Monday, July 1, 2013

လူသတ်မှုကျူးလွန်သူအား မြိတ်ခရိုင်တရားရုံးမှ ထောင်ဒဏ်(၈)နှစ်ချမှတ်

၂၃-၉-၂၀၁၂ ရက်နေ့ ၁၅၃၀ အချိန် ထိုင်းနိုင်ငံ၊ ပကျွတ်မြို့၊ တလန်ဖွန်တီရက်နေ မမြင့်ကြွယ်(ခ) မမိကြွယ်(၃၃)နှစ်သည် ခင်ပွန်းဖြစ်သူ ကိုဝင်းတင်နှင့်အတူ နေအိမ်၌ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ စံသိန်း(ခ) စိုးမင်းအောင် (၄၆)နှစ်ရောက် ရှိလာပြီး ခင်ပွန်းဖြစ်သူ ၀င်းတင်အား အရက်သောက်ရန် လာခေါ်သဖြင့် ခင်ပွန်းဖြစ်သူမှာ စံသိန်း(ခ)စိုးမင်းအောင်နှင့်အတူ လိုက်ပါသွားခဲ့သည်။ ၂၄-၉-၂၀၁၂ ရက်နေ့ထိ ခင်ပွန်းဖြစ်သူ ပြန်လည်ရောက် ရှိလာခြင်း မရှိသဖြင့် စံသိန်း(ခ) စိုးမင်းအောင်၏ နေအိမ်သို့ သွားရောက် ရှာဖွေရာ ခင်ပွန်းဖြစ်သူအား တွေ့ရှိခြင်း မရှိသည့်အပြင် စံသိန်း(ခ) စိုးမင်းအောင်တို့ မိသားစု ကိုလည်း မတွေ့ရှိရ သဖြင့် ဆက်လက် ရှာဖွေရာ နေအိမ်နှင့် အနည်းငယ်ဝေးသော လူမနေသည့် တိုက်အိမ် အတွင်း မီးဖိုချောင် လက်ဆေးစင်အောက် ဘီရိုအတွင်းမှ ခင်ပွန်းဖြစ်သူ ၀င်းတင်၏ အလောင်း အား တွေ့ရှိရ သဖြင့် ထိုင်းနိုင်ငံ၊ ပကျွတ်ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည်။ စံသိန်း(ခ) စိုးမင်းအောင် တိမ်းရှောင် နိုင်သောနေရာများအား စုံစမ်းနေစဉ် တနင်္သာရီမြို့နယ်၊ မောတောင်ဘက်တွင် တိမ်းရှောင် နေကြောင်း သတင်းအရ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့မှ ၁၅-၁၀-၂၀၁၂ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းပြီး အရေးယူပေးရန်တိုင်တန်းခဲ့သဖြင့် တနင်္သာရီမြို့မရဲစခန်း(ပ)၅၃/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အမှုအား မြိတ်ခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၇၁/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေး ခဲ့ပြီး ပြစ် မှုထင်ရှားသဖြင့် ထိုင်းနိုင်ငံ၊ ပကျွတ်မြို့၊ တလန်တီဖွန်ရက်(ယခင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဂန္ဓမာလမ်း တောင်ပိုင်းရပ်ကွက်)နေ စံသိန်း(ခ) စိုးမင်းအောင် (၄၆)နှစ်အား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့်ထောင် ဒဏ်(၈)နှစ်ကျခံစေရန် ၂၅-၆-၂၀၁၃ ရက်နေ့က ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။


ရဲဇာနည်

0 comments: