Tuesday, October 23, 2012

မြိတ်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မြိတ်မြို့နယ်အတွင်း မီးဘေးကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်း အနေဖြင့် မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို အောက်တိုဘာ (၂၃) ရက်နေ့ နံနက် (၈) နာရီအချိန်တွင်း မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် စည်ပင်သာရေးအဖွဲ့ပိုင် ဆိပ်ငယ်ဈေး(တိုက်ဈေး)တွင် ပြုလုပ်ခဲ့သည်။ ဇာတ်တိုက်လေ့ကျင့်မှု တွင် မြိတ်မြို့ရှိ ထားဝယ်စုရပ်ကွက်မီးသတ်ပိုင် မီးသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီး၊ မြိတ်တောင် ရပ်ကွက်မှ မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ ဆိပ်ငယ်ရပ်ကွက်မှ မီးသတ်ယာဉ် (၁)စီး၊ နောက်လယ် ရပ်ကွက်မှ မီးသတ်ယာဉ် (၁)စီး၊ အလယ်ကျွန်း ရပ်ကွက်မှ မီးသတ်ယာဉ် (၁)စီး၊ ကလွင်ကျေးရွာမှ ရေသယ်ယာဉ် (၁)စီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၂)စီး ၊ ရေသယ်ယာဉ် (၁)စီး စုစုပေါင်း (၁၃) စီး ပါဝင် လေ့ကျင့်ခဲ့သည်။ 

မြိတ်မြို့နယ်တွင် ယခင် မြို့နယ် မီးသတ်တပ်ဖွဲ့ စခန်းပိုင် မီးသတ်ယာဉ်များကို အားကိုးခဲ့သော်လည်း မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ပါက အစိုးရပိုင် မီးသတ်ယာဉ်များ အင်အားဖြင့် မငြိမ်းသတ်နိုင်သဖြင့် မီးအကြီးအကျယ် လောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ ထင်ရှားသော မီးလောင်မှုများမှာ ၁၉၈၉ ခုနှစ် လောင်ကျွမ်းခဲ့သော မြစ်ငယ်မီး၊ ၂၀၀၁ ခုနှစ်တွင် လောင်ကျွမ်း ခဲ့သော ကြောင်ငယ်မီး များမှာ မြို့တစ်ဝက် နီးပါးအထိ လောင်ကျွမ်းခဲ့သဖြင့် မြန်မာနိုင်ငံတွင် အကြီးအကျယ်လောင်ကျွမ်းသော မီး အဖြစ် ထင်ရှားသည်။ 

နောက်ပိုင်းတွင် ထားဝယ်စု ရပ်ကွက်မှ အစပြု၍ ရပ်ကွက် အသီးသီးတွင် ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ်များ ၀ယ်ယူ အားဖြည့် မှုများကြောင့် မီးလောင်ကျွမ်းမှု အကြီးအကျယ် မဖြစ်တော့ပဲ မီးလောင်မှုများအား အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သည်။ 




0 comments: