Wednesday, December 17, 2014

ဓာတ်ပုံများအား တရားမ၀င် ကူးယူနေသည့် ကိစ္စနှင့်ပတ်သက်၍ C4E ဆိုင်အား မြိတ်မြို့ရှိ ဓာတ်ပုံ ရိုက်ကူး ဖန်တီးနေသူများမှ အရေးယူပေးရန် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား

ဓာတ်ပုံများအား တရားမ၀င် ကူးယူနေသည့် ကိစ္စနှင့်ပတ်သက်၍  C4E ဆိုင်အား မြိတ်မြို့ရှိ ဓာတ်ပုံ ရိုက်ကူး ဖန်တီးနေသူများမှ အရေးယူပေးရန် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား


မြိတ်မြို့နယ် အတွင်းရှိ ဓာတ်ပုံရိုက်ကူး ဖန်တီးနေသော ဓာတ်ပုံဆိုင်များမှ ရိုက်ကူးထားသည့် ဓာတ်ပုံများအား ၄င်းတို့၏ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တရားမ၀င် ကူးယူ၍ အခကြေးငွေဖြင့် စီးပွားရှာနေသော မြိတ်မြို့ရှိ C4E ဆိုင်အား ဓာတ်ပုံရိုက်ကူး ဖန်တီးသူများမှ အရေးယူပေးပါရန် တိုင်ကြားမှုကြောင့် မြိတ်မြို့မ ရဲစခန်းမှ ခေါ်ယူ စစ်ဆေးပြီး တရားဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

C4E ဆိုင်သည် မြိတ်မြို့နယ် အတွင်းရှိ ဓာတ်ပုံ ရိုက်ကူး ဖန်တီးနေသော ဓာတ်ပုံဆိုင်များမှ ရိုက်ကူးထားသော ဓာတ်ပုံများအား အခကြေးငွေဖြင့် တရားမ၀င် ကူးယူနေသည့်အပေါ် ဓာတ်ပုံ ပညာရှင်များမှ ၄င်းကဲ့သို့ ကူးယူ ခြင်း မပြုရန် တိုင်ကြားမှုအပေါ် မြန်မာနိုင်ငံ ဓာတ်ပုံ အသင်း ဥက္ကဋ္ဌ နှင့် ဥပဒေ ပညာရှင်များ လာရောက် ပညာပေး ဆွေးနွေးခြင်း ပြုလုပ်ခဲ့သော်လည်း လိုက်နာမှု မရှိသည့် အပေါ် ဒုတိယ အကြိမ် အနေဖြင့် ၂၀၁၃ ခုနှစ် မတ်လ (၄) ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မြိတ်မြို့ရှိ ဓာတ်ပုံပညာရှင်များမှ ၄င်းတို့ ရိုက်ကူး ဖန်တီးထားသည့် ဓာတ်ပုံအား စီးပွားဖြစ် လုပ်ငန်း အရပ်ရပ်တွင် ပွားကူး၍ ဖြစ်စေ ၊ ဆင့်ပွား၍ ဖြစ်စေ ၊ ဖြတ်ပိုင်း၍ ဖြစ်စေ ၊ အသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် တားမြစ်ချက်ကို မလိုက်နာပါက အရေးဆိုခြင်း၊ မူပိုင်ကြေး တောင်းခံခြင်း နစ်နာကြေး တောင်းခံခြင်းများကို ဥပဒေအရ ဆောင်ရွက်မည် ဖြစ်ကြောင်း သတိပေး ကြေညာ ထားသော်လည်း လိုက်နာမှု မရှိခြင်း တို့ကြောင့် ဓာတ်ပုံ ဆိုင်များမှ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ လက်မှတ်ရေးထိုး တိုင်ကြားမှုအပေါ် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ C4E ဓာတ်ပုံဆိုင်အား ၄င်းကဲ့သို့ ကူးယူခြင်း မပြုရန် နှင့် အကယ်၍ ကူးယူခဲ့ပါက တရားမကြောင်း၊ ဥပဒေကြောင်း အရ တရားစွဲဆိုနိုင်ကြောင်း အသိပေးထားကြောင်း သိရှိရသည်။

C4E ဓာတ်ပုံဆိုင်သည် မြိတ်မြို့နယ်ရှိ ဓာတ်ပုံ ဖန်တီး ရိုက်ကူး လုပ်ကိုင်နေသော ဓာတ်ပုံဆိုင်များမှ အကြိမ်ကြိမ် သတိပေး တားမြစ်ခဲ့သော်လည်း ၄င်းတို့ ကိုယ်ကျိုး စီးပွားအတွက် ကိုယ်တိုင် ဖန်တီးမှု မပါပဲ အခကြေးငွေဖြင့် ကူးယူနေသောကြောင့် အမှန်တကယ် ဖန်တီးရိုက်ကူးခဲ့သည့် ဓာတ်ပုံဆိုင်များမှာ အခန်းငှားခ၊ ပြင်ဆင်မှု စရိတ်၊ ကင်မရာနှင့် ဆက်စပ် ပစ္စည်းများ စရိတ်၊ စတူရီယို ပစ္စည်း အမျိုးမျိုး စရိတ်၊ အလင်းအမှောင် နည်းပညာ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ၊ ၀န်ထမ်းလစာများ စသည့် တို့ကြောင့် စရိတ်များစွာ ကုန်ကျကြောင်း၊ C4E ဆိုင်သည် တစ်ပါးသူ ဖန်တီးထားသော ဓာတ်ပုံများကို ဖန်တီးမှု စရိတ် အမျိုးမျိုး မပါပဲ Scan ဖတ်ပြီး ဓာတ်ပုံ ပုံကြီးများကို ၄င်းတို့ အကျိုးစီးပွား အတွက်သာ အခငွေကြေး ရယူ စီးပွား ရှာဖွေနေသဖြင့် မိမိတို့ ဆိုင်များမှာ ဘ၀ပျက်ပြီး ဓာတ်ပုံလုပ်ငန်း ရပ်နားသည်အထိ ထိခိုက်မှု ဖြစ်ခဲ့ရကြောင်း ဓာတ်ပုံဆရာတစ်ဦးက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မြိတ်မြို့နယ် အတွင်းရှိ ဓာတ်ပုံဆိုင်များနှင့် ဓာတ်ပုံ ပညာရှင်များ စုပေါင်းပြီး C4E ဓာတ်ပုံ ဆိုင်ပိုင်ရှင်အား တရားမကြောင်း ၊ ဥပဒေကြောင်းဖြင့် တရားစွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: