Thursday, September 5, 2013

ပုလောမြို့၌ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေသူ များအား ဖမ်းဆီးအရေးယူ



၂၉-၈-၂၀၁၃ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ ပုလောမြို့နယ်၊ ဇရပ်ဆိပ် ကျေးရွာနေ လွင်ကမ်း(ခ) စိုးလွင်(၃၆)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေ ခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ် မီးဖိုဆောင် ဓနိမိုးကြားတွင် ၀ှက်သိမ်း ထားသည့် အစွန်းနှစ်ဘက်မှ မီးဖြင့်ပိတ်ထားသော အချိုရည်ပိုက် အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားအား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားများအား ပုလောမြို့နယ်၊ ကျောက်ဖဲရွာနေ တင်ရှီ(၇၀)နှစ်ထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် လွင်ကမ်း(ခ) စိုးလွင်နှင့် တင်ရှီတို့ ၂ ဦးအား ပုလောမြို့မရဲစခန်း မယ(ပ)၈/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။


စစ်ဆေးချက် အရ ပုလောမြို့၊ အမှတ်(၃) ရပ်ကွက်နေ ၀င်းရှိန်(ခ) ချစ်တီးမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေသူ တစ်ဦး ဖြစ်ကြောင်း သိရှိရ၍ ၀င်းရှိန်(ခ)ချစ်တီး၏ နေအိမ်အား စောင့်ကြည့် စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ စုံစမ်းနေစဉ် ၁-၉-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ၀င်းရှိန်(ခ)ချစ်တီးမှာ အထုပ်အပိုးများ ပြင်ပြီး ကားဖြင့်ထွက်ပြေးရန် ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် ပုလောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များက ရပ်ကွက် (၁၊ ၂၊ ၃) အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ၀င်းရှိန်(ခ)ချစ်တီးမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသူ တစ်ဦး ဖြစ်ကြောင်း သတင်း အတည်ပြုချက် ရရှိခဲ့သဖြင့် ၀င်းရှိန်(ခ) ချစ်တီး၏နေအိမ်အား သက်သေများ နှင့်အတူ ၀င်ရောက်ရှာဖွေ ခဲ့သည်။ ထိုသို့ ၀င်ရောက်ရှာဖွေစဉ် ၀င်းရှိန်(ခ) ချစ်တီး၏ ဇနီးဖြစ်သူ မဂင်စန်း(၄၀)နှစ်မှာ နေအိမ်အတွင်းရှိ ရေလောင်း အိမ်သာ အတွင်းသို့ ပြေးဝင်၍ မူးယစ်ဆေးဝါးများ ပစ်ချပြီး ရေလောင်း ဖျောက်ဖျက်နေသဖြင့် ရှာဖွေရာ အိမ်သာခွက်ထဲ ပေါ်နေသည့် ပလပ်စတစ် အပြာရောင် အိတ်ငယ်တစ်ခုအတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၉ ပြားအား တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။ 

ထို့နောက် ဆက်လက်ရှာဖွေရာ နေအိမ် အလယ်ခန်း ကုတင်ဘေးရှိ ဗီဒိုပေါ်မှ DOEVA စာတမ်းပါ အဖုံးမပါသည့် အဖြူရောင် ကော်ဗူး အတွင်း အဖြူရောင် ပလပ်စတစ် အိတ်ငယ်ဖြင့်ထည့်ထားသည့် ဘိန်းစာမှုန့်ဟု ယူဆရသော စိမ်းဝါရောင် အမှုန့်(၀.၀၃၂၆၅)ကီလိုပါ ၁ ထုပ်အား လည်းကောင်း၊ နေအိမ်မီးဖိုခန်း ထမင်းပေါင်းအိုး အတွင်း နို့နှစ်ရောင် မှိုင်းခံ စက္ကူဖြင့် ပတ်ထားသော အပြာရောင် ပလပ်စတစ်အိတ်ငယ် အထုပ်(၅)ထုပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၇၇ ပြားနှင့် အစိမ်းရောင် ၁၀ ပြားတို့အား လည်းကောင်း၊ နေအိမ်ရှေ့တွင် ရပ်တန့်ထားသည့် ၅င/xxxx တိုယိုတာ စူပါကာစတန်ယာဉ်၏ ဒရိုင်ဘာခန်း ခြေနင်း ရာဘာပြားအောက်မှ အနီရောင် အအေးစုပ်ပိုက် အတွင်း ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၄ ပြားအား လည်းကောင်း၊ နေအိမ်မီးခံ သေတ္တာ အတွင်းမှ မူးယစ်ဆေးဝါးရောင်းချရငွေ ကျပ်သိန်း(၉၀)၊ မူးယစ်ဆေးဝါး ရောင်းချရငွေဖြင့် ၀ယ်ယူ ထားသည့် ရွှေထည် ပစ္စည်း(၁၀)မျိုး၊ တန်ဘိုး ငွေကျပ်(၆၆၆၅၀၀ိ/-) နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့အား လည်းကောင်း တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ၀င်းရှိန်(ခ) ချစ်တီးနှင့် မဂင်စန်းတို့ ၂ ဦးအား ပုလောမြို့မ ရဲစခန်း မယ(ပ)၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် ဆက်လက် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

0 comments: