Sunday, January 6, 2008

ပင်လယ်ရေမှော် (Seaweed ) မွေးမြူရေးလုပ်ငန်း

တိုးချဲ့ရမည့် ပင်လယ်ရေမှော် (Seaweed ) မွေးမြူရေးလုပ်ငန်း

စာရေးသူ - အောင်မင်းသူ (အဏ္ဏ၀ါသိပ္ပံ)


ပင်လယ်ရေမှော် မွေးမြူရေးလုပ်ငန်း

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝှမ်း နေ့စဉ် တိုးတက်နေသော လူဦးရေ၏ စားနပ်ရိက္ခာ ဖူလုံမှုအတွက် ပင်လယ် သမုဒ္ဒရာနှင့် ဆက်စပ်နေသော ရေချို၊ ရေငန်များမှ ရေပြင် သယံဇာတ ထုတ်လုပ်မှုကို များစွာ မှီခို အားထား ရလျှက် ရှိပါသည်။ ထိုသို့ လူသားများအတွက် အဓိက ကျသော ရေသယံဇာတမှ ရရှိသည့် စားနပ်ရိက္ခာကို သဘာဝမှ ဖမ်းဆီး ထုတ်လုပ်ခြင်း တစ်ခုတည်းကိုသာ အမှီပြု နေရမည့်အစား ရေတွင် မွေးမြူထုတ်လုပ်ခြင်း (Aquaculture) ကိုပါ အလေးထား ဆောင်ရွက် ရန် လိုအပ်လျက် ရှိပါသည်။ ကျယ်ဝန်းလှသော မြန်မာ့ပင်လယ်ပြင်ရှိ ကမ်းခြေ ဒေသ ( Coastal ) အတွင်း ငါးမျိုးစုံ ကျင်လည် ကျက်စားပြီး ပေါများစွာ တည်ရှိနေသည့် ရေနေ သတ္တ၀ါ မျိုးစုံ စဉ်ဆက် မပြတ် ရပ်တည် နေနိုင်ရေး အတွက် အကျိုးအမြတ် ရရှိရန် သေချာသော ရေတွင်မွေးမြူရေး ( Mariculture ) ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ပြည်ပပို့ကုန် အမယ်သစ်ဖြစ်သော ပင်လယ် ရေမှော် မွေးမြူရေး လုပ်ငန်းအား တိုးချဲ့ ဆောင်ရွက်ရန် လိုအပ်လျက် ရှိပါသည်။

ပင်လယ်ရေမှော် (Seaweed ) အမျိုးအစားများ

ပင်လယ်ရေမှော် (Seaweed) ၏ ဇီဝဗေဒ အမည်မှာ (Eucheuma Cottonii ) ဖြစ်ပါသည်။ မြိတ်ကျွန်းစု ရေပြင်အတွင်း မွေးမြူထားသော (Seaweed ) အမျိုးအစားများမှာ ( Phaeophycae ) အညိုရောင် ရေမှော်နှင့် ( Chilorophycae ) အစိမ်းရောင် ရေမှော်တို့ ဖြစ်ပါသည်။ ပင်လယ်ရေမှော် (Seaweed) မွေးမြူလျက် ရှိသည် နိုင်ငံများမှာ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ တို့ ဖြစ်ပါသည်။

ပင်လယ်ရေမှော် (Seaweed ) မွေးမြူနိုင်သည့် ပထ၀ီ အနေအထား

ပင်လယ်ရေမှော် (Seaweed ) မွေးမြူနိုင်ရန်အတွက် အောက်ဖော်ပြပါ ပထ၀ီ အနေအထား များ လိုအပ် ကြောင်း လေ့လာ စမ်းသပ် တွေ့ရှိရပါသည် -

(က) အီကွေတာမျဉ်းမှ လတ္တီတွဒ် ၁၀ ဒီဂရီ အနီး ပတ်ဝန်းကျင်တွင် ရှိခြင်း၊

( ခ) အပူချိန်မျှတပြီး နေ့ / ည အပူချိန် ကွာခြားမှု နည်းပါးခြင်း၊

( ဂ) ပင်လယ်ရေထုအတွင်း (nutriencts) ပါဝင်မှု ပြည့်ဝလုံလောက်ခြင်း၊

(ဃ) ရေစီးကြောင်း စီးဆင်းမှု ကောင်းမွန်ခြင်း၊

( င) ရေကြည်နှုန်း ပြည့်ဝ လုံလောက်ခြင်း၊

( စ) ပင်လယ်ရေလှိုင်းပမာဏ များစွာ မကြီးခြင်း၊

(ဆ) ဆားငန်နှုန်းအမှတ် 25 PPT အထက် ရှိခြင်း။


ပင်လယ်ရေမှော် (Seaweed ) မွေးမြူသည့် နည်းစနစ်

ပင်လယ်ရေမှော် (Seaweed ) မွေးမြူသည့် နည်းစနစ်မှာ ကြိုးတန်းတွင် ချည်နှောင်၍ မွေးမြူနည်း Multiple raft long – line culture ဖြစ်ပြီး အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင် ရပါသည် -

(က) မွေးမြူမှု ပထမအနေဖြင့် ( 6 mm – 8 mm ) နိုင်လွန်ကြိုးတန်းများကို ပင်လယ်ရေမျက်နှာပြင် အောက် ၂ပေ၊ ၃ ပေခန့်ထားပြီး အလျားလိုက် သွယ်တန်းရပါသည်။

( ခ) ထိုကြိုးတန်းပေါ်တွင် ( Seaweed ) များကို တစ်ပင်လျှင် ၈ လက်မခန့်ခြား၍ ပင်လယ်ရေအောက် ၃ ပေထက် မမြှုပ်ရန် ဖော့သီးများကို ၂၅ ပေစီ ခြား၍ ချိတ်ဆွဲပေးရပါသည်။

( ဂ) ပင်မကြိုးတန်း တစ်တန်းနှင့် တစ်တန်း အကွာအဝေးကို (၁၅ ပေ - ၃၀ပေ ) ထားရှိ ရပါသည်။

(ဃ) စတင်မွေးမြူမည့် ပျိုးပင်တစ်ပင်၏ အလေးချိန်မှ ၁၀၀ ဂရမ် ရှိရပါသည်။

( င) မွေးမြူထားရှိသော ( Seaweed ) များကို ရက် ၄၀ အကြာတွင် ရိတ်သိမ်းရပါသည်။

(စ) ရိတ်သိမ်းပြီးသော ကြိုးတန်းများအား နောက်တစ်ကြိမ် ပြန်လည် မွေးမြူနိုင်ရန် ရိတ်သိမ်း ထားသော ( Seaweed ) များမှ ချန်လှပ်၍ ကျန်ရှိသော ( Seaweed ) များကို သဘာဝ နေရောင်ခြည် ဖြင့် အခြောက်ခံ လှမ်းရပါသည်။

(ဆ) အရည်အသေး ပြည့်မီသော (Seaweed ) များရရှိရန် ၃ ရက်ခန့် နေလှန်းရမည် ဖြစ်ပြီး ရေငွေ ပမာဏမှာ (၃၀ % မှ ၃၈ % ) အထိသာ ရှိရပါမည်။

( ဇ) ( Seaweed ) များ ခြောက်ခါနီမှ ရေထိလျှင် အာနိသင် ပျက်ပြယ်ပါသည်။

(ဈ) ( Seaweed )များအား တန်းဖြင့် သော်လည်းကောင်း၊ စင်ဖြင့် သော်လည်းကောင်း နေလှန်း ပါသည်။ ရိတ်သိမ်း ရရှိသော ( Sea weed ) အား နေလှန်း၍ အခြောက်ခံပါက ( Dried Seaweed ) ၂၀% ရရှိပါသည်။

(ည) ရရှိသော ( Dried Seaweed ) များကို အိတ်များအတွင်း ထည့်သွင်းစုဆောင်း၍ မွေးမြူသူများ အနေဖြင့် ရောင်းချခြင်း အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

(ဋ) (Seaweed) များအား တစ်နှစ်တာလုံးအတွက် (၅)ကြိမ်မှ (၇)ကြိမ်အထိ မွေးမြူ ထုတ်လုပ် နိုင်ပါသည်။

(ှဌ) မွေးမြူသည့် ရက် (၄၀) ကာလအတွင်း အပင်ကြီးထွားနှုန်းမှာ (၁၀) ဆ ဖြစ်ပါသည်။

(ဍ) (Seaweed) (၁) ကီလိုဂရမ်၏ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ် ၄၀ ဖြစ်ပါသည်။


(Seaweed) မွေးမြူရန် လိုအပ်သော ပစ္စည်းများ

ပင်လယ်ရေမှော် ( Sea weed ) တစ်တန် မွေးမြူရန်အတွက် ၆၄၀ ပေ x ၃၂၀ ပေ အကျယ်အ၀န်း ဧရိယာ ၂၀၄၈၀၀ စတုရန်းပေ၊ ( ၄.၂၃) ဧက အတွက် အောက်ပါ ပစ္စည်းများ လိုအပ်ပါသည် -

(က) ပင်လယ်ရေမှော် ( Seaweed ) (၁)တန်

(ခ) (၆ mm ) ကြိုး ၁၅၀၀၀ မီတာ နှင့် (၈ mm ) ကြိုး ၄၀၀၀ မီတာ

(ဂ) ဖော့သီး ၆၀၀ လုံး

(ဃ) အချက်ပြ အလံ (၈) ခု

(င) ကျောက်ချရန် ကျောက်တုံးနှင့် ကြိုးများ

(စ) အခြောက်လှမ်းစင်

မွေးမြူနိုင်သော နေရာများ

တနင်္သာရီ ကမ်းရိုးတန်းဒေသ အတွင်း Seaweed မွေးမြူနိုင်သော နေရာများမှာ တနင်္သာရီတိုင်း ကမ်းရိုးတန်း ဒေသ တောင်ပိုင်း ဒေသရှိ ကျွန်းစု များတွင် မွေးမြူ လုပ်ကိုင် နိုင်ရန် အတွက် အခြား လိုအပ်ချက် များနှင့် လွန်စွာ ကိုက်ညီလျက် ရှိပါသည်။

ပင်လယ်ရေမှော် Seaweed အသုံးပြုပုံ

ပင်လယ် ရေမှော် Seaweed များမှ ထုတ်ယူသော ( Carrageenan ) မှ အောက်ပါ လုပ်ငန်း များတွင် အသုံးပြုကြ ပါသည်။ Seaweed Industry ထုတ်လုပ်လျှက် ရှိသော နိုင်ငံများမှာ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနိရှား နှင့် ဇန်ဇီဘာ ( Zanzibar ) နိုင်ငံများ ဖြစ်ကြပါသည်။ Seaweed မှ ရရှိသော ( Carrageenan ) ကို အသုံးပြု သော နိုင်ငံများမှာ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ဒိန်းမတ်၊ ပြင်သစ်၊ အင်္ဂလန်၊ နော်ဝေး၊ စပိန် တို့ ဖြစ်ပါသည်။

(က) စားသောက်ကုန် ပစ္စည်း ထုတ်လုပ်ခြင်း၊

( ခ) အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊

( ဂ) ဆေးဝါးပစ္စည်းများ ထုတ်လုပ်ခြင်း၊


ဈေးကွက်အလားအလာ

ပင်လယ်ရေမှော် မှ ရရှိသော ( Carrageenan )ကို ကမ္ဘာနှင့် အ၀ှမ်း စားသောက်ကုန် လုပ်ငန်း များတွင် ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်း အသုံးပြုလျက်ရှိပြီး ကျန်းမာရေးနှင့် ကိုက်ညီသော ဆေးဖက် ၀င် အစားအစာ အဖြစ် အားထား လာကြပါသည်။ အဆိုပါ စားသောက်ကုန် လုပ်ငန်း များအတွက် ( Carrageenan ) ဈေးကွက် လိုအပ်ချက်မှာ နှစ်စဉ် တိုးတက်လျက် ရှိပါသည်။ Seaweed မွေးမြူရေး လုပ်ငန်းသည် ပျိုးပင်များ ပြည့်စုံပါက မွေးမြူချိန် ရက် (၄၀) နှင့် အခြောက်လှမ်းချိန် (၃)ရက် စုစုပေါင်း (၄၃) ရက်အတွင်း ၀င်ငွေ ပြန်လည် ရရှိနိုင်သော လုပ်ငန်း ဖြစ်သည့် အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း အထောက်အကူ ဖြစ်စေသည့် နှစ်တို စီးပွားရေး လုပ်ငန်း ဖြစ်ပါသည်။ Dry Seaweed တစ်တန်လျှင် ၅၀၀ ဒေါ်လာကျော် ရရှိပြီး Seaweed Powder တစ်တန်လျှင် ၃၀၀၀ ဒေါ်လာ ရရှိမည် ဖြစ်ပါသည်။

သို့ဖြစ်၍ ပင်လယ်ရေမှော် မွေးမြူခြင်း လုပ်ငန်းသည် နိုင်ငံတကာတွင် အောင်မြင်ဖြစ်ထွန်းနေသည့် လုပ်ငန်း ဖြစ်သည့်အတွက် တိုးချဲ့ မွေးမြူ ဆောင်ရွက်သင့်ပြီး တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသ တောင်ပိုင်းသည် ပထ၀ီ အနေအထား ကောင်းမွန်သည့် အတွက် ပင်လယ်ရေမှော် မွေးမြူရေး လုပ်ငန်း အောင်မြင်မှုများ အကျိုးဖြစ်ထွန်း ရရှိနိုင်မည် ဖြစ်ပါသည်။

0 comments: