Thursday, August 15, 2013

ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူ့ ဗဟိုပြု ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မြိတ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ကျွန်းရတနာ အစည်းအဝေး ခန်းမ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူ့ ဗဟိုပြု ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ခိုင်ဖြိုး ပါတီ ၊ NLD ပါတီ၊ တစည ပါတီ တို့မှ ကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ တို့မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ 


အစည်းအဝေးတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ၂၀၁၃ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲတွင် နိုင်ငံတော် သမ္မတကြီးမှ ပြည်သူ့ ဗဟိုပြု အဖွဲ့အစည်းများ ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရေးအတွက် မိန့်ကြား ခဲ့ကြောင်း၊ သြဂုတ်လ (၁၂) ရက်နေ့တွင်လည်း နိုင်ငံတော် သမ္မတရုံးမှ ၀န်ကြီးများ ဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့မှ သမ္မတကြီး၏ မိန့်ကြားချက်များကို ထပ်ဆင့် ရှင်းလင်းခဲ့ကြောင်၊ သို့ဖြစ်၍ မြိတ်ဒေသ အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူ့ ဗဟိုပြု အဖွဲ့အစည်းများဖြင့် ပွင့်လင်း မြင်သာမှု ရှိရှိဖြင့် ဆောင်ရွက်နို င်ရေး  တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့အပြင် နောက်လာမည့် တွေ့ဆုံ ဆွေးနွေး ပွဲများ တွင်လည်း ပါတီ အဖွဲ့အစည်းများ အနေဖြင့် ဒေသခံ ပြည်သူ များ၏ လိုအပ်ချက် ၊ အခက်အခဲ များအား တင်ပြ ဆွေးနွေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြီး အစည်းအဝေး တက်ရောက် လာသူများ၏ မေးမြန်းချက်များအား ပြန်လည် ဆွေးနွေးကာ (၂)နာရီ ခွဲ အချိန်တွင် အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 





0 comments: