Thursday, December 13, 2012

မြန်မာနိုင်ငံ၏ ပထမဆုံး အဏ္ဏဝါအမျိုးသား ဥယျာဉ်


အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုဖြစ်သော လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၏ သဘာဝ အလှတရားများနှင့် ဒေသခံ ဆလုံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ ရေရှည်ထိန်းသိမ်းရေးနှင့် ယင်းတို့ကို အခြေခံကာ အနာဂတ် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ အဆိုပါကျွန်းသည် တိုင်းရင်းသား ဆလုံများ နေထိုင်ရာဒေသ ဖြစ်သည့်အပြင် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းထား ဆဲဖြစ်သဖြင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်မှု အကောင်းဆုံး သဘာဝ ဓလေ့စရိုက် များပင် ဖြစ်ပေသည်။ 

လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်သည် တနသာင်္ရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၇၉ ဒသမ ၀၉ ကျယ်ဝန်းသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအဏ္ဏဝါ အမျိုးသား ဥယျာဉ်ကြီးလည်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ‘အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ခဲ့သည်။ 

ယင်းဥယျာဉ်သည် လန်ပိကျွန်းကြီး၊ အချို့ကျွန်းငယ်များ အပါအဝင် မြိတ်ကျွန်းစု ဒေသအထိ ကျယ်ပြန့်သည်။ လန်ပိကျွန်းသည် ၄၈ ကီလိုမီတာရှည်ပြီး အကျယ်ဆုံးမှာ ၆ ကီလိုမီတာရှိသည်။ ကျွန်း အနေအထားသည် တောင်ကုန်းထူထပ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၇၀၊ အချို့နေရာများသည် မီတာ ၅၀၀ အမြင့်၌ တည်ရှိသည်။ ကမ်းရိုးတန်းသည် များသောအားဖြင့် ကျောက်ဆောင်များ ထူထပ်လျက်ရှိပြီး သဲသောင်ကမ်းခြေများ၊ ပင်လယ်အော်များနှင့် ရေလက်ကြားများလည်း ရှိသည်။ ယင်းအမျိုးသား ဥယျာဉ်သည် လိုဏ်ဂူကြီးများနှင့် ရေချိုအရင်းအမြစ် အများအပြား ရှိခြင်း၊ ကျွန်းငယ်များ ဝိုင်းရံကာ သန္တာကျောက်တန်း များဖြင့် ဖွဲ့စည်းတည်ရှိခြင်း တို့ကြောင့် ဝင့်ကြွားထည်ဝါလျက် ရှိသည်။ ကော့သောင်းမြို့မှ ရေမိုင် ၆၀၊ ဘုတ်ပြင်းမြို့မှ ရေမိုင် ၄၀၊ မြိတ်မြို့မှ ရေမိုင် ၉၀ ကွာဝေးသော ပင်လယ်ပြင်တွင် တည်ရှိပြီး တနင်္သာရိကမ်းရိုးတန်းနှင့် ၁၂ မိုင်ကွာဝေးကာ ရေကြောင်းလမ်းတစ်ခုသာ ရှိသည်။ လန်ပိကျွန်းသည် စင်ကာပူနိုင်ငံ အရွယ်ခန့်ရှိပြီး အလွန်ရှားပါးပြီး အဖိုးတန်သည့်ဒေသမျိုး မဟုတ်သော မြေနိမ့်ဒေသ မုတ်သုံ သစ်တော ပေါက်ရောက်ရာ နယ်မြေ တစ်ခုဖြစ်သည်။ 

လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၌ တွားသွားသတ္တဝါ မျိုးစိတ် ၂၀၊ ငှက်မျိုးစိတ်ပေါင်း ၁၂၉၊ လမုပင်မျိုးစိတ် ၅၀၊ ပင်လယ်မြက်ခြောက်မျိုး၊ သန္တာကျောက်တန်း မျိုးစိတ် ၆၀ တို့ကို ထိန်းသိမ်းထားပြီး ဒီရေတောနှင့် အမြဲစိမ်းတော ဂေဟစနစ်များ၊ လင်းပိုင်၊ ပင်လယ်လိပ်မျိုးများ၊ ပင်လယ်ငှက်များ၊ ပင်လယ်ရေမှော်၊ ပင်လယ်မြက်၊ လမုပင်များ၊ သန္တာကျောက်တန်းများနှင့် ယင်း သန္တာကျောက်တန်းများ အကြား ခိုလှုံမျိုးပွားနေသော အဏ္ဏဝါမျိုးစိတ် များကို လေ့လာနိုင်ကြမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments: