Wednesday, October 24, 2012

ကမ်းဝေးငါးဖမ်းရေယာဉ်များ ကမ်းနီး ၀င်ရောက် ဖမ်းဆီးနေခြင်း အပေါ် တားဆီးသွားရန် အစိုးရက ဆောင်ရွက်ရေး အဆို လွှတ်တော်က အတည်ပြု


မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသအတွင်း ကမ်းဝေး ငါးဖမ်း သင်္ဘောများအား ကမ်းနီး ငါးဖမ်း ဧရိယာအတွင်းသို့ ၀င်ရောက်  ငါးဖမ်းဆီးများအား ကြီးကြပ် တားဆီး ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံမဲ များသည့်အတွက် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးရန် လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။ 

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်  အစည်းအဝေး (၃၇)ရက်မြောက် နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးအုန်းတင် တင်သွင်းထားသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသအတွင်း ကမ်းဝေး ငါးဖမ်း သင်္ဘောများအား ကမ်းနီး ငါးဖမ်း ဧရိယာအတွင်းသို့ ၀င်ရောက်  ငါးဖမ်းဆီးများအား ကြီးကြပ် တားဆီး ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးစံပြည့်က ပင်လယ် ကမ်းဝေးတွင် ငါးဖမ်းဆီးခွင့် ရရှိသည့် ငါးဖမ်း သင်္ဘောများသည် ၄င်းတို့ ၀င်ရောက် ငါးဖမ်းခွင့် မရှိသည့် ကမ်းနီးငါးဖမ်း လုပ်ကွက်များသို့ ၀င်ရောက်၍ တရွတ်ဆွဲ ငါးဖမ်းပိုက် များဖြင့် ဖမ်းဆီးခြင်းကြောင့် ကမ်းနီး ရေလုပ်သားများ အဖို့ ငါးဖမ်းခွင့် မရရှိတော့ဘဲ ဖြစ်နေကြသည့်အပြင် ရေထဲသို့ ချထားသော ပိုက်ကွန်းများ ငြိတွယ်ပါသွားပြီး ပျက်စီးသွားခြင်း၊ ကမ်းနီးရေတိမ်ပိုင်းအတွင်းမှ ငါး၊ပုစွန်များ ခိုအောင်းရာ သန္တာကျောက်တန်းများ ပျက်စီးသွားရခြင်း၊ ငါး၊ ပုစွန် သားပေါက်များ  မှီခို စားသောက်စရာ နေရာနှင့် အစာများ မရှိတော့သဖြင့် နေရာ ပြောင်းရွှေ့  သွားကြခြင်း တို့ကြောင့် ငါး၊ ပုစွန်များ တစ်နှစ်ထက် တစ်နှစ် ရှားပါး ပြုန်းတီး သွားကြသဖြင့် ကမ်းနီး ငါးဖမ်းဆီးခွင့် လိုင်စင်ရ ဆင်းရဲသား ရေလုပ်သား များမှာ တစ်နှစ်ထက် တစ်နှစ် ကြေးမြီးများ တင်ရှိကာ ဆင်းရဲ နွမ်းပါး နေကြပြီး စားဝတ် နေရေး အခက်အခဲများ ရင်ဆိုင် ကြုံတွေ့ နေရကြောင်းကို ဖော်ပြထားပါကြောင်း၊ ထိုသို့ ကမ်းနီး လုပ်ကွက် အတွင်းသို့ ခိုးဝင် ငါးဖမ်းသော ကမ်းဝေး သင်္ဘော/ ရေယာဉ်များကို လုံခြုံရေး ဆောင်ရွက်သည့် တပ်မတော်(ရေ)မှ ဖမ်းဆီးမှု ပြုလုပ်သော်လည်း ကျယ်ဝန်း လှသည့် ပင်လယ်ပြင်တွင် ကွက်ပြည့် စောင့်ကြည့်  နိုင်သည့် အနေအထား မရှိသဖြင့် ထိန်းချုပ်ရန် မလွယ်ကူကြောင်း လေ့လာ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ (Vessel Monitoring Syetem) (VMS) စနစ် တပ်ဆင် ထားသော ကမ်းဝေး ငါးဖမ်း သင်္ဘော/ ရေယာဉ်များကို ငါးဖမ်းခွင့် လိုင်စင် ထုတ်ပေးခြင်းနှင့် စည်းကမ်း ဖောက်ဖျက်သော သင်္ဘော/ရေယာဉ်များ တွေ့ရှိပါက ကြီးလေးသော အပြစ်ဒဏ်များ ချမှတ်ခြင်းဖြင့် တားဆီးထိန်းချုပ်နိုင်မည့် ဖြစ်ကြောင်းကို အကြံပြု တင်ပြ လိုပါကြောင်းဖြင့် ထောက်ခံ ဆွေးနွေးသည်။

အဆိုနှင့် စပ်လျဉ်း၍ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် Check Point များတွင်သာ တရားဝင် မှတ်ပုံတင် ထားသော ကမ်းနီး ကမ်းဝေး ရေယာဉ်များ ၀င်ရောက်/ ထွက်ခွာခြင်း၊ မထွက်ခွာမီ ငါးဖမ်း ကိရိယာများ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ စုပေါင်းအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်အလိုက် စစ်ဆေးခြင်း များကိုသာ ဆောင်ရွက်နိုင်ပြီး ပင်လယ်ပြင်ရှိ ကမ်းဝေး ငါးဖမ်း ရေယာဉ်များအား ကာကွယ်ရေး ၀န်ကြီးဌာန၏ စစ်ဆေး ကြပ်မတ်မှုဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊

ကမ်းဝေး ငါးဖမ်း  ရေယာဉ်များ၏ လှုပ်ရှားမှုများကို သိရှိနိုင်မည့် ဂြိုလ်တုစနစ် အသုံးပြု ငါးဖမ်း စောင့်ကြပ် ထိန်းချုပ်သည့် စနစ် (Vessel Monitoring Syetem) (VMS)  ကို ငါးဖမ်း ရေယာဉ်များတွင် အသုံးပြုရန် စည်းရုံး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ နိုင်ငံခြား ငါးဖမ်း ရေယာဉ်များတွင် တပ်ဆင်  အသုံးပြုလျက်ရှိပြီး ပြည်တွင်း ငါးဖမ်း ရေယာဉ်များတွင် စည်းကမ်း ဖောက်ဖျက်သည့် ငါးဖမ်း ရေယာဉ် များအား အရေးယူ အပြစ်ပေးသည့် အနေဖြင့် (VMS ) စနစ်တပ်ဆင်အသုံးပြုရန် စီမံ ဆောင်ရွက်လျက် ရှိပါကြောင်း ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ကမ်းနီး ငါးဖမ်း ရေယာဉ်ငယ်များနှင့် သယံဇာတများကို ထိခိုက်စေသည့် ကမ်းဝေး ငါးဖမ်း ရေယာဉ်များ ကမ်းနီးဒေသသို့ ၀င်ရောက်ခြင်း မပြုရန် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်း လုပ်ငန်းရှင်များအား ရှင်းလင်း စည်းရုံး ပြောကြားခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဌက ယခုအဆိုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းဖြစ်သကဲ့သို့ လူဦးရေ တိုးပွား များပြားလာသည့် အခါတွင် ကုန်းပေါ်မှ အစားအစာဖြင့် မလုံလောက်သဖြင့် ပင်လယ်စာကို မှီခိုရမည် ဟုဆိုသည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် ကာကွယ်ရန် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်လဲ ဖြစ်ပါကြောင်း လက်ရှိ ဆောင်ရွက် နေသည့် ကာကွယ်ရေး စီမံချက်ဖြင့် မလုံလောက်ပါက အသစ် ပြန်လည်ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ခေတ်မီ ပစ္စည်းကိရိယာ အထောက်အကူ ပစ္စည်းများလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အင်အားနှင့် နည်းပညာ အားနည်းသည်ဆိုပါက ပြည်သူ့ အားကိုးရယူမှာ ဖြစ်သကဲ့သို့ ပြည်သူများကလည်း ၀ိုင်းဝန်း ပူးပေါင်း ကာကွယ် စောင့်ရှောက်ကြရန်လိုပါကြောင်း၊ ထို့ပြင် ငါးဖမ်းသမားများ၏ လက်ထဲတွင် သတင်းပို့ရန် အတွက် ဂြိုလ်တု ဆက်သွယ်ရေးစနစ်၊ ကင်မရာနှင့် ဂျီပီအက်ကဲ့သို့ အထောက်အကူပြု ပစ္စည်းများကို ငှားရမ်း ထုတ်ပေးထား နိုင်မည်ဆိုပါက သတင်းပေးပို့ရန် အဆင်ပြေပြီး အချိန်မီ ဖမ်းဆီး ကာကွယ်၍ ရနိုင်ကြောင်း၊ ဤလုပ်ငန်းများတွင် တိုင်းရင်းသား လုပ်ငန်းရှင်များကို ဦးစားပေး ချထားရန်လိုအပ်ပြီး ၄င်းတို့၏ ငါးဖမ်း စက်လှေများကို ခေတ်မီ စက်ကိရိယာများဖြင့် ပြည်ပ ငါးဖမ်း သင်္ဘောမျာနှင့် နှိုင်းယဉ်နိုင်အောင် ဆောင်ရွက်သင့်ကြောင်း၊ ထို့ကြောင့် ၀န်ကြီးဌာန များအနေဖြင့် ပြန်လည် ဆက်စပ်သုံးသပ်ရန် လိုပါကြောင်းဖြင့် သုံးသပ်ဆွေးနွေးသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ ဆန္ဒကို ရယူရာ ထောက်ခံမဲများသည့်အတွက် အဆိုကို အတည်ပြုကြောင်းကြေငြာသည်။
         

0 comments: