဦးစီးပြီး ကထိန်သင်္ကန်းကပ်ပွဲများကိုလဲ နှစ်စဉ်ပြုလုပ်ကျင်းပလျှက် ရှိပါတယ်။
အဲဒီကျွန်းလေးကို မြိတ်မြို့ကနေ သွားမယ်ဆိုရင် လှေခရီး တနေ့နဲ့ တညအိပ်စီးရပါ့မယ်။ ကမ္ဘာ့ရေကြောင်းနဲ့အစပ်၊ မြန်မာရေပိုင်နက်အဆုံးနားမှာ ရှိပါတယ်။ တခါတရံ ကမ္ဘာ့ရေကြောင်းမှာ ဆိုက်ကပ်ထားတဲ့ ကမ္ဘာ့လှည့်အပျော်စီးသင်္ဘောကြီးတွေကနေပြီး ရွက်လှေလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားများ အလည်လာပြီး ကျွန်းသူ၊ကျွန်းသားများ အတွက် ကျန်းမာရေး ပညာရေးအတွက် အလှူငွေများ လှူဒါန်းသွားတတ်ပါတယ်။ အရင်က ပြည်မနဲ့ ဝေးခဲ့ကြတဲ့ ဆလုံလူမျိုးများမှာ အခုဆိုရင် ဘွဲ့ရသမီးပျိုတောင် ပိုင်ဆိုင်လို့ ကိုယ်နယ်မြေ ကိုယ့်ဒေသကို ပြန်လည်အကျိုးပြုနေသူများ ဖြစ်နေပါပြီ။

ဒီစာလေးရေးနေရင်း သူပြောခဲ့ဖူးတာလေး ပြန်သတိရလာတယ်။

'' တခါတလေဆိုကွာ ဗုဒ္ဓဘာသာရယ်လို့လဲ ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ ပျင်းစရာလဲကောင်း၊ ကျွန်းပေါ်ကတောင် ခုန်ချချင်လာတယ်'' ဆိုပဲ့။ အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပါပကောလား။

အနေအစားချို့တဲ့စွာ လူသူမနီး ဝေးလံခေါင်ဖျားနယ်စပ်ကျွန်းကလေးမှာ သာသနာပြုနေရှာတဲ့သူငယ်ချင်းကို ဒီမစို့မပို့ စာတိုလေးနဲ့ ဂုဏ်ပြုရခြင်းရယ်ပါ။





Ref by ; Daweian Monk FB

Friday, March 8, 2013

တနင်္သာရီတိုင်းဒေသကြီး အတွင်းက နယ်စပ် ထွက်ပေါက် (သို့) ကုန်သွယ်မှု ပမာဏ တိုးမြှင့်ပေးမည့် မောတောင်ဒေသ


ယခင်က ငြိမ်းချမ်းမှု မရှိ၍   ဤဒေသသို့ သွားလာရန် ခက်လှသည်။ ယခု ဒေသ ငြိမ်းချမ်းပြီး ဒေသခံ ပြည်သူတို့ စီးပွားရေး အခွင့် အလမ်း၊ လူနေမှု အဆင့် အတန်း ကို မြှင့်တင် နိုင်အောင် ဆောင်ရွက် နိုင်တော့မည် ဖြစ်ရာ မြိတ်မြို့မှ မောတောင် ဒေသသို့ ဥဒဟို ၀င်ထွက် သွားလာ နိုင်တော့မည် ဖြစ်သည်။ နယ်မြေ အေးချမ်း လာသည်နှင့် အမျှ လမ်းပန်း ဆက်သွယ်ရေးများ တိုးတက် ကောင်းမွန် လာခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် လက တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် အတူ မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်းကို သွားရောက် ကြည့်ရှု ခဲ့ကြသည်။

 မောတောင် အစည်းအဝေး ခန်းမတွင် ၀န်ကြီးချုပ်က မောတောင်တွင် နယ်စပ် ကုန်သွယ်ရေးဂိတ် ဖွင့်လှစ် သွားမည်  ဖြစ်ကြောင်း၊ ယခင်က လုံခြုံရေးအရ သွားလာရေး မလွယ်ကူ ခဲ့သည့်အတွက် အုပ်ချုပ်မှုကို ဌာန ဆိုင်ရာများ မလုပ်နိုင်ခဲ့ကြောင်း၊ ယခုအခါ ငြိမ်းချမ်း လာပြီ ဖြစ်၍ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ စတင် လိုက်ပါက မမျှော်မှန်း နိုင်လောက်အောင် ဖွံဖြိုး လာမည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားများ ၀င်ရောက်လာပြီး ခရီးသွား လုပ်ငန်းများလည်း ဖွံဖြိုး လာမည် ဖြစ်ကြောင်း၊ တဖက် နိုင်ငံတွင် အုပ်ချုပ်မှု ကောင်းမွန် သကဲ့သို့ မိမိ နိုင်ငံဘက် မောတောင် ဒေသတွင်လည်း အုပ်ချုပ်မှု ကောင်းမွန် လာမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရကို တင်ပြပြီး ခွင့်ပြုချက် ရသည်နှင့် နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများ အနေဖြင့် လိုအပ်သော အချက် အလက် များကို မြေပြင်တွင် လိုက်လံ ကြည့်ရှုပြီး ပြန်လည် တင်ပြ ကြရန် ဖြစ်ကြောင်း၊ ဒေသ ဖွံ့ဖြိုးရေး အတွက် ၀ိုင်းဝန်း ဆောင်ရွက် ကြရန် ဖြစ်ကြောင်း၊ ရေထွက် ပစ္စည်း များလည်း တင်ပို့မှု များပြားနိုင် သဖြင့် လိုအပ်ချက် များကို စစ်ဆေး တင်ပြရန် ဖြစ်ကြောင်း မှာကြား ခဲ့သည်။

ထို့နောက် ၀န်ကြီးချုပ်သည် မောတောင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ရုံးသို့ သွားရောက်၍ ဒေသခံများ၊ ၀န်ထမ်းများနှင့် တွေ့ဆုံသည်။ ဒေသခံများ၏ လိုအပ်ချက် များ ကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ စာကြည့်တိုက်၊ အမျိုးသမီး ရေးရာ အဆောက် အအုံ များ ဆောက်လုပ်ရေး အတွက် အလှူငွေများ ရရှိအောင် ဆက်စပ် ပေးခြင်း၊ စာကြည့်တိုက်တွင် စာအုပ် စာတမ်းများ လှူဒါန်းခြင်း ပြုသည်။ ဒေသခံ များ၏ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးရုံသာမက တရား ဥပဒေ စိုးမိုးရေး၊ နယ်မြေ ဒေသ လုံခြုံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအလိုက် လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ကြရန်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် စေရေး အတွက် မြိတ်- မောတောင် ဒေသ မော်တော် ကားလမ်း ပြုပြင် နေသည်ကို တွေ့မြင်ရသည်။

တနင်္သာရီ တိုင်းဒေသကြီး အတွင်း သာမက ဧရာဝတီ တိုင်းဒေသကြီး အတွင်း မှာပါ အထွေထွေ ကုန်ပစ္စည်း တင်ပို့ခြင်း၊ တင်သွင်းခြင်း ဆောင်ရွက် နိုင်ရုံ သာမက နယ်မြေ လုံခြုံရေး ကောင်းမွန် လာသည်နှင့် အမျှ ခရီးသွား လုပ်ငန်းပါ အောင်မြင် လာမည်ဖြစ်၍ မဖွံ့ဖြိုး နိုင်ခဲ့သော တောကြို အုံကြား ဒေသ တစ်ခု တစ်ဖွယ် ထင်မြင် ခဲ့ကြသော မောတောင် ဒေသသည် မကြာမီ ဖွံ့ဖြိုး လာပေတော့မည်။ ရေမီး အပြည့် အစုံ ရရှိရေး စီမံ ထားရှိ၍ မကြာမီ ထိန်ထိန်ညီး နေသော လျှပ်စစ် မီးရောင် အောက်တွင် မောတောင် တစ်ခွင်လုံး လင်းလက် တောက်ပ နေတော့မည်။

ညဘက်၌ တပို့တွဲ လဆန်း 10 ရက်၊ 11 ရက်  ကာလများ ဖြစ်၍ မောတောင် တစ်ခွင်လုံး လရောင် ဆမ်း နေသည်ကို သတိ ပြုမိ သည်။  တောကြီး တောင်ကြီး ဒေသ ဖြစ်သဖြင့် တောင်အငွေ့၊ နှင်းငွေ့၊ မိုးငွေ့လေးများ မှုန်မှုန် ရစ်သန်း နေပြီး ပတ်ဝန်းကျင် လရောင်တွင် အအေး ဓါတ်ဖြင့် လွှမ်းခြုံ၍ နေသည်။ ပရစ် အော်သံ များကြားတွင် ရံခါ ညဥ့်ငှက် ကလေးများ၏ ပျံသန်း အော်မြည်သံ ကိုလည်း ဂရုပြုမိ သည်။ အေးချမ်း သာယာခြင်း၏ အရသာကို ကြည်ကြည်နူးနူး ခံစား လိုက်ရသည်။ ဒေသ အေးချမ်းခြင်းနှင့် အတူ မကြာမီ အချိန်အတွင်း အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက် လာတော့မည့် မောတောင် ဒေသ၏ မြို့ပြ အခြေ အနေကို မြော်တွေး မှန်းဆ နေမိ ပါတော့သည်။  

စာရေးသူ - ညွန့်ဝေမောင် (ငါးလုပ်ငန်း )
 (၄-၃-၂၀၁၃) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကူးယူ ဖော်ပြပါသည်။