Thursday, March 20, 2014

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

 ၂၀၁၄ ခုနှစ် မတ်လ (၁၄)ရက်နေ့ ညနေ (၅း၂၀)အချိန်ခန့်တွင် မြိတ်ခရိုင် အထူး မှုခင်းနှိမ်နှင်းရေး
အဖွဲ့မှ ရဲအုပ် ချိုလွင်နှင့် အဖွဲ့၊ တနရ (မှုခင်းအကူဌာနစိတ်)မှ ရဲတပ်ကြပ်ကြီး ကျော်မိုး၊ မြိတ်မြို့မရဲစခန်း နယ်ထိန်းအဖွဲ့မှ တပ်ကြပ်ကြီး မောင်ထွန်းနှင့် အဖွဲ့၊ အမှတ် (၄) နယ်မြေရဲကင်းမှ ဒုရဲအုပ် လှမျိုးဝေ ဦးစီးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ (၁)ရပ်ကွက်၊ သဇင်နွယ်လမ်း၊ မ/၁၀၃ နေ သက်ဦး (၄၅)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ် အခန်း အနောက်ဘက်ရှိ အိမ်သာအနီး ၀ှက်သိမ်းထားသော ပလတ်စတစ် အကြည်ရောင် ကပ်ခွာအိတ်ငယ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၈)ပြားပါ တစ်ထုပ်နှင့် (၁၃)ပြားပါ တစ်ထုပ်၊ စုစုပေါင်း ဆေးပြား (၃၁)ပြား၊ တန်ဘိုးငွေကျပ် (၁.၅၅) သိန်းနှင့် လက်ကိုင်ဖုန်း (၁)လုံးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 




 စစ်ဆေးချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား များအား မြိတ်မြို့၊ နောက်လယ်ရပ်၊ (၂)လမ်း၊ မ/၆၆ နေ မောင်မျိုး (၃၀) နှစ်ထံမှ ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် မောင်မျိုး၏ နေအိမ်အား ထပ်မံရှာဖွေခဲ့ရာ ပလတ်စတစ် အမဲရောင်လက်ဆွဲအိတ်အတွင်း UNITED အစိမ်းရောင် စက္ကူဗူးထဲမှ အပြာရောင်ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၁၄၂)ပြား၊ PARIS ဆပ်ပြာခွန်အတွင်းမှ အဖြူရောင် ပလတ်စတစ်နှင့် အပြာရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၉၉)ပြား၊ စာရေးစက္ကူဖြင့် ထုပ်ထားပြီး ပလတ်စတစ်အိတ် အကြည်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃၆)ပြား၊ စုစုပေါင်းဆေးပြား(၁၄၇၇)ပြား၊ တန်ဘိုးငွေကျပ် (၇၃.၈၅)သိန်းတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် သက်ဦး အား မြိတ် မြို့မရဲစခန်း မယ (ပ) ၁၀/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ ဖြင့်လည်းကောင်း၊ မောင်မျိုးအား မယ (ပ) ၁၁/၂၀၁၄၊ အထက်ပါဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments: