Monday, March 26, 2012

မြိတ်မြို့သို့ ရောက်ရှိလာစဉ် ဗကပ(UG) အကြွင်းအကျန်များ၏ တည်ကြက်အဖြစ်အသုံးချခြင်းကိုခံခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

၂၀၁၀ ခုနှစ်၊ မတ်လ (၂၄)ရက် နှင့် (၂၅) ရက်နေ့များတွင် မြိတ်မြို့သို့ ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား အသုံးချ၍ ဗကပ (UG) အကြွင်းအကျန်များသည် NLD ပါတီအတွင်း ၀င်ရောက် ရောနှော လှုပ်ရှားပြီး ပါတီဝင်များနှင့် ပြည်သူလူထုအား သွေးထိုး လှုပ်ဆော်ကာ ယခင်က ပယ်ဖျက်ထားပြီး ဖြစ်သော နိုင်ငံတော် အလံ များအား လွှင့်ထူအသုံးပြုစေခြင်း၊ ခေါင်းစည်းများ စည်းခိုင်းခြင်း၊ ဒေါ်အောင်ဆန်း စုကြည် မြိတ်မြို့သို့ မရောက်ရှိမှီ (၃) ရက် အလိုလောက် ကပင် နိုင်ငံတော်အား အကြည် အညိုပျက်စေမည့် တေးသီးချင်း များကို မြို့တွင်းသို့ လည်လှည်၍ ကျယ်လောင်စွာဖြင့် ညနက် သန်းခေါင်အချိန် ကျော်လွန်သည် အထိ ဖွင့်စေခြင်း၊ တပ်မတော်နှင့် ပြည်သူများ အကြား သွေးကွဲစေမည့် စာသားများနှင့် ကဗျာများ ဖြန့်ဝေစေခြင်း၊ ကားများနှင့် ဆိုင်ကယ်များ စုစည်းကာ လမ်းများပိတ်ဆို့၍ အော်ဟစ်ဆူပူစေခြင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမည့် စကားများ၊ အပြုအမူများ၊ တေးသီချင်းများစသည်တို့ဖြင့် ပြုမူစေခြင်း၊ အာဏာပိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်များ၊ လုံခြုံရေးတပ်ဖွဲ့များ စသည်တို့ လာရောက်၍ ဟန့်တားပါက အဓိကရုဏ်း ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် NLD ပါတီနှင့် ပြည်သူလူထုအား သွေးထိုး လှုပ်ဆော်ပေးခဲ့ပြီး NLD ပါတီအတွင်း ၀င်ရောက် ခိုအောင်းလျက် ရှိနေပါသည်။ ၄င်းတို့၏ အပြုအမူများသည် နိုင်ငံတော်နှင့် NLD ပါတီကောင်းစားရေးအတွက်မဟုတ်ဘဲ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ ပျက်ပြားစေရန်၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်စေခဲ့သည်မှာ သိသာ ထင်ရှားလှပါသည်။ NLD ပါတီဌာနချုပ် အနေဖြင့်လည်း ၄င်းတို့၏ အပြုအမူများနှင့် ပတ်သက်၍ သိရှိနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါသည်။ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်၌ ဦးဆောင် ဦးရွက်ပြုမည်ဟု အခိုင်အမာ သံဓိဌာန် ချမှတ်ထားသည့် ပါတီကြီးတစ်ခု အနေဖြင့် ပါတီတွင်း စည်းကမ်းရှိမှု၊ ပါတီဝင် တစ်ဦးချင်း စည်းကမ်းရှိမှု တို့သည် အခြားသော ပါတီများအတွက် စံနမူထား လောက်ဖွယ်ဖြစ်ရန် အတွက် များစွာလိုအပ်လှပါသည်။ “NLD ပါတီ အကြောင်းကို ကမ္ဘာကသိစေရမည်” ဟု ကြွေးကြော် ထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြိတ်မြို့ ရောက်ရှိခဲ့သည့် အတွေ့အကြုံ အဖြစ်အပျက်များကို ပြန်လည် ဆန်းစစ် လိမ့်မည်ဟု မျှော်လင့်မိ ပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာပြည်သူ လူထုတို့မှ ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်ချက်ဖြင့် စောင့်စား မျှော်လင့်နေမှုများကို မြိတ်မြို့ ကဲ့သို့ ဖြစ်စဉ်များ ကြောင့် မပျက်ပြား စေသင့် ပါကြောင်း နိုးဆော်ပါသည်။

0 comments: