Saturday, August 24, 2013

ရောင်စုံပန်းတို့ ပွင့်လန်းရာမြေ - တနင်္သာရီ



ပန်းတို့ ပွင့်လန်းရာမြေ၊ သံပရာပင်ပေါတဲ့မြေ၊ ရွှေပေါရာမြေ၊ ကျက်သရေရှိသောမြို့၊ ဥယျာဉ်များနှင့် မြို့လို့ ဘာသာ စကားတွေကို အခြေခံပြီး တနင်္သာရီရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုး ဖွင့်ဆိုကြတယ်၊ တနင်္သာရီ ချောင်းကြီးနဲ့ ချောင်းငယ်ဆုံရာ အရပ်၊ တောင်တွေ ၀န်းရံနေ ပြီး မြေပြန့် အနည်းငယ်သာရှိတဲ့ အရပ်မှာ မြို့တည်ထားတယ်၊ မြို့တည်ရာမှာ ရေကို မထိန်းချုပ်နိုင်လို့ မအောင်သာလို့အမည်ရတဲ့ အမျိုးသမီးကို စတေးခဲ့တယ်လို့ဆိုတယ်၊ ကျေးဇူးရှင်ဖြစ်လို့ နတ်အဖြစ် ကိုးကွယ်ခဲ့တယ်၊ မြို့ဟောင်းရဲ့ အလယ် တည့်တည့်လောက်မှာ ကျောက်တိုင် စိုက် ပြီး အထိန်း အမှတ်လုပ် ထားတယ်၊ သစ်သီးစုံတဲ့ အချိန်မှာ ပူဇော်ပွဲ( နတ်ပွဲ ) လုပ်တယ်၊

``




တနင်္သာရီမြို့ကို  ဧကဒယ်ရာဇာက သက္ကရာဇ် ( ၆၃၅ ) - ခရစ်နှစ် ၁၂၇၃ ၊ မှာတည်တယ်လို့ပြောတယ်၊ စဉ်းစားစရာတွေက ပုဂံခေတ် နရပတိစည်သူမင်း လက်ထက် ခရစ်နှစ် ၁၁၉၆ မှာရေးထိုးတဲ့ ကျောက်စာမှာ တောင်ဘက်ပိုင်နက်က ထားဝယ်၊ စညွှတ်၊ သင်ပုတ်၊ တနသာရေ၊ လင်ကွာ၊ သလ္လင်ကြေလို့ ဆိုတယ်၊ တနင်္သာရီမြို့ မတည်ခင် နှစ်တစ်ရာလောက် ကတည်းက ပုဂံက တနင်္သာရီကို သိနေတယ်၊

ဒါ့အပြင် ဗမာ မှတ်တမ်းတွေမှာ ပျူခေတ် ကတည်းက တနင်္သာရီပျူ ( မြို့တော်ထားဝယ် ) လို့ ဖော်ပြတယ်၊ အခုအချိန် တိုင်အောင် တနင်္သာရီတိုင်းဒေသကြီး ( မြို့တော်ထားဝယ် ) လို့ သတ်မှတ်ထားတာလည်း စိတ်ဝင် စားစရာကောင်း ပါတယ်။ ၁၈၂၄ခုနှစ်မှာလည်း အင်္ဂလိပ်တို့ တနင်္သာရီနဲ့ ရခိုင်ကိုရတယ်၊ ဒီမှာလည်း တနင်္သာရီ ဒေသဆိုပြီး ယခုတနင်္သာရီ၊ မွန်၊ ကရင်ဒေသတွေကို ဖွဲ့စည်း အုပ်ချုပ်ခဲ့တယ်။

ဦးကြီးစိန်ရေးတဲ့ တနင်္သာရီ သမိုင်းမှာလည်း တနင်္သာရီမြို့ မတည်မီ ကျမိုင်းမြို့၊ ကော့ဘိန်း ( ရမ္မာဝတီ )တို့ကို မွန်ပြည်နယ်ထဲမှာ တည်တယ်၊ ဒီကမှ အခု ကံမော်ကျွန်းမှာ ကြက္ကလင်းမြို့၊ ပြီးရင် ပ၀ကျေးရွာ ( အုန်းပင်ကွင်း) မှာ ထောင့်ကွယ်မြို့၊ ပြီးရင် မော်တုံးကျေးရွာမှာ ဘန်ရှောင်မြို့၊ ဒီကမှ သိန္နော အထက်နားမှာ မော်စွန်းကြီးမြို့၊ ပြီးရင် အောင်သာဝရမြို့တို့ကို အဆင့်ဆင့်တည်ကြောင်း ဖော်ပြတယ်၊

ခရစ်နှစ် ၁၂၇၃ မှာ တနင်္သာရီမြို့ တည်တယ်ဆိုတာ ကျွန်တော်အနေနဲ့ သိပ်သဘောမကျပါဘူး၊ ဒီထက် စောမယ် လို့ထင်တယ်၊ တွေ့ရတဲ့ အထောက် အထားတွေထဲမှာ ကျောက်လက်နက်တွေ ပါတယ်၊ သာရဘွင်၊ တကူ၊ ကြိမ်ချောင်းတွေမှာပါ၊ ပြီးတော့ မြိတ် ( ဘိတ် ) သိမ်ကြီးတောင် ပြတိုက် မှာလည်း လေ့လာနိုင်တယ်၊ လက်ရှိ လုံးခရမ်းတောင် ဆရာတော်ကြီး ထိန်းသိမ်း ထားတဲ့ ပြတိုက်မှာရော၊ လူပုဂ္ဂိုဟ်တွေ ဆီမှာလည်း ရှိသေးတယ်၊ ထူးခြား တဲ့  တွေ့ရှိချက်က  အောက္ကင်း ကျေးရွာက ရတဲ့ ကျောက်ပန်းချီပါ၊ ပြီးတော့ ရေကန်အော်က ကျောက်နံရံ ပန်းချီလည်း ရှိသေးတယ်၊

ပျူဓလေ့လို့ ဖော်နိုင်တဲ့ လက္ခဏာတွေတော့ မတွေ့မိသေးဘူး၊ ရှိလိမ့်မယ်လို့ ယုံထားတယ်၊ ဂ၀ံလက်ရာနဲ့ပတ် သက်ရင် န၀ထပ်တောင် ( နဂါးကပ်တောင် ) က အကြီးကျယ်ဆုံး ဖြစ်တယ်၊ တနင်္သာရီတိုင်း ဒေသကြီး အတွင်း လေ့လာ တွေ့ရှိရသမျှ ဂ၀ံယဉ်ကျေးမှုထဲမှာ အမြင့်ဆုံးနဲ့  အကြီးဆုံး လက်ရာဖြစ်တယ်၊ ကျွန်တော်အနေနဲ့ မြေထိန်း နံရံလုပ်ထားတဲ့ ဂ၀ံနံရံ ( ၃)ထပ် တွေ့ဖူးတယ်၊ ဂ၀ံဘုရားတွေ၊ ဂ၀ံ အဆောက်အဦး ( သိမ် )ကို တောင်ထိပ်မှာ ဆောက်ထားတယ်၊ တနင်္သာရီသားတွေရဲ့ တန်ဆောင်မုန်း မီးမျှောပွဲကို န၀ထပ်ဘုရားမျာ စုရပ် ထားတယ်။ မြစ်ကြောင်း တစ်လျှောက် မီးမျှောတယ်၊ ဒီမီးမျှောပွဲက အစဉ်အဆက် လုပ်တယ်၊ မိတ်ဆွေနဂါးမင်း အတွက် ရည်စူးတယ်။

နဂါးမင်းနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ရိုးရာဓလေ့က နဂါးလှေဖြစ်တယ်၊ နဂါးလှေပြိုင်ပွဲတွေကို အစဉ်အဆက် ကျင်းပခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်မှစတင်ပြီး မကျင်းပနိုင်ခဲ့တာ အတော်ကြာပြီလို့ သိရတယ်၊ အခုလက်ရှိ နဂါးလှေတွေကို လယ်သစ်ကျေး ရွာမှာ (၄)စင်းနဲ့ တနင်္သာရီမြို့မှာ (၁)စင်း လေ့လာနိုင်တယ်၊ နဂါးလှေနဲ့ တွဲပြီး သီဆိုရတဲ့ အေဇာ သီချင်းကလည်း တနင်္သာရီသားတွေ အတွက် အမြတ်တနိုးထားတဲ့ အနုသုခုမဖြစ်တယ်၊ တနင်္သာရီ အက၊ တနင်္သာရီ ဂီတလို့ ဗမာ့သမိုင်းတွေမှာ ဖော်ပြထားတယ်၊

နောက်ထပ် နဂါးရုပ်ပုံတွေပါတဲ့ ဒင်္ဂါးတွေ တွေ့ရတယ်၊ နဂါးတစ်ကောင်ရဲ့ လှေသဏ္ဍာန်ပုံ တွေရှိတယ်၊ အ၀ိုင်းပုံရှိ သလို ရှစ်မြှောင့်ပုံလည်း တွေ့ရတယ်၊ အကြီးအသေး တွေ့ရတယ်၊ ထားဝယ်မှာလည်း ပုံတူတွေရှိတယ်၊ ထားဝယ် သားတွေက ခဲဒင်္ဂါးလို့ခေါ်တယ်၊ ဝေဒီမြို့ဟောင်းမှာ အမြားအပြား တစ်ခါတည်း တွေ့ခဲ့ဖူးလို့ ဝေဒီဒင်္ဂါးလို့လည်း ခေါ်တယ်၊ ဒင်္ဂါးတွေကို ခဲနဲ့လုပ်ထားတယ်လို့ ထင်ကြပေမယ့် ဘူမိဗေဒ ပညာရှင်တစ်ဦးက မဟုတ်ဘူးလို့ ဆိုတယ်။

တပ်ဦး ရပ်ကွက်နဲ့ လုံးခရမ်းတောင်တွေမှာ ရှိတဲ့ အကွက်ကျကျ ရှိနေတဲ့ ကျောက်တိုင်တွေ ကလည်း စိတ်ဝင်စားစရာပါ။ ခြံရှင်တွေက တောရှင်းတဲ့ အခါ အခက်အခဲဖြစ်လို့ နုတ်ပြီး ပုံထား တဲ့  ကျောက်တိုင်တွေ တွေ့ခဲ့ ဖူးတယ်၊ လုံးခရမ်းတောင်မှာဆို ကျောက်အချပ်လိုက် စီထောင်ထားတယ်၊ အရှည် (၇)ပေကျော်တယ်၊ လှဲနေတဲ့ ကျောက်ချပ်ကို လူ(၆)ယောက် မနိုင်ပါဘူး။

ဇာတိသွေး ဇာတိမာန်တက်ကြွစရာ ဓါးသွေးချောင်းကိုလည်း သွားကြည့် သင့်တယ်၊ ဓါးသွေးရာ တစ်ခုကို ဓါးဘယ်နှစ်ချောင်း သွေးသွားလည်းဆိုတာ တွက်ကြည့်ရင် ကြက်သီး တဖျန်းဖျန်ထတယ်၊ ပြီးတော့ သာသနိက အဆောက်အအုံတွေ၊ ဘုံအဆင့်တွေ၊ ခန်းမဆောင်ကြီးတွေနဲ့၊ မြန်မာမှု အနုပညာ ဘယ်လောက်မြတ်နိုးဖို့ ကောင်းလဲတွေ့နိုင်တယ်။

သမုတ်ချုန်းတောင် ခြေတော်ရာ၊ မြ၀တ်ဆင်စေတီ၊ လေသာတောင်စေတီ၊ ၀င်္ကဘာတောင်စေတီတွေ၊ ချောင်း ကြီးကျောင်း ၊ချောင်းငယ်ကျောင်း၊ အတွင်းမြို့ဟောင်း၊ စပယ်လေးရုံ ခေါ် မြသီတာကုန်း၊ ပေါ်တော်မူတောင် (သို့) နန်းဦးတောင်(သို့) မြို့ဦးတောင်၊ တပ်ဦးရပ်ကွက်၊ သောက်တော်ရေတွင်းတောင်၊ ရှေးဟောင်းသုတေ သန ဌာန၏ အဆိုပြုကုန်းများ၊ သိမ်များ၊ ရှစ်မြှောင့်ပုံ မင်္ဂလာရေကန်တို့က လေ့လာစရာတွေပါ။ ၁၉၉၉ခုနှစ်မှာ အနည်းငယ် တူးဖော်လေ့လာဖူးတယ်၊ ကမ္ဘာကျော် ဆိပ်ကမ်းမြို့ဟောင်းကို ထိန်းစေချင်ပါတယ်။

စာရေးသူ - ဆရာဇော်သူရ https://www.facebook.com/sayazaw.zawthura

3 comments:

SQUIRREL said...

ဆရာဇော်သူရ ရေ မြိတ်မြို့ အကြောင်းလေးတွေရေး ထားတာဖတ်ရ တော့ တကယ်ကြည်နူးမိပါတယ် ကောင်းလည်းကောင်းပါတယ် ဒါပေမယ့်

SQUIRREL said...

မြိတ်မြို့ရဲ့ စစ်တပ်ထဲက ဆေးတပ်တစ်ခုမှာ သူနာပြုဗိုလ်တစ်ယောက်က သူ့မယားငယ်ကို မယားကြီးအမည်ခံပြီး တပ်ထဲမှာနေနေပါတယ်။ ဒီကိစ္စကို မယားကြီးသိလို့ အဆင့်ဆင့် တိုင်ရင်း တိုင်းမှူးဆီရောက်တာ နှစ်ပတ်ထိကြာတာတောင် တိုင်းမှူးက ဘာမှဖြေရှင်းမပေးတာဘာကြောင့်ပါလဲ ။ ဒါဟာ ဗြိတ်မြို့ရဲ့ ကြက်သရေကို အလွန်ပဲအကြည်းတန်စေတယ်လို့ ထင်ပါတယ်နော်

SQUIRREL said...

ဆရာရေ စိတ်ရှုတ်စရာတွေဖြစ်သွားလျင်တောင်းပန်ပါတယ်။ မီဒီယာကလည်း ဒီကိစ္စကို စိတ်ဝင်စားနေပါတယ်