Monday, March 3, 2014

မြိတ်မြို့တွင် ဘ၀အလင်းရောင် စာဖတ်ခန်း ဖွင့်လှစ်

လူတိုင်းအသိပညာ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်အားမြှင့်တင်ပေးနိုင်ရန် အတွက် မြိတ်မြို့ မြိတ်တောင် နယ်မြေ ဇေယျာသီရိ(၁) ရပ်ကွက်တွင် ဘ၀ အလင်းရောင်စာဖတ်ခန်းဖွင့်ပွဲအခမ်းအနားကို မတ်လ(၂)ရက် နံနက် (၈)နာရီက အဆိုပါ စာဖတ်ခန်းရှေ့တွင် ကျင်းပရာ ရှေးဦးစွာ စာဖတ်ခန်းအား ၀ိသုတာ ရာမကျောင်းတိုက် ဆရာတော်၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီး အရာရှိ ဒေါ်လှလှဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် ၀ိသုတာရာမကျောင်းတိုက် ဆရာတော်မှ သြ၀ါဒကထာမြွက်ကြား ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားသည်။ ယင်းနောက် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီး အရာရှိမှ စာဖတ်ခန်း အတွက် သုတ/ရသ စာအုပ်စာစောင်များ လှူဒါန်းပေးသည်။ ဆက်လက်၍ စာဖတ်ခန်းဖြစ်မြောက်ရေး အကျိုးတော်ဆောင် အဖွဲ့ ဥက္ကဌ ဦးအောင်အောင်မိုးက စာဖတ်ခန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။

ထိုနောက် စာဖတ်ခန်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့  နာယက ဦးမောင်အေးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ဖွင့်ပွဲသို့ တက်ရောက်လာကြသူများက စာရေးဆရာ ၀င်းမြအောင်(မြိတ်)၏ မျိုးချစ်သူသို့ ကဗျာကိုစုပေါင်းရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းလိုက်သည်။ အဆိုပါ စာဖတ်ခန်းသည် အလျား(၃၅) ပေ အနံ(၁၀)ပေ ရှိပြီး စာဖတ်ခန်းတွင် နံရံကပ်ဗီဒို(၄)လုံးဖြင့် သုတစာအုပ်(၄၃၀)ကျော်၊ ရသစာအုပ်(၅၀၀)ကျော်၊ သတင်းစာ ဂျာနယ် မဂ္ဂဇင်း(၃၇၀)ခန့်ရှိပြီး စာဖတ်ခန်းကို တစ်ပတ်လျှင် စနေနေ့မှ ကြာသပတေးနေ့အထိ နံနက်(၇)နာရီမှ(၉)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(မြိတ် ပြန်ဆက်)

0 comments: