Monday, July 1, 2013

မွေးကင်းစ ကလေးငယ်အား စွန့်ပစ်မှု ဖြစ်ပွား

၂၀၁၃ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ ညနေ (၄) နာရီ ကျော် အချိန်ခန့်တွင် မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ချောင်းကူးငယ်ရွာ မေတ္တာဝါဒီ ဘုန်းကြီးကျောင်းဘေး လူနေအိမ် မရှိသည့် ၀ါးရုံပင်အောက်တွင် မွေးကင်းစ မိန်းကလေးငယ် တစ်ဦးအား အနှီးအဖြူဖြင့် ထုပ်လျက် စွန့်ပစ်ထားသည်ကို ဒေါ်ဖြူဖြူလင်း (မူလတန်းပြ) ဆရာမမှ တွေ့ရှိရ၍ ရာအိမ်မှူး အား သတင်းပို့ပြီး စစ်ဆေးခဲ့ရာ ကလေးငယ်နှင့် အတူ ကြွပ်ကြွပ်အိတ် တစ်လုံး အတွင်း အ၀တ်အထည်အချို့နှင့် အတူ '' အဘအမည် - ကိုကျော်ဝေလွင် ၊ အမိအမည် - မအင်မွန် ၊ မွေးချိန် (၁၁)နာရီ (၁၈) မိနစ်၊ (၂၇-၆-၂၀၁၃) ၊ ပေါင်ချိန် (၆)ပေါင် (၁၀) အောင်စ ၊ (၄၅) ရက် ပြည့်လျှင် မွေးစာရင်း ပြန်လာယူပါ ၊ သားဆက်ခြားဆေး ပြန်လာထိုးပါ ၊ မွေးစာရင်း ပြန်လာယူပါ '' ဟု ရေးသား ထားသော စာရွက် တစ်ပိုင်းအား တွေ့ရှိရသဖြင့် မြိတ်မြို့မ ရဲတပ်ဖွဲ့ စခန်းသို့ အကြောင်းကြားထားပြီး ၄င်း ကလေးငယ်အား ဦးကျော်လင်း ၊ ခရေပင်လမ်း၊ ချောင်းကူးငယ်ရပ်မှ ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ထားလျက် ရှိကြောင်း သိရှိရသည်။ 


အဆိုပါ ကလေးငယ်သည် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း သားဖွားခန်းတွင် မွေးဖွားခဲ့ကြောင်း သိရှိရပြီး စာရင်းပေးထားသည့် လိပ်စာများအတိုင်း စုံစမ်း ကြည့်ရာ လိပ်စာများ လိမ်လည်ပေး ထားခြင်း ဖြစ်ကြောင်း၊ မွေးကင်းစ ကလေးငယ်အား စွန့်ပစ်သူ မိဘများအား အရေးယူ နိုင်ရေး အတွက် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းလျက် ရှိကြောင်း သတင်းရရှိပါသည်။
 ဓာတ်ပုံ - google


0 comments: