Sunday, September 8, 2013

ကင်းမွန်ကလေးများနှင့်အတူ




နက်ရှိုင်းလှသည့် ပင်လယ်သ မုဒ္ဒရာများထဲမှ ကင်းမွန်များသည် နှစ်စဉ်မုတ်သုံ ရာသီထွက်ပြီး တစ်လခန့်အကြာ အောက်တိုဘာလ ပိုင်းတွင် တနင်္သာရီ ကမ်းရိုးတန်း ဒေသဆီသို့ သဘာဝ အလျောက် ရောက်ရှိ လာလေ့ရှိကြသည်။ ထိုအချိန်မျိုးသည် မြန်မာနိုင်ငံ တောင်ပိုင်းဆီမှ ကင်းမွန်ဖမ်းသမားများ အလုပ်ရှုပ်ဆုံးအချိန် ဖြစ်သည်။ တစ်ပတ် ၁၀ ရက်စာအတွက် ရေခဲများ၊ စားနပ်ရိက္ခာများ၊ လောင်စာဆီများကို တင်ဆောင်ပြီး လှေကြီးလှေငယ်များဖြင့် ကမ်းခြေမှ ပင်လယ်ပြင်ဆီသို့ အလျှိုလျှိုထွက်ခွာကြသည့် ကင်းမွန်ဖမ်းလှေများနှင့် မြိတ်မြို့ ကမ်းနား၌ စည်ကားတတ်သည်။



“ကင်းမွန်က လမမြင်မှ ဖမ်းလို့ရတာ။ လပြည့်ကျော် လေးရက်လောက်ဆိုရင် ကင်းမွန်လှေတွေ ထွက်တယ်” ဟု အသက် ၅၀ ခန့် အရွယ်ဦးအောင်သန်းက ပြောသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းက ကပ္ပလီပင်လယ် ပြင်ထဲ ငါးရှာ အကြိမ်ကြိမ် ထွက်ခဲ့သော ဦးအောင်သန်းသည် ဒီဒေသတွင် ၀ါအရင့်ဆုံး ကင်းမွန်လှေ လုပ်သားများအနက် တစ်ဦးဖြစ်သည်။

မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်း၏ အဆိုအရ ကင်းမွန်လုပ်ငန်းဖြင့် အသက်မွေးသူ ၂၀၀၀ နီးပါးရှိပြီး ယင်းဒေသ စုစုပေါင်း လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်ဖြစ်သော လူပေါင်း ၁၀၀၀၀၀ နီးပါးကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသော လုပ်ငန်းဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာမှ ဧပြီလအထိဖြစ်သော ကင်းမွန်ရာသီတွင် ဦးအောင်သန်းလို ကင်းမွန်ဖမ်း လုပ်သားများသည် လှေများပေါ် ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်နေသည့် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် လမိုက်ညများ၌ အလုပ် များနေတတ်ကြသည်။ ကင်းမွန်ဖမ်းခြင်းသည် အခြားပင်လယ်ပြင်တွင် အခြားငါး၊ပုစွန်ဖမ်းသည့် ပုံစံမျိုး မဟုတ်ဘဲ တစ်မူထူးခြားလျက်ရှိသည်။

ကင်းမွန်ဖမ်းသည့် စက်လှေလုပ်သားများသည် နေ့ဘက်တွင် အနားယူရပြီး ညဘက်ကျမှ လုပ်ငန်းခွင် ၀င်ရခြင်းဖြစ်သည်။ နေ့အအခါတွင် ပင်လယ်ပြင်ထဲမှ ရာပေါင်းများစွာသော မြိတ်ကျွန်းစုများအကြား လှည့်ပတ်သွားလာပြီး ညဘက် လုပ်ငန်းခွင် အတွက် ပြင်ဆင်မှုများ ပြုလုပ်ကြရသည်။ ညဘက်ရောက်သည့် အခါမှ ရေအကြောင်း နားလည် ကျွမ်းကျင်သူက ညွှန်ပြသော နေရာများသို့  စက်လှေများ ရွေ့လျားသွားကြပြီး ကင်းမွန်ဖမ်းဆီးခြင်း လုပ်ငန်းများ စတင်လုပ်ကိုင်ကြခြင်းဖြစ်သည်။

ပေ ၅၀ မှ ၁၀၀ အကြား ရှည်လျားသည့် အလင်းရောင်စူးရှသည့် မီးသီးများ ပါဝင်သည့် လက်တံများသည် ကင်းမွန်ဖမ်းစက်လှေများထဲမှ ဘယ်ညာဆန့်တန်းကာ ထွက်ပေါ်နေသည်။ ထိုမီးသီးများအောက်သို့ ကင်းမွန်များ စုဝေး ရောက်ရှိလာကြသည့်အချိန်တွင် လှေပေါ်မှ ပိုက်ချကာ ကင်းမွန်များကို ဖမ်းဆီးခြင်း ဖြစ်သည်။

ယခုနောက်ပိုင်းတွင် ကင်းမွန်ရှားလာပြီဖြစ်ကြောင်း ၀ါရင့်တံငါလှေလုပ်သားကြီး ဦးအောင်သန်းက ပြောသည်။ ယင်းကဲ့သို့ ရှားပါးလာခြင်းမှာ ရာသီဥတု ပြောင်းလဲလာခြင်းနှင့် တောတောင်များတွင် သစ်ဝါးများပြုန်းတီးလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ခုနောက်ပိုင်း ငါးရှာရတာ တအားရှားလာတယ်။ စရိတ်ရှုံးတဲ့ လှေတွေတောင် ရှိတယ်” ဟု ၎င်းက ပြောသည်။

သူငယ်စဉ်အခါက ပင်လယ်ပြင်သို့ ငါးဖမ်းရန် အတွက် စတင်ထွက်ခွာလာသည့် အချိန်လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ၏ အခြေအနေနှင့် အခုအခြေအနေသည် လုံးဝခြားနားသွားပြီဖြစ်ကြောင်း ဦးအောင်သန်းက ပြောသည်။ သူပင်လယ်ထဲသို့ စထွက်ခါစတွင် မြိတ်ကျွန်းစု၏ အလှအပသည် အခုထက် ပိုမိုပီပြင်ပြီး ကျွန်းများမှာလည်း လူ့ပယောဂကြောင့် ပျက်စီးမှုများ မရှိသေးဘဲ သဘာဝအတိုင်း လှပနေသေးကြောင်း သူ၏အမြင်ကို ပြောသည်။

“တစ်ခါတလေကျတော့ အလုပ် ပင်ပန်းလွန်းပြီး စိတ်ညစ်ရင် ကျွန်းတွေပေါ်တက်အိပ်ပစ်ချင်တယ်” ဟု ဦးအောင်သန်းက တောင်ပိုင်းသံခပ်ဝဲ၀ဲနှင့် ပြောသည်။

သူတံငါစလုပ်ခါစ လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုကျော်ကြာ ပင်လယ်ပြင် အခြေအနေသည် ယခုလောက် အေးချမ်းမှု မရှိသေးကြောင်း ဦးအောင်သန်းက ပြောသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ပင်လယ်ပြင်အတွင်း ကင်းမွန်ဖမ်းနေရင်း သူပုန်အဖွဲ့ တစ်ခု၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရဖူးသည်ဟု ဆိုသည်။ မီးလုံးများအကြား စုဝေးနေသည့် ကင်းမွန်များကို အာရုံစိုက်နေရင်း လက်နက်ကိုင်နှစ်ဦးက သူနှင့် လုပ်ဖော်ကိုင်ဖက်များကို ပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်း ပြောသည်။

“ည ၉ နာရီ၊ ၁၀ နာရီလောက် ရှိပြီ။ မီးတန်းတွေ သတ်သတ်ဆိုပြီးတော့ လူလာဖမ်းသွားတာ။ ပြီးတော့ ခုနစ်သောင်းနဲ့ လာထုတ်ခိုင်းတယ်” ဟု လွန်ခဲ့သော နှစ်များဆီက သူကြုံတွေ့ပုံများကို ပြောသည်။

ကင်းမွန်ငါးဖမ်းစက်လှေ လုပ်သားများသည် တစ်နှစ်လျှင် ခြောက်လနီးပါးခန့်မှာ ပင်လယ်ထဲသို့ ၀င်ချီထွက်ချီဖြင့် လှည့်လည်ကာ သွားလာနေခြင်းဖြစ်သည်။ အများစုသည် ပုတ်ပြတ်လုပ်သားအဖြစ် လစာယူကာ ကင်းမွန် တစ်ရာသီကုန်သည်အထိ ပင်လယ်ပြင် အတွင်း လုပ်ကိုင်ကြသည်။ မိုးဦးကျကာက ကင်းမွန်များပင် လယ်ပြင်သို့ ပြန်လည်ထွက်ခွာသွားချိန်တွင် ကင်းမွန်လှေ လုပ်သားများသည်လည်း ကမ်းပေါ်သို့ ပြန်ရောက် လာကြပြီး အများစုမှာ ကျပန်း လုပ်သားများအဖြစ် အသက်မွေးကြသည်။

နိုင်ငံတကာ ပင်လယ်စာ ဈေးကွက်သို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ တစ်ဆင့် သွားရောက်မည့် မြန်မာ့ ကင်းမွန်များသည် ၀ယ်လိုအားများသောကြောင့် ကင်းမွန်ဖမ်းလှေများသည်လည်း တစ်နေ့တခြား တိုးပွားလာကြောင်း ကင်း မွန်လုပ်သားများက ပြောသည်။ ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသည်လည်း မြန်မာ့ ကင်းမွန်ဈေးကွက်၏ ဖောက်သည် အဖြစ် တဖြည်းဖြည်း ဖြစ်လာပြီဟုဆိုသည်။

“ပင်လယ်မှာပဲ လုပ်တာကြာတော့လားတော့ မသိဘူး။ ကမ်းကပ်ရင် သုံးလေးရက်ထက် ပိုမနေနိုင်ဘူး။ ညဘက်ပင်လယ်ထဲ လှေဦးမှာ ထိုင်ရင်စုပြီး စကားပြောရတာ အကြိုက်ဆုံးပဲ” ဟု ဦးအောင်သန်းက ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ပင်လယ်ထဲတွင် ကျင်လည်ခဲ့သည့် ဦးအောင်သန်းတို့အတွက် ထပ်၍ ပင်လယ်ထဲတွင် ဘယ်လောက်ကြာကြာ ပျော်ခွင့်ရကြဦးမည်ဆိုသည်မှာ မသေချာမရေရာ ဖြစ်နေသည်။ အကြောင်းမှာ လရောင်ပျောက်ချိန်တွင် ပင်လယ်ပြင်အ တွင်း မီးရောင်ထွန်းပြီး ပင်လယ်ကင်းမွန်များကို ဖမ်းဆီးခြင်းက ကင်းမွန်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည်ဟုဆိုသော ဝေဖန်မှုများကြောင့် သူတို့လုပ်ငန်းများ ရပ်နားရမည့် အရေးနှင့် ကြုံတွေ့နေရသောကြောင့် ဖြစ်သည်။

လူပေါင်းများစွာ အသက်ရှင်သန်ရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းများပေးနေသည့် ထိုလုပ်ငန်း ဆက်လက်တည်ရှိခွင့် ရရန်အတွက် သက်ဆိုင်ရာသို့ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ပြောသည်။

အများ ဝေဖန်သလို မီးပြသောနည်းဖြင့် ဖမ်းဆီးခြင်းသည် ကင်းမွန်မျိုးသုဉ်းသည်မှာ မဖြစ်နိုင်ကြောင်းကိုလည်း ဖြေရှင်းချက်များ ပေးသွားမည်ဟု ၎င်းတို့ကဆို သည်။

ယခုတော့ နှစ်ပေါင်းများစွာ လှပသည့် မြိတ်ကျွန်းစုများအကြား လှည့်လည်ရင်း ကင်းမွန်များ ဖမ်းဆီးခဲ့သည့် ဦးအောင်သန်းလို လှေသမားတို့ ပင်လယ်ပြင် တစ်ခေါက်ပြန်ထွက်ရန်အတွက် ပြင်ဆင်လျက်ရှိကြပေသည်။

ရေးသားသူ- ထွန်းခိုင်၊ ရန်မျိုးနိုင် - 7Day News Journal

0 comments: