Friday, May 9, 2014

မြို့သာယာ လှပ ရေးနှင့် သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှု မရှိ စေရေး မြိတ် ကမ်းနား တွင် စည်းကမ်း မဲ့အမှိုက် စွန့်ပစ် ခြင်းကို ကြပ်မတ် ဆောင်ရွက် ပေးရန် လိုအပ်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်းတစ်လျှောက်တွင် အမှိုက်များ စည်းကမ်း မဲ့ စွန့်ပစ်နေကြခြင်းကြောင့် မြို့ဆိပ်ကမ်း သာယာလှပရေးတွင် အလွန်အရုပ်ဆိုး အကျည်းတန်လျက် ရှိသည်။

မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြိတ်မြို့ ကမ်းနားလမ်းတစ်လျှောက် လူစည်ကားရာ နေရာများတွင် ''စည်းကမ်းမဲ့ အမှိုက်မပစ်ရ၊ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်''ဟူသော ဆိုင်းဘုတ်များ စိုက်ထူ ကြော်ငြာ ထားသော်လည်း စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်နေကြကြောင်း သိရသည်။ မြိတ်မြို့သည် ပင်လယ် ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သည်နှင့် အညီ ပင်လယ်ရေ တက်ချိန်တွင် အလွန်သာယာ လှပသောမြို့ ဖြစ်သော် လည်း ပင်လယ်ရေ ကျချိန် များတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်သရိုက် များကြောင့် မြို့၏ ဂုဏ် ကျက်သရေ ညှိုးနွမ်းမှုဖြစ်ပေါ်ခြင်း ၊ ရေထု ညစ်ညမ်းမှု ဖြစ်လာပြီး နုန်းတင်မှု များကြောင့် ပြည်တွင်း၊ ပြည်ပ ကုန်တင်သင်္ဘောကြီးများ ဝင်ထွက် သွားလာရန် အခက်အခဲများ ရှိလာခြင်းနှင့် ဆိပ်ကမ်းသာယာ လှပရေးကို ထိခိုက်ခြင်းများ ရှိလာကြောင်း ဆိပ်ကမ်း တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

ထို့ပြင် မြိတ်မြို့သည် နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်မှု များပြားသည့် မြို့တော်ဖြစ်သည့် အပြင် အဆိုပါအမှိုက်များကြောင့် ခရီးသည်တင် စက်တပ်လှေငယ် များ၏ ပန်ကာများတွင် အမှိုက်များ ရစ်ပတ်ကာ တိမ်းမှောက်မှုများ ဖြစ်ပွားနိုင်ခြင်း၊ ပင်လယ်ရေနေ သတ္တဝါများ မျိုးသုဉ်းပျောက်ကွယ် မှုများ ဖြစ် ပေါ်လာခြင်းများ ရှိနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် ပြောကြား သည်။ ထို့ပြင် မြိတ်ကမ်းနား လမ်းတစ်လျှောက် သင့်လျော်သော နေရာများတွင် ကွန်တိန်နာ ကဲ့သို့ အမှိုက် ကန်ကြီးများ၊ အမှိုက်ပုံးများ ထားရှိပေးကာ အမှိုက်များစနစ်တကျ စွန့်ပစ်ခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူ များက ကြပ်မတ် စစ်ဆေး ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ သတင်းစာ (မေ-၇ ရက်နေ့)

0 comments: