Wednesday, October 24, 2012

မြိတ်မြို့ ထားဝယ်ကမ်း ရပ်ကွက်တွင် မီးလန့်မှု ဖြစ်ပွား တရားမ၀င် ဓာတ်ဆီဆိုင်များ များပြားလာမှုကြောင့် မီးဘေး စိုးရိမ်နေရ



ပြီးခဲ့သော တနင်္ဂနွေနေ့က မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ် တားဆီးရေး အတွက် မီးငြိမ်းသတ်မှု သရုပ်ပြပွဲ ပြုလုပ်ပြီး ၂ ရက် အကြာ ယနေ့ (၂၄) ရက်နေ့ နံနက် (၁၁၃၀) အချိန်ခန့် တွင် မြိတ်မြို့ ထားဝယ်ကမ်း (၂) ရပ်ကွက် သီတာလမ်း အိမ်အမှတ် (၃၀)တွင် နေထိုင်သော ဒေါ်အေးမြင့်၏ နေအိမ်တွင် မီးလန့်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ငါးဖမ်းပိုက်များကို ၄င်းနေအိမ် မီးဖိုအနီးတွင် ထားရှိ ရာမှ မီးဖိုမှ မီးပွား လွှင့်စင်ပြီး ငါးဖမ်းပိုက်ဖုံပေါ် ကူးစက်လောင်ကျွမ်းမှုကြောင့် မီးသတ်ကား (၂) စီးဖြင့် ငြိမ်းသတ်ရာ (၅) မိနစ်အတွင်း မီးငြိမ်းသွားခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့တွင် မီးသတ်စက်နှင့် မီးသတ်ယာဉ်များ လုံလောက်မှု ရှိသော်လည်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုမှာ အားနည်း နေကြောင်း ၊ အထူးသဖြင့် ခြောက်သွေ့ ရာသီ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် မြိတ်မြို့တွင် လမ်းမကြီး ပေါ်ရှိ နေအိမ်များတွင် တရားမ၀င် ရောင်းချ နေသော ဓာတ်ဆီဆိုင်များ ပိုမို များပြားလာပြီး ဓာတ်ဆီသိုလှောင်မှု များပြား လာသဖြင့် မီးဘေးအန္တရာယ် အထူး စိုးရိမ်နေရကြောင်း ပြည်သူလူထုများက ဝေဖန် ပြောကြား လျက် ရှိပါသည်။ 

0 comments: