Friday, October 26, 2012

ကမ်းဝေး ၊ ကမ်းနီး ပင်လယ်ပြင် ငါးဖမ်းကိစ္စ လွှတ်တော်တွင် ထောက်ခံ ဆွေးနွေးသည့် ကိုယ်စားလှယ်သည် ပင်လယ်ပြင် မမြင်ဖူးသော ကချင်ပြည်နယ်မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်နေပြီး ကမ်းရိုးတန်းဒေသနေ လွှတ်တော်အမတ်များ ၀င်ရောက် ဆွေးနွေးခြင်း မရှိ




ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်  အစည်းအဝေး (၃၇)ရက်မြောက် နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးအုန်းတင် တင်သွင်းထားသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသအတွင်း ကမ်းဝေး ငါးဖမ်း သင်္ဘောများအား ကမ်းနီး ငါးဖမ်း ဧရိယာအတွင်းသို့ ၀င်ရောက်  ငါးဖမ်းဆီးများအား ကြီးကြပ် တားဆီး ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။
ထိုအဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးစံပြည့်က ပင်လယ် ကမ်းဝေးတွင် ငါးဖမ်းဆီးခွင့် ရရှိသည့် ငါးဖမ်း သင်္ဘောများသည် ၄င်းတို့ ၀င်ရောက် ငါးဖမ်းခွင့် မရှိသည့် ကမ်းနီးငါးဖမ်း လုပ်ကွက်များသို့ ၀င်ရောက်၍ တရွတ်ဆွဲ ငါးဖမ်းပိုက် များဖြင့် ဖမ်းဆီးခြင်းကြောင့် ကမ်းနီး ရေလုပ်သားများ အဖို့ ငါးဖမ်းခွင့် မရရှိတော့ဘဲ ဖြစ်နေကြသည့်အပြင် ရေထဲသို့ ချထားသော ပိုက်ကွန်းများ ငြိတွယ်ပါသွားပြီး ပျက်စီးသွားခြင်း၊ ကမ်းနီးရေတိမ်ပိုင်းအတွင်းမှ ငါး၊ပုစွန်များ ခိုအောင်းရာ သန္တာကျောက်တန်းများ ပျက်စီးသွားရခြင်း၊ ငါး၊ ပုစွန် သားပေါက်များ  မှီခို စားသောက်စရာ နေရာနှင့် အစာများ မရှိတော့သဖြင့် နေရာ ပြောင်းရွှေ့  သွားကြခြင်း တို့ကြောင့် ငါး၊ ပုစွန်များ တစ်နှစ်ထက် တစ်နှစ် ရှားပါး ပြုန်းတီး သွားကြသဖြင့် ကမ်းနီး ငါးဖမ်းဆီးခွင့် လိုင်စင်ရ ဆင်းရဲသား ရေလုပ်သား များမှာ တစ်နှစ်ထက် တစ်နှစ် ကြေးမြီးများ တင်ရှိကာ ဆင်းရဲ နွမ်းပါး နေကြပြီး စားဝတ် နေရေး အခက်အခဲများ ရင်ဆိုင် ကြုံတွေ့ နေရကြောင်းကို ဖော်ပြထားပါကြောင်း၊ ၀င်ရောက် ထောက်ခံ ဆွေးနွေးခဲ့သည်။
ထူးခြားသည်မှာ ကမ်းဝေး ၊ ကမ်းနီး ပင်လယ်ပြင် ငါးဖမ်းကိစ္စ ၀င်ရောက်ထောက်ခံ ဆွေးနွေးသည့် လွှတ်တော် ကိုယ်စားလှယ်သည် ပင်လယ်ပြင် မမြင်ဖူးသော ကချင်ပြည်နယ်မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်နေပြီး ကမ်းရိုးတန်းဒေသများရှိ ပင်လယ်ပြင်ကို အမှီပြု နေထိုင်သော တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း မှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးခြင်း မရှိသည်မှာ ထူးခြား ချက် တစ်ခု ဖြစ်နေကြောင်း၊ ကမ်းရိုးတန်းဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များ ပိုမို နားလည်သည့် ကိစ္စ ကို ၀င်ရောက်ဆွေးနွေးခြင်း မရှိပဲ နှာစေး နေကြကြောင်း၊ မည်သည့် အကြောင်းကြောင့် နှာစေးနေသည်မှာ မသိကြောင်း ဝေဖန် ပြောကြားလျက် ရှိသည်။ 

0 comments: