Thursday, July 23, 2015

ရွးကောက်ပွဲမှာ မဲပေးဖို့ပါတီနှဲ့ ကိုယ်စားလှယ်ကို ဘယ်လို အကဲဖြတ်ကြ မလဲ

ရွးကောက်ပွဲမှာ မဲပေးဖို့ပါတီနှဲ့ ကိုယ်စားလှယ်ကို ဘယ်လို အကဲဖြတ်ကြ မလဲ
-------------------------------
မြန်မာပြည်၏ ပြည်သူလူထုသည် ရွေးကောက်ပွဲ အတွေ့အကြုံ အလွန်နည်း နေပါသေးတယ်။ အသက်ငါးဆယ်လောက် လူကြီးတစ်ယောက် တောင် ရွေးကောက်ပွဲ ကြုံဖူးတာ နှစ်ကြိမ် သုံးကြိမ် အပြင် မပိုလောက်သေးပါဘူး။ အခုမှ ၁၈နှစ်ပြည့်မည့် မဲဆန္ဒရှင် ကလေးများ အတွက် ပိုနည်းပြီပေါ့။ ရွေးကောက်ပွဲဝင်မည့် ပါတီတွေနှင့် ကိုယ်စားလှယ်တွေကို စိစစ်ရွေးချယ်ဖို့ ပြည်သူလူထု အပေါ်ကို အသိပညာပေး အစီအစဉ်တွေ လိုအပ်နေမယ်လို့ ထင်မြင်မိပါတယ်။


ဒါကို အစိုးရကတော့ လုပ်ပေးမှာ မဟုတ်ဘဲ စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ ကြားနေ မီဒီယာတွေရဲ့ တာဝန် အဖြစ်ခံယူထားပါ သင့်တယ်။ မိမိတို့ကို အုပ်ချုပ်မည့် ကောင်းမွန်သော အစိုးရ ပေါ်ပေါက်ရေး အတွက် ပြည်သူလူထု၏ အခန်းကဏ္ဍ ပါဝင်ကြောင်း သိစေဖို့ အသိပညာပေးရ ပါမယ်။ ပြည်သူတွေက ရွေးကောက်ပွဲ အတွက် ပါတီ လူပုဂ္ဂိုလ်တွေကို ကြိုတင် အကဲခတ်နေဖို့ လိုအပ်ပါတယ်။ မိမိမဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်မည့် ပါတီ ကိုယ်စားလှယ်တွေ အနေနှင့် လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေး လှုမှုရေး စီးပွားရေး Issue တွေ အပေါ်ဘယ်လို တုန့် ပြန်မလဲ စောင့်ကြည့် ရသလို ရေရှည် ရင်ဆိုင် ရမည့် ပြဿနာတွေ အပေါ် ဘယ်လိုတုန့်ပြန်မည် ဆိုသည့် အစီအမံတွေကို မဲဆွယ်ပွဲတွေမှာ မေးခွန်းထုတ် မေးမြန်းရမှာ ဖြစ်ပါတယ်။

အကယ်လို့ ပြည်သူလူထုက မေးဖို့ မကြုံ လျှင် မီဒီယာများက ပြည်သူလူထု ကိုယ်စား မေးမြန်းပြီး လူထုကို ချပြစေသင့်ပါတယ် ဒီလိုလုပ် တဲ့အတွက် နောက်နောင်အတွက်လည်း အထောက်အထား အဖြစ်ကျန် မှာပါ။

အနာဂတ် အစီ အမံတွေ ကလည်း စိတ်ကူးယဉ် ဆန်နေလို့ မရဘဲ လက်တွေ့ နှင့်နီးစပ်ပြီး အကောင်အထည် ဖေါ်နိုင်စွမ်း ရှိ /မရှိ လေ့လာသုံးသပ် သင့်ပါတယ်။ ဥပမာအားဖြင့် ယခင် ပါလီမန်ခေတ်က လုပ်ခဲ့ဖူးတဲ့ ပြည်တော်သာ စီမံကိန်းလို တစ်အိမ်ထောင် တိုက်တစ်လုံး ကားတစ်စီး ပုံမှန်ဝင်ငွေ တစ်ထောင့် ငါးရာကျပ် ဆိုတဲ့ အာမခံချက် မျိုးတွေ မယုံသင့် တော့ပါဘူး။ လက်ရှိ အနေအထား ထက် မည်မျှပိုကောင်းမည် ဆိုသော အတိုင်း အတာ ဖြစ်နိုင်ခြေ တစ်ခုအထိ ကတိပေးသူ ကိုသာ အထင်ကြီး လေးစား သင့်တာပါ။ ရည်မှန်းချက်ကို သိရလျှင်လည်း အကောင်အထည် ဖေါ်မည့် နည်းလမ်း ကိုပါ သိရှိနားလည် ဆန်းစစ်နိုင်ရပါမည်။


မြန်မာပြည်မှာ အဓိက အကျဆုံးဖြစ်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စ သယံဇာတခွဲ ဝေမှုကိစ္စ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ လူ့အခွင့်အရေး ကိစ္စ ခိုးဝင်ဘင်္ဂလီများကိစ္စ မြေယာ သိမ်းဆည်းခံပြဿနာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး  ပညာရေး နိုမ့်ကျမှု လျှပ်စစ်ဓါတ်အား မလုံလောက်မှု အလုပ်လက်မဲ့ ပြဿနာ ကုန်ဈေးနှုန်း တည်ငြိမ်ရေး ယာဉ်ကြောပိတ်ဆို့မှု  ဒါတွေဟာ ကိုယ်စားလှယ်လောင်း အပေါ်မှာ အလွယ်တကူ မှတ်ကျောက် တင် နိုင်မည့် မေးခွန်းတွေ Issue တွေ ဖြစ်ပါတယ်။  ဒီမေးခွန်းတွေကို ဘယ်လို ပြန်ဖြေ ရမယ် ပုံသေနည်း မရှိပါဘူး။ သူပြန်ဖြေတာ ကိုယ်မျှော်လင့် ထားတာနှင့် ကိုယ်ဖြစ်စေချင်တာကိုက်နေရင် ကျေနပ်လောက်သော အဖြေဖြစ်နေလျှင် မဲပေးလိုက်ယုံပါပဲ။ ကိုယ်စားလှယ်ဘက်ကတကယ်ပြောတဲ့ အတိုင်းလုပ်မလုပ် ရိုးသားမှု ကိုတော့နောက် ကြောင်း ရာဇ၀င်ကို ကြည့်ချင်ကြည့်၊ ကြည့်လို့ မရနိုင်လို့ စိတ်တိုင်းမကျခဲ့ရင်တော့ နောက် ရွေးကောက်ပွဲအထိ သည်းခံစောင့်မလား Right to recall ကို သုံးမလား ဆုံးဖြတ်ရမှာပါပဲ။


ထိုင်းမှာ ယခင် အာဏာရခဲ့တဲ့ ပါတီက တောင်သူလယ်သမားတွေ အတွက် သီးနှံ ဆိုင်ရာ ဈေးနှုန်း အာမခံချက်တွေ ပေးပြီးမဲဆွယ်ခဲ့ပါတယ်။ တကယ်လည်း ပေါက်ဈေးနိုမ့်သွားချိန်မှာတောင် အရှုံးခံပြီးအာမခံဈေး အတိုင်း ၀ယ်ပေးခဲ့လို့ လယ်သမား အောက်ခြေလူတန်းစားတွေ အဆင်ပြေပြီး ကျေနပ်ကြ ပေမယ့် အခွန်ထမ်းပြည်သူတွေ ၀န်ထမ်းတွေ လူလတ်တန်းစားတွေ သူဌေး သူကြွယ် တွေ မကျေနပ်လို့ ဆန္ဒပြရင်း အစိုးရ ပြုတ်ကျပါတယ်။ တိုင်းပြည် ဘဏ္ဍာ အလွဲသုံးမှု နှင့် ၀န်ကြီးချုပ် ဟောင်း လည်း တရားစွဲ ခံရပါတယ်။ ဒါကတော့ မဲဆွယ်ဖို့ ပြည်သူလူထု အလိုကို လိုက်ယောင်ဆောင်ရင်း ဖြစ်တဲ့ စီမံခန့်ခွဲမှု အမှားတွေပါ။


ဒါ့အပြင် ကိုယ်စားလှယ်တွေ ရဲ့ ကိုယ်ရေး အချက်အလက်တွေ ကလည်း သူ့ကို လူကဲခတ်ဖို့ အသုံးဝင်မှာပါ။ သက်ဆိုင်ရာမြို့နယ် မှာနေထိုင်သူ ဖြစ်နေရင်တောင် မဲဆန္ဒရှင်တွေက ကိုယ်ရေးရာဇ၀င် မသိသေးသူဖြစ်နေရင် တကယ်လို့ နယ်ခံမဟုတ်ဘဲ ဗဟိုက ချပေးတဲ့ ကိုယ်စားလှယ်ဖြစ်နေရင် တော့  ပိုပြီးတော့ လိုအပ်ပါတယ်။ ကိုယ်စားလှယ်၏ လူမျိုး အသက်အရွယ် ပညာအရည်အချင်း အလုပ်အကိုင် စီးပွားရေးအခြေအနေ ပြည်တွင်းပြည်ပ အတွေ့အကြုံတွေ ကုန်ကုန်ပြောရရင် ဘယ်လိုလူမျိုးနှင့် အိမ်ထောင်ဖက် ဖြစ်နေသလဲဆိုတာ အထိ အကဲ ဖြတ်ဖို့ လိုပါတယ်။

အရွေးချယ်ခံ ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့ဝင်သာ မဖြစ်ဘူး ဆိုရင် လွှတ်တော် အသီးသီးကို ၀င်ရောက်လာမှာဖြစ်တဲ့ အတွက် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေး မဏ္ဍိုင်ကို ကိုယ်စားပြုဆောင်ရွက်ကြ မှာဖြစ်ပါတယ်။ ဒီအတွက် ဥပဒေပိုင်းဆိုင်ရာတွေမှာ တီးမိခေါက်မိ နှံ့စပ်ဖို့ လိုမှာပါ။ အစိုးရအုပ်ချုပ်ရေး အပိုင်းကို လည်း လိုအပ်သလိုဝေဖန်ထောက်ပြ ရမှာ ဖြစ်လို့ အုပ်ချုပ်ရေး စီမံခန့် ခွဲရေးတွေကိုလည်း လေ့လာ  သိရှိထားဖို့ လည်း လိုပါမယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်လာရင် အရှိန်အ၀ါ ခံစားခွင့် လုပ်ပိုင်ခွင့်တွေ ရှိလာမှာ ဖြစ်တဲ့ အတွက် အကျင့်စာရိတ္တ ကောင်းမွန်ဖို့ လည်းလိုအပ်မှာပါ။ ဒါ့အပြင် အများကို ကိုယ်စား ပြုသည့် ခေါင်းဆောင် တစ်ဦးနေရာကို ရောက်လာပြီဖြစ်တဲ့ အတွက် ဘာသာရေး ယုံကြည် သက်ဝင်မှုကို လည်းထည့် သွင်းစဉ်းစားဖို့ လိုဦးမှာပါ။

ကိုယ်စားလှယ်တွေ၏ ဘ၀ဖြတ်သန်းမှု ၄င်း၏ ကိုယ်ပိုင်ဘ၀ကို ဘယ်လို တည်ဆောက်ထားလဲ မည်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်နေသလဲ ကျိုးစားအားထုတ်မှု အောင်မြင်မှုတွေ ကိုလည်း လေ့လာသင့် ပါတယ်။ မိမိကိုယ်ကို အကောင်းဆုံး တည်ဆောက် နိုင်သူဖြစ်မှသာ အများအကျိုးကို ဆောင်ရွက်နိုင်သော ယုံကြည် ကိုးစားရသူ ဖြစ်နိုင်မှာပါ။ ကိုယ်စားလှယ်ရဲ့ ငွေကြေးပိုင်ဆိုင်မှု စီးပွားရေး အခြေအနေကို မူတည် စဉ်းစားတဲ့အခါ ငွေရှိသူ ဖြစ်ပါက လာဘ်မစားတော့ လောက်ဘူးလို့ ငွေကြေးမပြည့်စုံပါက ငွေကြေးနှင့် စွဲဆောင်အသုံးချ ခံရနိုင်တယ်လို့ ယေဘုယျ တွေးခေါ်တတ်ကြသော်လည်း အချို့နိုင်ငံတွေမှာ ငွေကြေး ချမ်းသာတဲ့ လုပ်ငန်းရှင် အမတ်တွေက ဥပဒေတွေကို သူတို့လုပ်ငန်း အရေးသာဖို့ ပြင်ဆင်အသုံးချတတ်တာကို လည်း သတိထားရပါမယ်။


ဥပမာ။ ။အမေရိကန်မှာ စစ်သုံးစားရိတ် တိုးရဖို့ စစ်မျက်နှာတွေ အသစ် ဖွင့်ဖို့ ကို လက်နက်ကုမ္ပဏီတွေက မွေးထားတဲ့ အမတ်တွေက ထောက်ခံ အတည်ပြုကြပါတယ်။ မြန်မာပြည်မှာလည်း သတ္ထု တွင်းလုပ်ငန်းလုပ် ကိုင်သူလုပ်ငန်းရှင် အမတ်က သတ္ထုတွင်း ဥပဒေ နှင့် ပတ်သတ်ပြီး အသာစီး ရဖို့ကျိုးစားတာတွေ တွေ့ရဖူး ပါတယ်။


ပြီးခဲ့သောရွေးကောက်ပွဲ မတိုင်မီက သူငယ်ချင်းများနှင့် တွေ့ဆုံချိန်မှာ သူငယ်ချင်းတစ်ယောက်က အကြံဥာဏ်တောင်းပါတယ်။ တို့မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ပဲ ၀င်ပြိုင်တာ နှစ်ယောက်လုံး နောက်အိမ်ထောင်တွေနှင့် ဆိုတော့ ဘယ်သူ့ကိုရွေးပြီးမဲပေးရင် ကောင်း မလဲ စဉ်းစားနေရတယ်။ တစ်ယောက်က မိန်းမနှစ်ယောက်ကို တစ်အိမ်စီ ထားတယ် တစ်ယောက်က မိန်းမနှစ်ယောက်လုံး တစ်အိမ်ထဲထားတာလို့ ပြောတော့ မိန်းမနှစ်ယောက် တစ်အိမ်ထဲထားတဲ့သူကိုပေးသင့်တာပေါ့ သူက စေ့စပ်ညှိနှိုင်းမှုနှင့် စီမံခန့်ခွဲမှု စွမ်းရည်ပိုကောင်းတယ်ဆိုတာ အကဲခတ် နိုင်တယ်လို့ ပြန်နောက်ပြောင် ခဲ့ဖူးပါတယ်။ ဆိုလိုချင်တာက တခါတလေတော့ လည်း လျှပ်တစ်ပြက် ထူးခြားဖြစ်စဉ်တွေနှင့် လူကဲခတ် နိုင်တာကို ပြောချင်တာပါ။
ပြည်သူတစ်ဦးချင်း ကတော့ ဒါတွေ အကုန်လုံးကို အကဲခတ် နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး နီးစပ်ရာ အဆင်သင့်ရာ ဘာသာရေး လူမျိုးရေး ဆန္ဒစွဲ လေး တွေနှင့်သာဆုံးဖြတ်ပြီး မဲပေးကြမှာပါပဲ။  ပြည်သူလူထုက သမာသမတ် ကျသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအချို့၏ မှတ်ချက်နှင့် ထောက်ခံမှုကိုပဲ အားကိုးရမှာ ဖြစ်သလိုအချို့အခြေအနေတွေမှာ ကျတော့လည်း အစဉ်အလာအရ ရှိသော ကိုယ်စားလှယ်၏ ပုံရိပ်ကို ဖြစ်စေ ပါတီပုံရိပ်ကို ဖြစ်စေ ပါတီခေါင်းဆောင်၏ ပုံရိပ်ကိုဖြစ်စေ ယုံမှတ်ပြီးပုံ အပ်ကြရမှာပါ။


ပြီးခဲ့သောရွေးကောက်ပွဲများကို သုံးသပ်ကြည့်မယ်ဆိုရင် ကိုယ်စားလှယ် တစ်ဦးချင်း၏ စွမ်းဆောင်ရည် အရည်အချင်းထက် ပါတီပုံရိပ်ကို အားကိုးပြီး ပေးခဲ့တဲ့ မဲတွေ ရှိသလို မိမိတို့ နှစ်သက်သူ မပါလာလို့ မဲမပေးပဲ နေခဲ့ကြ သောကြောင့် နစ်နာဆုံးရှုံးခဲ့သော ပြည့်သူ့ဆန္ဒတွေ လည်းရှိခဲ့ပါတယ်။ တချို့ကလည်း မဲထည့်လည်းမထူးပါဘူး မဲလိမ်ခံရမယ် ဆိုပြီး စိတ်လျော့ လိုက်လို့ အလုပ်ရှုပ် မခံချင်သော အတွေးကြောင့် အဟောသိကံ ဖြစ်ရသော မဲတွေ လည်းရှိခဲ့ ပါသေးတယ်။ ပညာရေးနိုမ့်ကျမှု ဗဟုသုတနည်းပါးမှု ကြောင့် မဲလာထည့်သော်လည်း ပယ်မဲ ဖြစ်ခဲ့ရတာတွေ လည်းရှိခဲ့ပါတယ်။  နောက်နောင် အကြိမ်တွေမှာတော့ ပြည်သူ လူထု၏ ရွေးကောက်ပွဲ အပေါ် မြင်တဲ့ အမြင်တွေ တိုးတက်ကောင်း တိုးတက် လာမှာပါ။


ရွေးကောက်ပွဲအပေါ် ယုံကြည်မှုရှိ လာတာ စိတ်ဝင်စားမှုများလာတာ နှင့်အမျှ ရွေးကောက်ပွဲသည် မိမိတို့ တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့်ပွဲ တိုင်းပြည်အနာဂတ်ကို ရွေးချယ်ခွင့် မိမိလက်ဝယ် ရရှိ သည့် နေ့တစ်နေ့ဖြစ်တယ် ဆိုတာကို ခံယူတတ်လာမည် ဆိုလျှင် ဒီမိုကရေစီ စနစ်နှင့် အံဝင်ခွင်ကျသော ပြည်သူလူထု ကိုတွေ့ရှိလာရမှာပါ။


ပြည်သူလူထု၏ အသိအမြင် အတွေး အခေါ်ရေချိန်နှင့် ညီမျှသော အစိုးရ ကိုသာ တိုင်းပြည်အတွက် ရနိုင်မှာ ဖြစ်လို့ ရွေးကောက်ပွဲ နှင့်ဆိုင်သော အသိပညာတွေကို ဖြန့်ဝေပေးခြင်း ကလည်း တိုင်းပြည် အတွက် အခြေခံ ကျသော ပံ့ပိုးမှုပါပဲ လို့ပြောပြချင် ပါတယ်။


 စာရေးသူ - Wunna Phay Thaw

ကျွန်တော့်ရဲ့ The Myanmar Review ဂျာနယ် ၂၆-၆-၂၀၁၅ ရက်စွဲ အတွဲ(၁)  အမှတ်(၅၀)ပါ ဆောင်းပါးလေးပါ။ ရွေးကောက်ပွဲ မဲဆွယ်ကာလ နီးပြီမို့ ပြန်လည် ဖေါ်ပြပေးလိုက်ပါတယ်။

0 comments: