Wednesday, November 27, 2013

ကျွဲများအတွက် လွတ်လပ်၍ စားကျက် နေရာမှန် ဖြစ်နေသော ပုလောမြို့မှ လွတ်လပ်ရေး ကျောက်တိုင် (သို့မဟုတ်) ကျွဲချည်တိုင်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြို့မအားကစားကွင်း အတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် နိုဝင်ဘာလ (၂၆)ရက်နေ့၊ နေ၀င်ဆည်းဆာအချိန်၌ ကျွဲများကို ချည်နှောင်ထားသည်ကို တွေ့ရှိရသဖြင့် အားကစားကွင်း အနီးအနား ပတ်ဝန်းကျင်ရှိသူများအား မေးမြန်းကြည့်သည့်အခါ ".. ကျွဲ၊ နွားများအား အဲလိုမျိုး စားကျက်မြေအဖြစ် လာရောက်လွတ်ထားပြီး လွတ်လပ်ရေးကျောက်တိုင်တွင် ချည်နှောင်နေသည်မှာ အတော်ပင် ကြာမြင့်ပြီဖြစ်ကြောင်း၊ အားကစားကွင်း၏ နံဘေးပတ်လည်အား အုတ်နံရံ တံတိုင်းများဖြင့် ခြံခတ် ကာဆီးထားသောကြောင့် ကျွဲနွားများ လာရောက် လွတ်ထားရန်အတွက် ကျွဲပိုင်ရှင်များ အကြိုက်တွေ့နေကြကြောင်း၊ မိမိတို့အနေဖြင့် အမြင်မတော်၍ ပြောဆိုမိပြန်ရင် ကိုယ့်အပေါ် အမုန်းပွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာသို့ သွားရောက် တင်ပြလိုသော်လည်း တင်ပြသူကို သိရှိပါက ကိုယ့်ဆီသို့ အကြောင်း အမျိုးမျိုးဖြင့် ပြန်၍ ဦးလှည့် လာနိုင်ကြောင်း၊ ၄င်း အားကစားကွင်းအား စည်းကမ်း သတ်မှတ်ကာ စနစ်တကျ ထိန်းသိမ်း ပြုပြင် သင့်ကြောင်း၊ ယခု မြင်တွေ့ရသည့် အတိုင်းပင် အသစ်ပြန်လည် သုတ်လိမ်းထားသော ကျောက်တိုင်၏ ဆေးရောင်များသည် အောက်ခြေနားတွင် ပေကျံ အရောင်ပြောင်းနေ သည်မှာ ကျွဲနွားများ ချည်နှောင် ထားသည်ကို ပိုမို သိသာထင်ရှားနေကြောင်း၊ အမြင်အားဖြင့် အတော်ပင် ဆိုးဝါးလှပြီး မိမိတို့ ပုလောမြို့၏ ဂုဏ်ကျက်သရေကို များစွာပင် ထိခိုက်လှကြောင်း..''  စသဖြင့် ပြောကြားခဲ့ ပါသည်။


ထိုကဲ့သို့ ကျွဲများ အတွက် လွတ်လပ်၍ စားကျက်နေရာ မှန်ဖြစ်နေသော ပုလောမြို့မှ လွတ်လပ်ရေးကျောက်တိုင် (သို့မဟုတ်) ကျွဲချည်တိုင် နဲ့ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက်ပေးစေ လိုသောကြောင့် လေးစားစွာဖြင့် ရေးသား တင်ပြလိုက် ပါသည်။

0 comments: