Sunday, December 9, 2012

အမျိုးသားနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘောလိပ်ကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ ပြုလုပ်


(၉၂)နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်  ညောင်ပင်ကွင်းကျေးရွာအုပ်စု သဘော့လိပ်ကျေးရွာ၏ ကိုယ့်အား ကိုယ်ကိုး  ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို (၈-၁၂-၂၀၁၂) ရက်နေ့ နေ့လည် (၁၂) နာရီအချိန် ယင်းကျေးရွာရှိ စက်ရုံတွင် ပြုလုပ်သည်။ ထိုဖွင့်ပွဲ အခမ်းအနားတွင် သဘောလိပ်ကျေးရွာ ၀ဏ္ဏသီရိကျောင်းထိုင် ဆရာတော် ဦးတေဇောဘာသ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး တို့က အဖွင့်အမှာ စကား  ပြောကြားပြီးနောက် ရပ်မိရပ်ဖ ဖြစ်သူ ဦးအေးလွင်က ကျေးဇူးတင်စကား ပြောကြားသည်။  ထိုနောက် သဘောလိပ်ကျေးရွာ ၀ဏ္ဏသီရိကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးဦးတို့က စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။
အဆိုပါ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကို သဘောလိပ်ကျေးရွာ ၀ဏ္ဏသီရိကျောင်းထိုင် ဆရာတော် ဦးတေဇောဘာသက ကမကထပြု ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ကာလသား / ကာလသမီးများ၊ တပ်မတော်သားများ စုပေါင်း လုပ်အားဖြင့် လုပ်ဆောင်ခဲ့ပြီး ကုန်ကျငွေ စုစုပေါင်းမှာ ၂၆၈ သိန်းကျော်ခန့်  ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ 70 KVA လျှပ်စစ် ဓာတ်အား ထုတ်လုပ် နိုင်ပြီး (၂၄) နာရီ လျှပ်စစ် ဓာတ်အား ပေးလျက်ရှိကြောင်း ၊ ယခု အချိန်တွင် ဓာတ်အားခ တစ်ယူနစ် ၃၀၀ိ/  ကျပ်နှုန်းဖြင့် လည်းကောင်း ၊ ၂၀၁၃ တွင် ၂၅၀ိ/ ကျပ်နှုန်းဖြင့်လည်းကောင်း၊ နောက်နှစ်များတွင် ၂၀၀ိ/ ကျပ်နှုန်း ဖြင့်လည်းကောင်း ကောက်ခံသွားမည် ဖြစ်ပြီး အခြေအနေပေးပါက ထပ်မံ လျှော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်း  နှင့် အဆိုပါ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ အိမ်ခြေ ၃၀၀ခန့်အား ဓာတ်အားပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments: