Sunday, September 29, 2013

ဥာဏ်ရည်မမှီသူ အမျိုးသမီးငယ် တစ်ဦးအား မြိတ်မြို့ တောရကျောင်း အရန် မီးသတ်တပ်ဖွဲ့နှင့် အရပ်သူ/ အရပ်သားများက ထိန်းသိမ်း စောင့်ရှောက်ကူညီ

( ၄.၉.၂၀၁၃ ) ရက်နေ့ ည(၁၀း၃၀) အချိန်ခန့် တောရကျောင်း အရန် မီးသတ်တပ်ဖွဲ့မှ လှည့်ကင်း လှည့်လည်စဉ် ပေါ်တော်မူ ဘုရား မုခ်ဦးအရှေ့တွင် အသက်(၁၈)နှစ် အရွယ်ခန့်ရှိသော မိန်းကလေးငယ် တစ်ဦးမှာ ယောင်ချာချာဖြစ်နေရာ တောရကျောင်း အရန်မီးသတ်ရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး တိကျသေချာသော စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ မိန်းကလေးငယ်မှ ပြောကြားချက်အရ ၄င်း၏ အမည်မှာ မနီနီစိုး၊ နေရပ်မှာ အလယ်မန်ရွာမှဖြစ်ပြီး မိခင်မှာ ဒေါ်သန်းအေးဖြစ်ကြောင်း သိရသည်။ အဆိုပါ မိန်းကလေး ငှါးစီးလာသော ဆိုင်ကယ်မှာ ပေါ်တော်မူဘုရား အနီးအရောက်တွင် ဆီကုန်သွားသဖြင့် ဆီသွား ထည့်မည်ဟုဆိုကာ ပြန်မလာသောကြောင့် ထိုနေရာတွင်ပင် လမ်းပျောက်နေကြောင်း ပြောပြချက်အရ သိရှိရသည်။ 

( ၅.၉.၂၀၁၃ ) ရက်နေ့ နံနက်တွင် တောရကျောင်း အရန် မီးသတ်တပ်ဖွဲ့မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသူရလင်းထံ အကြောင်းကြား သတင်းပို့ပြီး အလယ်မန်ရွာသို့ စုံစမ်းမှုများဆက်လက်ပြုလုပ်ခဲ့ရာ မနီနီစိုး၏ မိခင်ဖြစ်သူ ဒေါ်သန်းအေးနှင့် အဆက်အသွယ်ရရှိပြီး ဒေါ်သန်းအေးမှ သမီးဖြစ်သူ မနီနီစိုးအား အလယ်မန် လှေရှိပါက ပြန်လည် ထည့်ပေးရန်နှင့် လက်ရှိတွင် ခေတ္တ ကူညီ ထိန်းသိမ်း စောင့်ရှောက်ပေးစေ လိုကြောင်း အကူအညီတောင်းခံလာ ခဲ့သည်။

( ၆.၉.၂၀၁၃ )ရက်နေ့ ည( ၈း၀၀ ) အချိန်တွင် တောရကျောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆိပ်ငယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရင် နှင့် ရာအိမ်မှူး အဖွဲ့ဝင်များက နောက်လယ် အမှတ်(၁)ဆိပ်ခံဘော တံတားမှ အောင်မင်္ဂလာသိန်း(၂၇)စက်လှေတွင် လှေစာရေး ကိုမောင်ဇော်ထံမှ တဆင့် အလယ်မန် ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ အပ်နှံပေးပြီး မိခင်ဖြစ်သူ ဒေါ်သန်းအေး ထံသို့ ပြန်လည် အပ်နှံပေးနိုင်ရန် အကူအညီ တောင်းခံခဲ့ကြောင်း သိရှိရသည်။

( ၇.၉.၂၀၁၃ )ရက်နေ့ ညနေ(၅း၀၀) နာရီခန့်တွင် အလယ်မန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေါ်သန်းအေးထံမှ ဖုန်းအဆက်အသွယ်ဖြင့် မနီနီစိုးကို ကောင်းမွန်စွာ လက်ခံ ရရှိကြောင်းနှင့် ကျေးဇူး အထူးတင်ရှိကြောင်းကို ပြောဆိုသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မနီနီစိုးအား စတင်တွေ့ရှိရချိန်မှစ၍ ပြန်လည်ပို့ဆောင်ပေးသည့် အချိန်အထိ တောရကျောင်း အရန်မီးသတ် တပ်ဖွဲ့ဝင်များက ငွေအား၊ လူအားတို့ဖြင့် လူသားချင်း စာနာ၊လူမှုရေးစိတ်ဓါတ်ပြည့်ဝစွာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: