Wednesday, May 8, 2013

မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၄)နှင့် အခြေခံအိမ်တွင်းမှုသင်တန်း (၆၃)ဖွင့်ပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၄) နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၆၃)ဖွင့်ပွဲ အခမ်းအနားကို မေလ(၆)ရက် နံနက်(၉)နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို က သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ ဘ၀လုံခြုံမှုရှိရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများတတ် မြောက်စေရေး၊ တတ်မြောက်ထားတဲ့ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစု စီးပွားရေး ဘ၀ တိုးတက် မြင့်မားစေရေး အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဦးစီးဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသူ အမျိုးသမီး သင်တန်းသူများ အနေဖြင့်လည်း သင်တန်းကျောင်းမှ ပို့ချတဲ့ အခြေခံ အိမ်တွင်းမှု အပ်ချုပ်ပညာ၊ လက်မှုပညာများ၊ အဆင့်မြင့် အပ်ချုပ်ပညာများကို သင်တန်း ပြီးဆုံးအောင် လေ့လာ သင်ယူကြရန် လိုအပ်ကြောင်း၊ သင်ယူ တတ်မြောက်ထားတဲ့ ပညာရပ်များဖြင့် မိမိခြေထောက် အပေါ် မိမိရပ်တည်ပြီး သမာအာဇီဝ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ရဲ့ စေတနာကို သိရှိ နားလည် သဘောပေါက်ကာ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်း စောင့်ရှောက်ပြီး မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်တဲ့ မြန်မာအမျိုးသမီးလေးများ အဖြစ် ခံယူကျင့် သုံးကြရန် တို့ကို ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

အခမ်းအနား အပြီးတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးပြီး သင်တန်းကျောင်း၏ အိမ်တွင်းမှုလက်ရာများကို ကြည့်ရှုအားပေးခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အတူ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တပ်မဟာ (၄) တပ်မဟာမှူး မြိတ်/ထားဝယ် ခရိုင်ဥက္ကဌ ဗိုလ်ချုပ်စောဓါးကျော်၊ မြိတ်/ ထားဝယ်ခရိုင် အတွင်းရေးမှူး ဖဒိုစောဘီးလယ်၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်မှ သင်တန်းသူ (၆၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


0 comments: