Tuesday, July 2, 2013

မီးသတ်ယာဉ် ထားရှိရန်နေရာနှင့် မီးသတ်ရေကန်အား လုပ်ငန်းရှင် တစ်ဦးမှ ဖြိုဖျက်ခဲ့သည့် အတွက် ပြည်သူလူထုများမှ တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တိုင်ကြား




တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ အုပ်စုသည် ရွာအပိုင်း(၁၂)ခုဖြင့် ဖွဲ့စည်း ထားသည့် ကျေးရွာ အုပ်စုဖြစ်သည်။ ရွာအပိုင်းလေး များတွင် ဒေသခံ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားပြီး အပိုင်းလိုက် မီးသတ်နှင့် ဓမ္မာရုံ ပူးတွဲ ဆောက်လုပ် ထားသည့် အဆောက်အဦးများ ရှိကြပါသည်။ မြိတ်မြို့တွင် မီးသတ်တပ်ဖွဲ့အား အကူအညီပေး နိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်စု မီးသတ်ယာဉ်၊ ရေသယ်ယာဉ် များကို ကိုယ်ထူကိုယ်ထ ၀ယ်ယူထား ကြပါသည်။ ထို့အတူ ကလွင် ကျေးရွာအုပ်စု တွင်လည်း ရေဂါလန်(၃၂၀၀)ဆန့် မီးသတ် ရေယာဉ် (၁)စီးကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် အများပြည်သူ ထည့်ဝင်ငွေ (၂၆၅)သိန်းဖြင့် ၀ယ်ယူထားပြီး ဖြစ်ပါသည်။ 


ထို့သို့ ၀ယ်ယူ ထားသော်လည်း မီးသတ် ရေယာဉ် ထားရှိရန် နေရာ မရှိသေးဘဲ တောရကျောင်းရပ် ဘုန်းတော်ကြီး ကျောင်းတွင် ကြုံသလို ထားရှိထားပါသည်။ ရွာအပိုင်းအလိုက် မီးသတ်၊ ဓမ္မာရုံ အဆောက်အဦးများ တွင်လည်း ထားရှိရန် နေရာ မလုံလောက်သဖြင့် ကလွင်ကျေးရွာ အုပ်စု၊ တောရကျောင်းရပ်၊ မီးသတ်၊ ဓမ္မာရုံဘေးရှိ မြေနေရာ လွတ်တွင် ထားရှိရန် စီစဉ်ကြ ပါသည်။ 

(ပုံပါ) အဆိုပါ နေရာလွတ်နှင့် ပတ်သက်၍ အများပြည်သူ ထည့်ဝင်ငွေဖြင့် ၀ယ်ယူထားသော မီးသတ် ရေသယ်ယာဉ် ထားရှိရန် အဆောက်အဦး ဆောက်လုပ်ရန် အခက်အခဲကြုံခဲ့ ရပါသည်။ ယခု တောရကျောင်းရပ်၊ မီးသတ် ဓမ္မာရုံ ဆောက်လုပ်ထားသော မြေနေရာ၏ ၀ဲ/ယာ အပါအ၀င် မြေနေရာသည် ၁၉၇၉ခုနှစ် ကတည်းက မီးသတ်၊ ဓမ္မုာရုံ အတွက် သတ်မှတ်ရန် ရပ်မိရပ်ဖများမှ စားကျက်မြေအား ကျေးရွာအုပ်စု ပိုင်မြေအဖြစ် တည်ရှိခဲ့ ပါသည်။ ရပ်သူရွာသား များမှာ ဆင်းရဲ၍ ထိုစဉ်က ဓနိမိုး၊ ယိုင်ကာ ၊ တဲသာသာ တည်ဆောက် ထားသော်လည်း ယခု မီးသတ်၊ ဓမ္မာရုံ တည်ဆောက်ရန် အတွက် လုပ်ငန်းရှင် တစ်ဦးအား ယာဖက်ရှိ မြေကွက်အား အခမဲ့ပေး၍ လုပ်ငန်းရှင်မှ တည်ဆောက် ပေးခဲ့ပြီး ၀ဲဖက်မြေနေရာတွင် ယခု နေရာလွတ်၌ ရေဂါလန်(၁၅၀၀)ဆန့် မီးသတ် ရေကန် တည်ဆောက်ထား ပါသည်။ 

ယခင် ကွယ်လွန်ပြီးသော ကျေးရွာအုပ်စု ဥက္ကဌမှ စားကျက်မြေအား ဂရန်မြေ အဖြစ် ချထားချိန်တွင် ရောင်းချသူ အမည်ပေါက် လျှောက်ထားပြီး ယခင် မြေအချို့ တစ်ဝက်နှင့် မီးသတ် ၊ ဓမ္မာရုံ ဆောက်လုပ်ရန် လဲလှယ် ခဲ့သော လုပ်ငန်းရှင်အား ကိုယ်ကျိုး အဖြစ် ရောင်းချခဲ့ ပါသည်။ ရပ်မိရပ်ဖများမှ သိရှိပြီး ကန့်ကွက်ခဲ့ ပါသည်။ ထိုသို့ ကန့်ကွက်သော်လည်း လုပ်ငန်းရှင်မှ ၄င်း၏ ကိုယ်ပိုင် အဆောက် အဦးများ ဆောက်လုပ်ရန် အတွက် မီးသတ် ရေကန်အား မေလ(၂၃)ရက်တွင် မြေတူးစက်ဖြင့် တူးဖြိုခဲ့ပြီး တပ်ဆင်ထားသော တရုတ်နီ(၁၈)ကောင် အင်ဂျင်နှင့် လေမှုတ်စက်တို့အား သိမ်းဆည်း သွားခဲ့သည်။ ကျေးရွာပိုင်မြေနေရာ ရှိပါလျက် ကျေးရွာပိုင် မီးသတ် ရေသယ် ယာဉ်အား ကြုံသလို ထားနေရပြီး အဆောက်အဦး ဆောက်လုပ်ခွင့် မရသဖြင့် ရပ်မိ ရပ်ဖများမှ မကျေနပ်မှုများ ဖြစ်ပေါ်လျက် ရှိပါသဖြင့် အဆိုပါ တောရကျောင်းရပ် မီးသတ်၊ ဓမ္မာရုံ အဆောက်အဦးဘေးရှိ ကျေးရွာပိုင် မြေနေရာ လွတ်တွင် ကျေးရွာပိုင် မီးသတ် ရေသယ်ယဉ် ထားရှိရန် ပြည်သူ(၃၇)ဦးမှ လက်မှတ် ရေးထိုး၍ ဒေသ အာဏာပိုင်ထံသို့ ပေးပို့ တင်ပြ တောင်းဆို ထားကြောင်း သတင်း ရရှိပါသည်။ 





0 comments: