မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, October 31, 2012

မြိတ်မြို့ အတွင်းရေပုန်းရပ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား



ဓာတ်ပုံ - tanintharyi tar

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်၊ နံနက် (၁း၅၅)မိနစ်  (သီတင်းကျွတ်လပြည့်နေ့အလွန်) အချိန်ခန့်တွင် ဦးအောင်ဆန်းဦး-ဒေါ်ဥမ္မာ၊ အမှတ် (၈၉)၊ အတွင်းရေပုန်းရပ်၊ မြိတ်မြို့ (အမှတ် ၅ ၊ အခြေခံပညာမူလတန်းကျောင်းအနီး) နေအိမ် (ကုန်စုံဆိုင်) တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားသော နေအိမ်တွင် အိမ်ရှင်များ မရှိကြောင်းကိုလည်း သိရှိရပြီး မည်သည့် အကြောင်းကြောင့် မီးလောင်မှုဖြစ်ပွားကြောင်းကို မသိရှိရသေးပေ။ သို့သော်လည်း ၀ါယာရှော့ ဖြစ်ပြီး လောင်ကျွမ်း နိုင်ကြောင်း မီးသတ်ဦးစီးဌာနက ပြောကြားသည်။ မီးလောင်ကျွမ်းမှုကြောင့် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အသီးသီးမှ ကိုယ့်အားကိုယ်ကိုး  မီးသတ်ယာဉ် (၇)နှင့်  ရပ်ကွက်ပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း ငြိမ်းသတ်မှုကြောင့် စတင်လောင်ကျွမ်းသည့် နေအိမ်တစ်လုံးသား ပျက်စီးပြီး ၂း၃၀ အချိန်တွင် မီးငြိမ်းသတ်မှု ပြီးဆုံးသည်။

အိမ်က အသစ်ဆောက်ထားတာ မကြာသေးဘူးတဲ့ ဒါကြောင့် အင်္ဂတေတွေ မီးသိပ်မစွဲတာပေါ့ မဟုတ်ရင် ပြိုကျသွားမှာ ပြိုကျရင် နံဘေးက ဓနိမိုး အိမ်လေးကို မီးစွဲသွားမှာ တော်သေးတာပေါ့ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်ကူညီခဲ့သူ တစ်ဦးက ပြောသည်။

ယခင်ကဆိုရင် မြို့နယ် မီးသတ်ဌာန မီးသတ်ယာဉ်တွေချည်း ရှိတုန်းကဆို မီးလောင်လိုက်ရင် အကြီးအကျယ်ပဲ၊ နောက်ပိုင်း ထားဝယ်စု ရပ်ကွက်ကစပြီး ကိုယ့်အားကိုယ်ကို မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ် တွေ ၀ယ်ပြီး နောက်ပိုင်းတော့ မီးအကြီးအကျယ် လောင်ကျွမ်းမှု မရှိသလောက်ပဲ ၊ မီးစလောင်တာနဲ့ မီးသတ်ယာဉ် အင်အားကောင်းတော့ အကြီးအကျယ် မလောင်ကျွမ်းနိုင်အောင် တားဆီး နိုင်ပီ၊ ကိုယ့်အား ကိုယ်ကိုး မီးသတ်ယာဉ်တွေကို ၀ိုင်းဝန်း အားပေးကူညီသင့်တယ်လို့ ပြည်သူ တစ်ဦးက ပြောကြားသည်။

Sunday, October 28, 2012

မြိတ်မြို့ အဘိဓမ္မာအခါတော်နေ့ စည်ကားစွာ ကျင်းပ


မြိတ်မြို့၊ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီးတွင်  အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ပြုလုပ်ကျင်းပလျက် ရှိရာ  အဘိဓမ္မာ (၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက် ရွတ်ပွားပူဇော်ပွဲအား ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၀)ရက်မှ လပြည့်ကျော် (၁)ရက်နေ့အထိ ပြုလုပ်လျက်ရှိပြီး မြိတ်မြို့ ရပ်ကွက်နှင့် ကျေးရွာများနှင့် မြိတ်ခရိုင်အတွင်းရှိ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့မှ ၀တ်ရွတ်အသင်းများ စုစုပေါင်း (၃၀၀) နီးပါးခန့်ဖြင့် ပြုလုပ်လျက် ရှိရာ တရားဓမ္မသံ တဝေေ၀ ဖြင့် မြိတ်မြို့ တစ်ခုလုံး စည်းကားလျက် ရှိကြောင်း သိရှိရသည်။

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိ


 မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိ
 (ကျွဲကူးနေ ပြည်သူများ၏ တောင်းဆိုချက်အရ ပြန်လည်ဖေါ်ပြအပ်ပါသည်)

မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း ရွာသူ/သားများ ၏ ပြောကြားချက်များအရ သိရှိရပါသည်။

မြိတ်မြို့နှင့် ကိုးမိုင်ခန့်ဝေးကွာသည့် ကျွဲကူးကျေးရွာတွင် ယခုလက်ရှိ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျှက် ရှိသော ဒေါ်ဝင်းဝင်းခိုင်သည် ကျွဲကူး ရွာသူ/သားများ တည်ဆောက်ပေး ထားသော ကျန်းမာရေးဆေးခန်းတွင် နေထိုင်ပြီး တာဝန်ထမ်းဆောင် ခဲ့သည်မှာ (၄)နှစ်ခန့်ပင် ရှိခဲ့ပြီဖြစ် သည်။ ဒေါ်ဝင်းဝင်းခိုင်သည် တာဝန် ထမ်းရန် ရောက်ရှိသည့်အချိန်မှစ၍ ယခုအချိန် ထိ ဒေသခံပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ကောင်းမွန်စွာ လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရှိရပါသည်။ ဆင်းရဲသားလူနာများ အရေးပေါ် သွားရောက် ပင့်ဆောင်သည့်အခါများတွင် အချိန်မှီလိုက်ပါခြင်း မရှိကြောင်း၊ အရေးပေါ် သွားရောက်ပင့်ဆောင်လျှင်လည်း မောက်မာရိုင်းပြစွာ ပြောဆိုဆက်ဆံကြောင်း၊ ဆေးကုသမှုစရိတ်များမှာလည်း ဆေးတစ်လုံးထိုးလျှင် တစ်သောင်းကျပ်ယူကြောင်း၊ လူနာများကိုလည်း ပိုက်ဆံရလျှင် ပြီးရောဆိုသည့်ပုံစံဖြင့် စေတနာမပါဘဲ ရိုင်းပြစွာ ပြုမှုဆက်ဆံကြောင်းတို့ကို သိရှိရပါသည်။ ၄င်းအပြင် ကိုယ်ဝန်ဆောင်များနှင့်ပတ်သက်၍လည်း လိုအပ်သည့် စောင့်ရှောက်မှုများ မပေးခြင်း၊ အရေးပေါ်မွေးဖွားရန်အတွက် သွားရောက်ပင့်ဆောင်လျှင်လည်း အချိန်မှီ လိုက်ပါခြင်းမရှိခြင်း၊ ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားရာတွင်လည်း မိမိထံ၌ ပြသအပ်နှံသူများကိုသာ ကြည့်ရှုပေးခြင်းနှင့် မွေးစာရင်းများကို ထုတ်ပေးခြင်း၊ အခြားသော ကိုယ်ဝန်ဆောင်များကိုမူ စောင့်ရှောက်မှု မပေးခြင်းနှင့် မွေးစာရင်းများနှင့်ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေးမှု မရှိခြင်း၊ မပြုလုပ်ပေးနိုင်ကြောင်းကိုလည်း ပြောဆိုခြင်း၊ မိမိကိုယ်ပိုင် ဖွင့်လှစ်ထားသော သားဖွားဆေးခန်းတွင် လာရောက်အပ်နှံသော လူနာများကိုသာ လက်ခံပြီး ဂရုတစိုက် စောင့်ရှောက်မှုများပေးခြင်း စသည်တို့ကို ပြုမူပြောဆိုဆက်ဆံလျှက်ရှိကြောင်း သိရှိရပါသည်။

• ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစားခွဲခြားဆက်ဆံမှုများ၊ ရိုင်းပြစွာ ပြုမှုပြောဆိုမှုများကို ဒေသခံပြည်သူများအနေဖြင့် မကျေနပ်ချက် များစွာရှိသော်လည်း ကျေးရွာတွင် ဆေးကုသမှုပေးနေသည်မှာ ဒေါ်ဝင်းဝင်းခိုင်တစ်ဦးတည်းရှိနေသောကြောင့် များစွာပင် သီးခံ၍ နေရကြောင်း၊ ၄င်း၏ ပြုလုပ်ချက်များနှင့် ပတ်သက်ပြီး တင်ပြပေးရန်နှင့် ဖြစ်နိုင် ပါက စေတနာပြည့်ဝသည့် ၀န်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်ပေးရန်တို့ အတွက် သက်ဆိုင်ရာများသို့ တင်ပြပေးရန် စန္ဒ၀တ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား သွားရောက် အကူအညီ တောင်းခံရာ တွင်လည်း ဦးစိုးအောင်မှာ မိမိနှင့် မသက်ဆိုင် သလို ပြောဆိုပြီး ကူညီဆောင်ရွက်ပေးမှု မရှိခြင်းတို့ကိုလည်း သိရှိရပါသည်။ ထိုကြောင့် ပြည်သူများမှ သက်ဆိုင်ရာသို့ သွားရောက်တင်ပြပြီး အကူအညီတောင်းခံခဲ့ရကြောင်း၊ သက်ဆိုင်ရာမှလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ သက်ဆိုင်ရာသို့ တင်ပြသည်နှင့်ပတ်သက်၍ ဒေါ်ဝင်းဝင်းခိုင်မှ “နင်တို့ ငါ့ကို အလုပ်ပြုတ်အောင်လုပ်ချင်လျှင် ထားဝယ် (တိုင်း)မှာ တိုင်မှရမယ်… ဘိတ် (မြိတ်မြို့)အဆင့်နဲ့ ဘာမှ လုပ်လို့မရဘူး… ဒီရွာမှာနေတဲ့သူတွေအားလုံး လူတွေမဟုတ်ဘူး.. ကျွဲတွေ… မကျေနပ်တဲ့သူအားလုံး ဆေးထိုးသတ်မယ်…” ဟူ၍ ပတ်ဝန်းကျင်ရှိ ပြည်သူ များကို ရိုင်းပြစွာပြောဆိုပြီး ကြုံးဝါးထားသည် ဟူ၍လည်း သိရှိရပါသည်။ ထိုသို့ ဆေးထိုးသတ်မည်ဟု ကြုံးဝါး ထားသောကြောင့် ပြည်သူများမှာ ဘာမျှလည်းမလုပ်ရဲ၊ သွားရောက် ပင့်ဆောင်ရန်အတွက်လည်း မ၀ံ့ရဲ ဘဲ ကြောက်ရွံ့လျှက်ရှိကြောင်း သိရှိရပါသည်။

♣ ထိုကဲ့သို့ ဖြစ်ပေါ်လျှက်ရှိနေသော ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစားခွဲခြားမှု၊ မောက်မာရိုင်းပြစွာ ပြုမှုပြောဆိုမှု၊ ဆေးတန်းဖိုး အဆမတန်ကြီးမားမှု၊ မိမိ၏ အကျိုးစီးပွါးကိုသာကြည့်၍ ကိုယ်ပိုင်ဆေးခန်း တွင်သာ ဆေးကုသမှု စသည်တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ လိုအပ်သလို စိစစ်ပြီး အလေးထားဆောင်ရွက်ပေးပါ ရန်နှင့် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန် ချထားပေး ပါရန်အတွက် ပြည်သူများ၏ ဆန္ဒအတိုင်း တင်ပြ အကူအညီ တောင်းခံအပ်ပါသည်။
(မြိတ်မြို့၊ ကျွဲကူးရွာတွင် စုံစမ်း မေးမြန်း နိုင်ပါသည်။)

♣♣♣ ထပ်မံဖြည့်စွက်ချက်၊ ♣♣♣
ယခုအခါ ဒေါ်ဝင်းဝင်းခိုင်သည် မိမိကို တိုင်ကြားမှုအား တနင်္သာရီတိုင်းဒေသကြီးရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့ ၀န်ကြီးအား ငွေကျပ် သိန်း ၂၀ ပေးပြီး လိုက်ထားကြောင်း၊ မိမိအားလည်း ကြိုက်သည့်ပုံစံဖြင့် တိုင်ကြားပါကလည်း ကြောက်မည်မဟုတ်ကြောင်းနဲ့ အစိုးရ၀န်ကြီးများကို ပိုက်ဆံပေးလိုက်ရင် ပြေလည်ကြောင်းကို ပြောကြားနေပါသည်။ ထို့အပြင် ယခင်ကထက် ပိုမို မောက်မာလာကြောင်းကိုလည်း ကျွဲကူးနေ ပြည်သူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
ရည်ညွှန်း - တနင်္သာရီသား FACEBOOK http://www.facebook.com/tanintharyi.thar 

Saturday, October 27, 2012

ရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးမှု တိုင်ကြားချက် အရေးမယူသေးဟုဆို


ရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးမှု တိုင်ကြားချက် အရေးမယူသေးဟုဆို
ကွန်းချမ်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၉ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။        ။ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာအုပ်ချူပ်ရေးမှူးတဦး တိုက်ရိုက် ပါဝင်ပတ်သက်သည်ဟု ဆိုသော ရွာသား ၂ဝ လူကုန်ကူးမှုတခုကို တိုင်ကြားထားသည်မှာ နှစ်လတာ ကြာမြင့်ပြီ ဖြစ်သော်လည်း စစ်ဆေး အရေးယူမှု မရှိသေးကြောင်း တိုင်ကြားထားသူများနှင့် မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲစခန်း အပါအဝင် သက်ဆိုင်ရာ မြိတ်မြို့နယ် ရုံးများသို့ တိုင်ကြားထားခဲ့ခြင်း
ဖြစ်ကြောင်း လူကုန်ကူးခံခဲ့ရ၍ ကိုယ်တိုင် တိုင်ကြားခဲ့သူ မမိုး က ပြောသည်။

“မြိတ်မြို့မက လေးငါးရုံးကို တိုင်ထားတယ်။ ခုထိ ဖုံးထားတာ ဘာမှ မလုပ်ပေးဘူးရှင့်။ အမှုကလေ ကျမတို့ တိုင်ထားတာ နှစ်လ ကျော်ပြီရှင့်” ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ စစ်ဆေးအရေးယူမှု မပြုခြင်းကြောင့် ထပ်မံ တိုင်ကြားခြင်း၊ လိုက်ပါကူညီ ဆောင်ရွက်ခြင်းများ မပြုနိုင်ရန် မြိတ် ၈၈ ကျောင်းသားများကို ခရိုင်အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံကာ သတိပေးထားသည်ဟုလည်း ဆိုသည်။

“ခရိုင်အုပ်ချုပ်ရေးမှူး ကိုလွင်ကိုဦး က အပြတ်ပဲ ပြောလိုက်တယ်။ သူတို့ အုပ်ချူပ်ရေးပိုင်းကို ထိမယ်ဆိုရင် ဘယ်လို နည်းနဲ့ထိထိ ထိလာမယ့်သူကို တရားစွဲမယ်လို့ ကျနော်တို့ကို ခေါ်ပြီးတော့ ကြိမ်းမောင်းထားတယ်” ဟု မြိတ်ခရိုင် ၈၈ ကျောင်းသားအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦး က ပြောသည်။

အမှုမှာ တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာမှ ရွာသူရွာသား ၂ဝ ကို ရွာအုပ်ချုပ်ရေးမှူး ဦးသောင်းအေး က ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီး နန်းတော်ရာရွာ ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းတွင် အလုပ်အကိုင် ပေးမည်ဟုဆိုကာ သြဂုတ်လ ၁၂ ရက်နေ့တွင် ၎င်းနေရာသို့ ပို့ဆောင်ခြင်း မပြုဘဲ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်သည့် နယ်မြေအတွင်းသို့ ပို့ဆောင်ခဲ့သည်။ ၎င်းမှတဆင့် တခြားတနေရာသို့ ထပ်မံ ပို့ဆောင်ရန် စီစဉ်နေစဉ်အတွင်း ရွာသားများက ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်ဟု ဆိုသည်။

ထိုဒေသသည် KNU ၏ တပ်မဟာ ၄ ထိန်းချုပ်ရာဒေသ ဖြစ်သည်။

“ဦးသောင်းအေး ရုံးကနေပြီးတော့ ကားနဲ့ သွားတာ။ သမီးတို့ ရောက်တဲ့နေရာက ရေမြစ်ကြီး နန်းတော်ရာ မဟုတ်
တော့ဘူး။ လိမ်ပြီးတော့ ကရင်သူပုန်ဗိုလ်တွေ နေတဲ့ နေရာလေ။ ဗိုလ်ချာတိတ်တို့အဖွဲ့နေရာ ခေါ်သွားတယ်။
တောနက်ကြီးထဲကိုပေါ့” ဟု အသက် ၂၅ ဝန်းကျင်ရှိ မမိုး က ပြောသည်။

မြိတ်တောင်ကျေးရွာနှင့် ရေမြစ်ကြီး နန်းတော်ရာကျေးရွာသည် မော်တော်ဆိုင်ကယ်ဖြင့် အချိန်တနာရီသာ သွားရသော်လည်း ၎င်းတို့ ရောက်ရှိသည့် နေရာမှာ မော်တော်ကားဖြင့် ၆ နာရီကျော်နှင့် စက်လှေဖြင့် တနာရီခွဲခန့် သွားခဲ့ရသည်ဟု မမိုး က ပြောသည်။

ခေါ်ဆောင်ခံရသူ ၂ဝ တွင် အသက် ၁၅ နှစ်မှ ၄၃ နှစ်အတွင်းရှိ အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၁ တို့ ပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၇ ဦး ပါဝင်သည်ဟု အသက်အကြီးဆုံး ဖြစ်သူ ဦးကျော်သောင်း က ပြောသည်။

အခြား ခေါ်ဆောင်ခံရသူတဦး ဖြစ်သည့် မစုမြတ်မိုး ကလည်း “သမီးတို့ကို တာလပတ်နဲ့ အုပ်ပြီး ကားနဲ့ ခေါ်သွား တယ်လေ။ ခေါ်သွာတုန်းက သမီးတို့ကို လုံခြုံတဲ့နေရာ ပေးမယ် ဆိုပြီးတော့ ခေါ်သွားတာ။ ဟိုရောက်တော့ သမီးတို့ မိန်းကလေးရော ယောက်ျားလေးရော အတူတူရောပြီးတော့ နေရတယ်။ ဘာမှလည်း လုံခြုံမှု မရှိဘူးရှင့်။ ဒုက္ခတွေ အများကြီးပဲ” ဟု မဇ္ဈိမကို ပြောသည်။

KNU နယ်မြေသို့ ရောက်ရှိစဉ် ခေါ်ဆောင်ခံရသူများက KNU အရာရှိအချို့ထံ အကျိုးအကြောင်း ရှင်းပြပြီး အကူအညီ တောင်းရာမှ သြဂုတ်လ ၁၅ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဦးအောင်မင်းသူ (KNU နယ်မြေသို့ ပို့ဆောင်ရန် ဦးသောင်းအေး ထည့်ပေးလိုက်သူ) က နင်တို့ကို ရောင်းလိုက်ပြီလို့ သမီးတို့ကို ပြောတယ်ရှင့်။ သမီးတို့က ဗိုလ်ချာတိတ်ကို အကူအညီတောင်းတယ်ရှင့်။ သမီးတို့ လိမ်ပြီး ခေါ်ခံထိတဲ့ အကြောင်းပေါ့ နော်။ ဗိုလ်ချာတိတ် က မာစတာဂျမ်းကို ပြောတယ်။ မာစတာဂျမ်း က ပြန်လွှတ်မပေးဘူး။ အဲဒါနဲ့ သမီးတို့ အားလုံး ထွက်ပြေးလာကြတယ်” ဟု မမိုး က ဆက်ပြောသည်။

မာစတာဂျမ်း ဆိုသူမှာ မြန်မာစကား မပြောဆိုတတ်ဘဲ မလေးစကားနှင့် အင်္ဂလိပ်စကားကိုသာ ပြောဆိုပြီး စကားပြန် ၏ အကူအညီဖြင့် စကားပြောဆိုရသည်ဟု မမိုး က ပြောသည်။ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် လူကုန်ကူးမှု များ၏ ၆ ရာခိုင်နှုန်းမှာ မလေးရှား နိုင်ငံသို့ ပို့ဆောင်ခံနေရကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည်။

၎င်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မြိတ်မြို့ရှိ သက်ဆိုင်ရာဌာနရုံးများသို့ တိုင်ကြားခဲ့ပြီး နောက်တွင် ထွက်ပြေး လွတ်မြောက် လာသူများမှာ ငွေလိမ်ပြီး ပြန်ပြေးလာသူများသာ ဖြစ်သည်ဟု အုပ်ချုပ်ရေးဘက်က မြိတ်မြို့တွင် လိုက်လံ သတင်း
ဖြန့်ခဲ့သည်ဟုလည်း ၈၈ ကျောင်းသား ကိုတင်ကိုကိုဦး က ပြောသည်။

မမိုးကမူ “ဒီကနေ သမီးတို့ကို ခေါ်သွားတုန်းကလေ စရိတ်ပေါ့နော် ဆန်တွေ ဘာတွေ ဝယ်ရအောင် ပိုက်ဆံ တယောက်ကို နှစ်သောင်းစီ ထုတ်ပေးတယ်” ဟု ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တိုင်ကြားထားခြင်းကို သက်ဆိုင်ရာဘက်မှ ကိုင်တွယ် ဖြေရှင်းခြင်း မရှိသည့်အတွက် စက်တင်ဘာလကုန်ပိုင်းတွင် ရန်ကုန်ရှိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးသို့ တင်ပြကာ အကူအညီတောင်း ထားကြောင်း သိရသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းအေး ထံ မဇ္ဈိမက ဆက်သွယ် မေးမြန်း
သော်လည်း ဖုန်းလိုင်းများ ဝင်ရောက်ခြင်း မရှိခဲ့ပေ။

၂ဝ၁၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးခံရမှု အနည်းဆုံး ၁၃၆ မှု ရှိခဲ့ရာ တရုတ်နိုင်ငံသို့ ဦးတည်သည့်အမှုမှာ ၉၄ မှု၊ ပြည်တွင်း၌ ဖြစ်ပွားသည့်အမှု ၂၃ မှုနှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမှု ၁၉ မှု ရှိခဲ့သည်။

Friday, October 26, 2012

ကမ်းဝေး ၊ ကမ်းနီး ပင်လယ်ပြင် ငါးဖမ်းကိစ္စ လွှတ်တော်တွင် ထောက်ခံ ဆွေးနွေးသည့် ကိုယ်စားလှယ်သည် ပင်လယ်ပြင် မမြင်ဖူးသော ကချင်ပြည်နယ်မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်နေပြီး ကမ်းရိုးတန်းဒေသနေ လွှတ်တော်အမတ်များ ၀င်ရောက် ဆွေးနွေးခြင်း မရှိ




ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်  အစည်းအဝေး (၃၇)ရက်မြောက် နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးအုန်းတင် တင်သွင်းထားသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသအတွင်း ကမ်းဝေး ငါးဖမ်း သင်္ဘောများအား ကမ်းနီး ငါးဖမ်း ဧရိယာအတွင်းသို့ ၀င်ရောက်  ငါးဖမ်းဆီးများအား ကြီးကြပ် တားဆီး ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။
ထိုအဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးစံပြည့်က ပင်လယ် ကမ်းဝေးတွင် ငါးဖမ်းဆီးခွင့် ရရှိသည့် ငါးဖမ်း သင်္ဘောများသည် ၄င်းတို့ ၀င်ရောက် ငါးဖမ်းခွင့် မရှိသည့် ကမ်းနီးငါးဖမ်း လုပ်ကွက်များသို့ ၀င်ရောက်၍ တရွတ်ဆွဲ ငါးဖမ်းပိုက် များဖြင့် ဖမ်းဆီးခြင်းကြောင့် ကမ်းနီး ရေလုပ်သားများ အဖို့ ငါးဖမ်းခွင့် မရရှိတော့ဘဲ ဖြစ်နေကြသည့်အပြင် ရေထဲသို့ ချထားသော ပိုက်ကွန်းများ ငြိတွယ်ပါသွားပြီး ပျက်စီးသွားခြင်း၊ ကမ်းနီးရေတိမ်ပိုင်းအတွင်းမှ ငါး၊ပုစွန်များ ခိုအောင်းရာ သန္တာကျောက်တန်းများ ပျက်စီးသွားရခြင်း၊ ငါး၊ ပုစွန် သားပေါက်များ  မှီခို စားသောက်စရာ နေရာနှင့် အစာများ မရှိတော့သဖြင့် နေရာ ပြောင်းရွှေ့  သွားကြခြင်း တို့ကြောင့် ငါး၊ ပုစွန်များ တစ်နှစ်ထက် တစ်နှစ် ရှားပါး ပြုန်းတီး သွားကြသဖြင့် ကမ်းနီး ငါးဖမ်းဆီးခွင့် လိုင်စင်ရ ဆင်းရဲသား ရေလုပ်သား များမှာ တစ်နှစ်ထက် တစ်နှစ် ကြေးမြီးများ တင်ရှိကာ ဆင်းရဲ နွမ်းပါး နေကြပြီး စားဝတ် နေရေး အခက်အခဲများ ရင်ဆိုင် ကြုံတွေ့ နေရကြောင်းကို ဖော်ပြထားပါကြောင်း၊ ၀င်ရောက် ထောက်ခံ ဆွေးနွေးခဲ့သည်။
ထူးခြားသည်မှာ ကမ်းဝေး ၊ ကမ်းနီး ပင်လယ်ပြင် ငါးဖမ်းကိစ္စ ၀င်ရောက်ထောက်ခံ ဆွေးနွေးသည့် လွှတ်တော် ကိုယ်စားလှယ်သည် ပင်လယ်ပြင် မမြင်ဖူးသော ကချင်ပြည်နယ်မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်နေပြီး ကမ်းရိုးတန်းဒေသများရှိ ပင်လယ်ပြင်ကို အမှီပြု နေထိုင်သော တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း မှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးခြင်း မရှိသည်မှာ ထူးခြား ချက် တစ်ခု ဖြစ်နေကြောင်း၊ ကမ်းရိုးတန်းဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များ ပိုမို နားလည်သည့် ကိစ္စ ကို ၀င်ရောက်ဆွေးနွေးခြင်း မရှိပဲ နှာစေး နေကြကြောင်း၊ မည်သည့် အကြောင်းကြောင့် နှာစေးနေသည်မှာ မသိကြောင်း ဝေဖန် ပြောကြားလျက် ရှိသည်။ 

Thursday, October 25, 2012

မြိတ်မြို့တွင် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်

(စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ကြားပါသည်။ ) 

တနင်္သာရီတိုင်း ဒေသကြီး တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပူးပေါင်း လုပ်ဆောင်နိုင်မည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၊ Biodiversity And Nature Conservation Association နှင့် FAUNA & FLORA INTERNATIONAL တို့ ပူးပေါင်းပြီး မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် အောက်ပါ အစီအစဉ် အတိုင်း ကျင်းပပြုလုပ် မည် ဖြစ်ပါ၍ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေး နိုင်ကြောင်း သတင်း ရရှိသည်။ 

ကျင်းပမည့် နေရာ။ မြိတ်မြို့ ၊ ပုလဲ ရတနာခန်းမ
ကျင်းပမည့် နေ့ရက်။ ၂၉-၁၀-၂၀၁၂ (တနင်္လာနေ့ )
ကျင်းပမည့် အချိန် ။ နံနက် (၈း၃၀) နာရီမှ ညနေ (၅း၀၀) နာရီ အထိ

 


လေဖိအားနည်းဆဲလ် 93W ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းသို့ ရောက်


လေဖိအားနည်းဆဲလ် 93W ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းသို့ ရောက်ရှိ
By mmweather.ygn, on October 25th, 2012

အောက်တိုဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ လေဖိအားနည်းဆဲလ် 93W သည် ယမန်နေ့ ညပိုင်းတွင် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိပြီးနောက် အနောက်တောင်ဘက်သို့ ရွေ့လျားကာ ကော့သောင်းမြို့ အနောက်ဘက် မိုင် ၁၉၀ ခန့် ပင်လယ်ပြင် တွင် ဆက်လက်တည်ရှိနေပါသည်။

ကွန်ပျူတာ မော်ဒယ်များ၏ ခန့်မှန်းတွက်ချက်ပုံဖေါ်မှု အရ(အောက်ပုံတွင် ကြည့်ပါ) လေဖိအားနည်းဆဲလ် 93W သည် ပို့ဘလဲယားကျွန်းအား ဖြတ်ကျော်ပြီး ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းသို့ ရောက်ရှိကာ အောက်တိုဘာလ ၂၈ ရက်နေ့ မတိုင်မီ အားကောင်းလာနိုင်ဘွယ်ရှိသော်လည်း အိန္ဒိယနိုင်ငံ ကမ်းခြေ      (အနောက်ဘက်)သို့သာ ဆက်လက်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။



အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည့် အောက်တိုဘာလ ၂၄ ရက် – မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် မြိတ်မြို့ အရှေ့တောင်ဘက် ၂၁ မိုင်ခန့်အကွာ ကုန်းတွင်း လေဖိအားနည်းဆဲလ် အဖြစ် တည်ရှိ ခဲ့ကြောင်း သိရှိရသည်။

ပြည်ပရောက် အလုပ်သမား များ ပြန်လာနိုင်ရေး တနင်္သာရီ ၀န်ကြီးချူပ် လုပ်ဆောင်မည်




အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေရသည့် အလုပ် သမားများ ပြန်လာနိုင်သည် အခင်း အကျင်း ဖြစ်ရန် ပြုလုပ် နေကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချူပ် ဦးမြတ်ကို က ပြီးခဲ့သည့် ရက်ပိုင်းက ထားဝယ်မြို့တော် ခန်းမ တွင် ပြုလုပ်သည့်  ထားဝယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက် (DDPC) ၏  ရှယ်ယာရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ဒေသခံများ ပြန်လာနိုင်ရန် လုပ်ဆောင် ရာတွင် မိမိ တစ်ဦးတည်း အနေနှင့်  မဖြစ်နိုင်ဘဲ DDPC အပါအ၀င် အားလုံးမှ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအတွက် အစိုးရ အနေနှင့် စိန်ခေါ်မှု များစွာ ရှိနိုင်သည်။
ညစ်ညမ်း အကြီးစား စက်ရုံ အများစုပါဝင်သည့် ထားဝယ် အထူးစီးပွားရေးဇုန်၊ စက်ရုံ လည်ပတ်ရန် လုပ်သား အင်အား ၁၈၀၀ ကျော် ရှိမည်ဟုဆိုသည့် လောင်းလုံးမြို့နယ်တွင် တည်ဆောက်မည့် ရေနံချက် စက်ရုံ များသည် ဒေသခံ များကို အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးနိုင် မည်မဟုတ်ဟု ဒေသခံ အများစု က မှတ်ချက်ပြုသည်။
အလုပ် လုပ်နေသည့် အလုပ်သမား များအား ပြန်ခေါ် ချင်လျှင် ပထမ အချက်အနေနှင့်  ထိုင်းတွင်ပေးသည့် လစာနှင့် တန်းတူ ပေးနိုင် မပေးနိုင်ကို စဉ်စား ရမည်ဖြစ်ပြီး ဒေသအတွင်း အကောင် အထည်ဖော်သည့် လုပ်ငန်း များသည် လည်း ထိုင်းတွင် လုပ်လုပ်နေသူများ ပြန်လာနိုင်သည့် လူအင်အား များစွာသုံးရသည့် စက်မှုလုပ်ငန်း များဖြစ်သင့် သည်ဟု အသက် ၃၀ အရွယ် ထားဝယ် ဒေသခံ အလတ်စား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“ထိုင်းက လူတွေ ပြန်ခေါ်ဖို့ လုပ်နေ စရာမလိုပါဘူး။ တကယ် ဆိုရင် ဒီကလူတွေ မသွားအောင် လုပ်ရမှာ” ဟု ၎င်းက မှတ်ချက်ပြုသည်။
မကြာမီတွင်  ထားဝယ်တွင် ထီးခီး ၊ မြိတ်တွင် မောတောင် စသည့် နယ်စပ် ဂိတ်များကို ဖွင့်လှစ်တော့ မည်ဖြစ်ပြီး ယင်းနေရာများတွင် စက်မှုဇုန် များဖြစ်လာလျှင် ဒေသဖွံ့ဖြိုး မှုကို ဖော်ဆောင်နိုင်မည် ၀န်ကြီးချူပ်က ဆိုသည်။
လက်ရှိ တွင် DDPC သည် ဟိုတယ်ဇုန်၊ သင်တန်းကျောင်း၊ ဈေးဝယ်စင်တာ တို့ကို စတင် အကောင် အထည် ဖော်နေပြီး လေကြော
င်းလိုင်းတည်ထောင်ခြင်း အပြင် အခြား အကြီးစား လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံရန် စီစဉ်လျှက်ရှိသည်။
ယခု လက်ရှိတွင် ခြောက်လ အတွင်း ဒေသခံ အလုပ်အကိုင်အခွင့်အလမ်း ၃၀၀ ခန့်ကို ဖန်တီးနိုင် မည်ဟု DDPC က ဆိုသည်။
ထားဝယ်ဒေသ တွင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်သူများပြီး အများစုသည် ဆောက်လုပ်ရေး လုပ်ငန်းနှင့် ရေလုပ်ငန်းနှင့် ရေလုပ်ငန်း ဆက်စပ် လုပ်ငန်း များတွင် လုပ်ကိုင်ကြသည်။
စီမံကိန်းကြောင့်  ထားဝယ်ဒေသတွင် လာမည့်နှစ်ပိုင်း အတွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိလာမည် ဆိုသော်လည်း ကုန်ဈေးနှုန်း ကဲ့သို့သော ကိစ္စရပ် များက အလုပ်သမားများ ပြန်လာရေးအတွက် စိန်ခေါ်မှု ရှိဆဲ ပင်ဖြစ်ကြောင်း ထိုင်းရောက် အလုပ်သမား အချို့က ဆိုသည်။
“နောက် လာမယ့် ၃ နှစ်ဆိုရင် ဗမာပြည်မှာ အလုပ်တွေ ဒီကနဲ့ တူသွားပြီ၊ နိုင်ငံခြား စက်ရုံတွေ ၀င်ပြီ ပြောတယ်။ ဒါပေမဲ့ နောက်ထပ် လာမယ့် ၃ နှစ်ဆိုရင် ထိုင်းနိုင်ငံ ကလည်း လုပ်ခွင့် ပါမစ် ၇ မျိုး ထပ်တိုးပေး ထားပြီ”ဟု ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မိသားစုလိုက် ပြောင်းရွေ့နေထိုင် အလုပ် လုပ်ကိုင်သော ကိုသားကျော်က ပြောကြားသည်။
ဝင်ငွေနှင့် ကုန်ဈေးနှုန်း အချိုးအစား မျှတရေး၊ ရေ၊ မီး ကဲ့သို့သော အခြေခံ အဆောက်အဦများ ပြည်စုံ လောက်ငှရေးတို့သည်လည်း အဓိက စိန်ခေါ်မှု များဖြစ်ကြောင်း သူက ဆိုသည်။
“ကျွန်တော်တို့ ဒီမှာ မီး တစ်ယူနစ် ကို ၅ ဘတ်၊ ဗမာပြည်မှာ ဘတ် ၂၀ ကျော်တယ်။ ကွာခြားချက် ရှိတယ်။ ဗမာပြည်မှာ တော်ရုံတန်ရုံ လူတန်းစား တယောက်အနေနဲ့ မီးစုံ၊ ရေစုံ မနေနိုင်ဘူး”ဟု ကိုသားကျော်က ဖွင့်ဟသည်။
လက်ရှိအချိန်အထိ ဒေသအတွင်း အကောင်အထည် ဖော်နေသည့် စီမံကိန်းများတွင် အလုပ်အကိုင် အခွင့်အလမ်း
ဖန်တီးနိုင်မှုသည် အားရစရာ မရှိသေးကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။
အမှန်တကယ် အကောင် အထည် ဖော်ဆောင်ရွက် သင့်သော လုပ်ငန်း မျာမှာ ဒေသခံ များ ရင်းနှီး ကျွမ်းကျင်ပြီး ဖြစ်သော လုပ်သား အင်အားများစွာ အသုံးပြုရသည့် အအေးခန်း အပါအ၀င် ရေလုပ်ငန်းနှင့် ဆက်စပ်သည့် စက်ရုံများ၊ အထည်ချူပ် လုပ်ငန်း စသည့် တို့ကို အကောင်အထည် ဖော်သင့်သည်ဟု ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။
“ကြိုးစားနေ တာကိုတော့ အသိအမှတ်ပြု ပါတယ်။ ဒါပေမယ့် လုပ်နေတဲ့ စီမံကိန်း တွေက အလုပ်အကိုင် အခွင့်အလမ်း အတွက် အားရ စရာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃ သန်း ခန့်ရှိသည်ဟု အလုပ် သမားရေး လုပ်ဆောင်နေသူများကခန့်မှန်းသည်။
Dawei Watch


မြိတ် ကျောက်မီးသွေး စက်ရုံ ဆန့်ကျင်မှု ထပ်ကြုံ


မြိတ် ကျောက်မီးသွေး စက်ရုံ  ဆန့်ကျင်မှု ထပ်ကြုံ

 

ယင်းကိစ္စနှင့် ပတ်သက်၍ မြိတ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများက ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး ကန့်ကွက်ကြောင်း ဒေသခံ တို့၏ လက်မှတ် များ လိုက်လံ စုဆောင်းလျက် ရှိသည်။
၅၀ မဂ္ဂါဝပ်ရှိ ယင်း ကျောက်မီးသွေး စက်ရုံသည် လော့လော့ ကျေးရွာ အ.မ.က ကျောင်းနှင့် ခြံစည်းရိုး တစ်ခုသာ ခြားပြီး သမုတ် အထက် တန်းကျောင်းနှင့် မြစ် တစ်ခု သာ ခြားကြောင်း၊ စက်ရုံကို ဂျပန် နည်းပညာနှင့် တည်ဆောက် မည်ဖြစ်ပြီး ယခုလက်ရှိ တရုတ် နိုင်ငံထုတ် စက်များ ရောက်နေပြီ ဟု မြိတ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ထံမှ သိရသည်။
စက်ရုံနှင့် လူနေ ရပ်ကွက် အတွင်း ရှိနေခြင်း၊ စက်ရုံ မှ စွန့်ပစ်ပြာများ၊ ရေများနှင့် မီးခိုးငွေ့ များသည် မိုင်ပေါင်း များစွာ ပြန့်လွင့်နိုင်ပြီး ထွက်ရှိသော ဓါတ်သတ္တု များကြောင့် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါ၊ အရေပြား ယားယံခြင်း၊ အာရုံကြော ထိခိုက်ခြင်း နှင့် နှလုံးရောဂါ စသည့် ကျန်းမာရေး ထိခိုက် မှုများ ရှိခြင်း၊ သမုတ် မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများ၊ ဒေသခံ များ ငါးပိ၊ ငါးခြောက် လုပ်ငန်း အပါအ၀င် ရေ လုပ်ငန်း များလည်း ထိခိုက် လာနိုင်ကြောင်း မြိတ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆိုသည်။
တိုင်း ဒေသကြီး အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု အတွက် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက် နေသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦမြတ်ကိုက ထားဝယ်မြို့တွင် ပြုလုပ်သော အစည်းအဝေး တစ်ရပ်တွင်  ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြောကြားခဲ့သည်။
ဒေသ အတွင်းတွင် လျှပ်စစ် ဓာတ်အား လိုအပ် နေသည်မှာ မှန်သော်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် တစ်ခုတည်းကြောင့် ကျန်သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူထု ထိခိုက်နိုင် သည်များကို မလုပ်သင့်ကြောင်း ထားဝယ် ၈၈ မျိုးဆက်ကျောင်းသား ဦးကျော်ကျော်သက် က ဆိုသည်။
“မြိတ် ၈၈ ကတောင်းဆို တာ ဖြစ်သင့်တဲ့ ကိစ္စပါ။ သဘာဝ ဓာတ်ငွေ့နဲ့ လျှပ်စစ် ဓာတ်အား ရရင်တော့ ပိုဝမ်းသာ ရတာပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။
ကျောက်ဖျာရွာ၊ လွတ်လွတ်ရွာ၊ သမုတ်ရွာ နှင့် ကျွဲကူးရွာ များသည့် ကျောက်မီးသွေး စက်ရုံနှင့် အနီးဆုံး ကျေးရွာများ ဖြစ်ပြီး ယခုလက်ရှိတွင် မြိတ် ၈၈ မှ ကျောက်မီးသွေး  ဓာတ်အားပေး စက်ရုံဆိုင်ရာ အသိပညာ ပေးမှုများကို လုပ်ဆောင်နေပြီး သြဂုတ်လ ၂၈ ရက်နေ့တွင်လည် ဒေသခံ ၁၅၀ ခန့်လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံ အသနား ခံစာ ပေးပို့ခဲ့ကြသည်။
“လက်ရှိ ကတော့ ကျွန်တော်တို့ ဒေသခံ တွေက ကျယ်ကျယ်ပြန့်ပြန့်တော့ မသိသေးဘူး။ အများအတွက် ကောင်းမယ် ဆိုရင်တော့ လက်ခံ ကြမှာပါ။ ဆိုးကျိုး ရှိမယ်ဆို ရင်တော့ ကန့်ကွက်မှာပဲ”ဟု အသက်  ၄၂ နှစ် အရွယ် ကျောက်ဖျာ ဒေသခံတစ်ဦးက ပြောကြားသည်။
၈ မဂ္ဂါ၀ပ် ဓာတ်အား ထုတ်လုပ်နိုင်သည့် ကော့သောင်း ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံသည် စမ်းသပ်မောင်းနှင် စဉ်တွင်ပင် အသံ ဆူညံလွန်းခြင်း၊ ညှော်နံ့  မခံနိုင် ခြင်းတို့ကြောင့် စက်ရုံနှင့် ကပ်ရက် ရှိဒေသခံ ပြည်သူများ တထိတ်တလန့်ဖြစ်ခဲ့ရပြီး ကန့်ကွက်မှု များကို အရှိန်မြှင့်ကာ လုပ်ဆောင် လာကြသည်။
မြိတ်မြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအား ၁၈ လဖြင့် အပြီး တည်ဆောက်မည်ဖြစ်ပြီး တနင်္သာရီတိုင်းေ ဒသကြီး အစိုရ လျှစ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာနနှင့် သန်းဖြိုးသူ ကုမ္ပဏီတို့ ဇူလိုင်လ ၂၇ ရက်နေ့တွင် နားလည်းမှု စာချွန်လွှာ ရေးထိုးခဲ့သည်။

Wednesday, October 24, 2012

(၈၈) မှ ဦးဆောင်၍ မြိတ်မြို့တွင် ငါးမှုန့်စက်ရုံ နှင့် ကျောက်မီးသွေး ကိစ္စပေါင်းပြီး ဆန္ဒပြမည်




မြိတ်မြို့ပေါ်ရှိ ငါးအမှုန့်ကြိတ် စက်ရုံမှ ထင်းလောင်စာများ 
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိမှာရှိတဲ့ ငါးမှုန့်စက်ရုံတွေက ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ တွေဟာ လေထုညစ် ညမ်းမှုဖြစ်စေတဲ့ အပြင် စက် ရုံ လည်ပတ် ရာမှာ လောင်စာအဖြစ် ထင်းတွေကို အဓိက အသုံးပြုနေတာ ကြောင့် သစ်တော ပြုန်းတီးပျက်စီးမှု တွေဖြစ် ပေါ်နေ တယ်လို့ မြိတ်ခရိုင် ၈၈ ကျောင်းသား အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ငါးမှုန့်စက်ရုံကြီး တွေမှာ ထင်းလောင်စာအသုံးပြုမှုကို အမြန်ဆုံးရပ် ပြီး ဒီဇယ်နဲ့ပြန်လည်ပတ်ပေးဖို့၊ စက်ရုံက အနံ့ ဆိုး တွမထွက်အောင် နည်းစနစ် မှန်မှန် လုပ်ပေးဖို့နဲ့ ဖြစ်နိုင်ရင် ဒီစက်ရုံတွေကို လူနေအိမ်ခြေနဲ့ ဝေးတဲ့ နေရာမှာ ရွေ့ ပေးဖို့လိုကြောင့်း ၈၈မျိုးဆက်အဖွဲ့က ကိုတင်ကိုကိုဦးက ပြောပါတယ်။ ဒီတောင်း ဆိုမှုကိုလိုက်နာမှုမရှိရင်တော့ ဒေသခံတွေနဲ့ ပူးပေါင်းပြီးဆန္ဒဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

မြိတ်မြို့ ထားဝယ်ကမ်း ရပ်ကွက်တွင် မီးလန့်မှု ဖြစ်ပွား တရားမ၀င် ဓာတ်ဆီဆိုင်များ များပြားလာမှုကြောင့် မီးဘေး စိုးရိမ်နေရ



ပြီးခဲ့သော တနင်္ဂနွေနေ့က မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ် တားဆီးရေး အတွက် မီးငြိမ်းသတ်မှု သရုပ်ပြပွဲ ပြုလုပ်ပြီး ၂ ရက် အကြာ ယနေ့ (၂၄) ရက်နေ့ နံနက် (၁၁၃၀) အချိန်ခန့် တွင် မြိတ်မြို့ ထားဝယ်ကမ်း (၂) ရပ်ကွက် သီတာလမ်း အိမ်အမှတ် (၃၀)တွင် နေထိုင်သော ဒေါ်အေးမြင့်၏ နေအိမ်တွင် မီးလန့်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ငါးဖမ်းပိုက်များကို ၄င်းနေအိမ် မီးဖိုအနီးတွင် ထားရှိ ရာမှ မီးဖိုမှ မီးပွား လွှင့်စင်ပြီး ငါးဖမ်းပိုက်ဖုံပေါ် ကူးစက်လောင်ကျွမ်းမှုကြောင့် မီးသတ်ကား (၂) စီးဖြင့် ငြိမ်းသတ်ရာ (၅) မိနစ်အတွင်း မီးငြိမ်းသွားခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့တွင် မီးသတ်စက်နှင့် မီးသတ်ယာဉ်များ လုံလောက်မှု ရှိသော်လည်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုမှာ အားနည်း နေကြောင်း ၊ အထူးသဖြင့် ခြောက်သွေ့ ရာသီ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် မြိတ်မြို့တွင် လမ်းမကြီး ပေါ်ရှိ နေအိမ်များတွင် တရားမ၀င် ရောင်းချ နေသော ဓာတ်ဆီဆိုင်များ ပိုမို များပြားလာပြီး ဓာတ်ဆီသိုလှောင်မှု များပြား လာသဖြင့် မီးဘေးအန္တရာယ် အထူး စိုးရိမ်နေရကြောင်း ပြည်သူလူထုများက ဝေဖန် ပြောကြား လျက် ရှိပါသည်။ 

ကမ်းဝေးငါးဖမ်းရေယာဉ်များ ကမ်းနီး ၀င်ရောက် ဖမ်းဆီးနေခြင်း အပေါ် တားဆီးသွားရန် အစိုးရက ဆောင်ရွက်ရေး အဆို လွှတ်တော်က အတည်ပြု


မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသအတွင်း ကမ်းဝေး ငါးဖမ်း သင်္ဘောများအား ကမ်းနီး ငါးဖမ်း ဧရိယာအတွင်းသို့ ၀င်ရောက်  ငါးဖမ်းဆီးများအား ကြီးကြပ် တားဆီး ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံမဲ များသည့်အတွက် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးရန် လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။ 

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်  အစည်းအဝေး (၃၇)ရက်မြောက် နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးအုန်းတင် တင်သွင်းထားသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသအတွင်း ကမ်းဝေး ငါးဖမ်း သင်္ဘောများအား ကမ်းနီး ငါးဖမ်း ဧရိယာအတွင်းသို့ ၀င်ရောက်  ငါးဖမ်းဆီးများအား ကြီးကြပ် တားဆီး ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးစံပြည့်က ပင်လယ် ကမ်းဝေးတွင် ငါးဖမ်းဆီးခွင့် ရရှိသည့် ငါးဖမ်း သင်္ဘောများသည် ၄င်းတို့ ၀င်ရောက် ငါးဖမ်းခွင့် မရှိသည့် ကမ်းနီးငါးဖမ်း လုပ်ကွက်များသို့ ၀င်ရောက်၍ တရွတ်ဆွဲ ငါးဖမ်းပိုက် များဖြင့် ဖမ်းဆီးခြင်းကြောင့် ကမ်းနီး ရေလုပ်သားများ အဖို့ ငါးဖမ်းခွင့် မရရှိတော့ဘဲ ဖြစ်နေကြသည့်အပြင် ရေထဲသို့ ချထားသော ပိုက်ကွန်းများ ငြိတွယ်ပါသွားပြီး ပျက်စီးသွားခြင်း၊ ကမ်းနီးရေတိမ်ပိုင်းအတွင်းမှ ငါး၊ပုစွန်များ ခိုအောင်းရာ သန္တာကျောက်တန်းများ ပျက်စီးသွားရခြင်း၊ ငါး၊ ပုစွန် သားပေါက်များ  မှီခို စားသောက်စရာ နေရာနှင့် အစာများ မရှိတော့သဖြင့် နေရာ ပြောင်းရွှေ့  သွားကြခြင်း တို့ကြောင့် ငါး၊ ပုစွန်များ တစ်နှစ်ထက် တစ်နှစ် ရှားပါး ပြုန်းတီး သွားကြသဖြင့် ကမ်းနီး ငါးဖမ်းဆီးခွင့် လိုင်စင်ရ ဆင်းရဲသား ရေလုပ်သား များမှာ တစ်နှစ်ထက် တစ်နှစ် ကြေးမြီးများ တင်ရှိကာ ဆင်းရဲ နွမ်းပါး နေကြပြီး စားဝတ် နေရေး အခက်အခဲများ ရင်ဆိုင် ကြုံတွေ့ နေရကြောင်းကို ဖော်ပြထားပါကြောင်း၊ ထိုသို့ ကမ်းနီး လုပ်ကွက် အတွင်းသို့ ခိုးဝင် ငါးဖမ်းသော ကမ်းဝေး သင်္ဘော/ ရေယာဉ်များကို လုံခြုံရေး ဆောင်ရွက်သည့် တပ်မတော်(ရေ)မှ ဖမ်းဆီးမှု ပြုလုပ်သော်လည်း ကျယ်ဝန်း လှသည့် ပင်လယ်ပြင်တွင် ကွက်ပြည့် စောင့်ကြည့်  နိုင်သည့် အနေအထား မရှိသဖြင့် ထိန်းချုပ်ရန် မလွယ်ကူကြောင်း လေ့လာ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ (Vessel Monitoring Syetem) (VMS) စနစ် တပ်ဆင် ထားသော ကမ်းဝေး ငါးဖမ်း သင်္ဘော/ ရေယာဉ်များကို ငါးဖမ်းခွင့် လိုင်စင် ထုတ်ပေးခြင်းနှင့် စည်းကမ်း ဖောက်ဖျက်သော သင်္ဘော/ရေယာဉ်များ တွေ့ရှိပါက ကြီးလေးသော အပြစ်ဒဏ်များ ချမှတ်ခြင်းဖြင့် တားဆီးထိန်းချုပ်နိုင်မည့် ဖြစ်ကြောင်းကို အကြံပြု တင်ပြ လိုပါကြောင်းဖြင့် ထောက်ခံ ဆွေးနွေးသည်။

အဆိုနှင့် စပ်လျဉ်း၍ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် Check Point များတွင်သာ တရားဝင် မှတ်ပုံတင် ထားသော ကမ်းနီး ကမ်းဝေး ရေယာဉ်များ ၀င်ရောက်/ ထွက်ခွာခြင်း၊ မထွက်ခွာမီ ငါးဖမ်း ကိရိယာများ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ စုပေါင်းအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်အလိုက် စစ်ဆေးခြင်း များကိုသာ ဆောင်ရွက်နိုင်ပြီး ပင်လယ်ပြင်ရှိ ကမ်းဝေး ငါးဖမ်း ရေယာဉ်များအား ကာကွယ်ရေး ၀န်ကြီးဌာန၏ စစ်ဆေး ကြပ်မတ်မှုဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊

ကမ်းဝေး ငါးဖမ်း  ရေယာဉ်များ၏ လှုပ်ရှားမှုများကို သိရှိနိုင်မည့် ဂြိုလ်တုစနစ် အသုံးပြု ငါးဖမ်း စောင့်ကြပ် ထိန်းချုပ်သည့် စနစ် (Vessel Monitoring Syetem) (VMS)  ကို ငါးဖမ်း ရေယာဉ်များတွင် အသုံးပြုရန် စည်းရုံး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ နိုင်ငံခြား ငါးဖမ်း ရေယာဉ်များတွင် တပ်ဆင်  အသုံးပြုလျက်ရှိပြီး ပြည်တွင်း ငါးဖမ်း ရေယာဉ်များတွင် စည်းကမ်း ဖောက်ဖျက်သည့် ငါးဖမ်း ရေယာဉ် များအား အရေးယူ အပြစ်ပေးသည့် အနေဖြင့် (VMS ) စနစ်တပ်ဆင်အသုံးပြုရန် စီမံ ဆောင်ရွက်လျက် ရှိပါကြောင်း ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ကမ်းနီး ငါးဖမ်း ရေယာဉ်ငယ်များနှင့် သယံဇာတများကို ထိခိုက်စေသည့် ကမ်းဝေး ငါးဖမ်း ရေယာဉ်များ ကမ်းနီးဒေသသို့ ၀င်ရောက်ခြင်း မပြုရန် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်း လုပ်ငန်းရှင်များအား ရှင်းလင်း စည်းရုံး ပြောကြားခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဌက ယခုအဆိုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းဖြစ်သကဲ့သို့ လူဦးရေ တိုးပွား များပြားလာသည့် အခါတွင် ကုန်းပေါ်မှ အစားအစာဖြင့် မလုံလောက်သဖြင့် ပင်လယ်စာကို မှီခိုရမည် ဟုဆိုသည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် ကာကွယ်ရန် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်လဲ ဖြစ်ပါကြောင်း လက်ရှိ ဆောင်ရွက် နေသည့် ကာကွယ်ရေး စီမံချက်ဖြင့် မလုံလောက်ပါက အသစ် ပြန်လည်ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ခေတ်မီ ပစ္စည်းကိရိယာ အထောက်အကူ ပစ္စည်းများလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အင်အားနှင့် နည်းပညာ အားနည်းသည်ဆိုပါက ပြည်သူ့ အားကိုးရယူမှာ ဖြစ်သကဲ့သို့ ပြည်သူများကလည်း ၀ိုင်းဝန်း ပူးပေါင်း ကာကွယ် စောင့်ရှောက်ကြရန်လိုပါကြောင်း၊ ထို့ပြင် ငါးဖမ်းသမားများ၏ လက်ထဲတွင် သတင်းပို့ရန် အတွက် ဂြိုလ်တု ဆက်သွယ်ရေးစနစ်၊ ကင်မရာနှင့် ဂျီပီအက်ကဲ့သို့ အထောက်အကူပြု ပစ္စည်းများကို ငှားရမ်း ထုတ်ပေးထား နိုင်မည်ဆိုပါက သတင်းပေးပို့ရန် အဆင်ပြေပြီး အချိန်မီ ဖမ်းဆီး ကာကွယ်၍ ရနိုင်ကြောင်း၊ ဤလုပ်ငန်းများတွင် တိုင်းရင်းသား လုပ်ငန်းရှင်များကို ဦးစားပေး ချထားရန်လိုအပ်ပြီး ၄င်းတို့၏ ငါးဖမ်း စက်လှေများကို ခေတ်မီ စက်ကိရိယာများဖြင့် ပြည်ပ ငါးဖမ်း သင်္ဘောမျာနှင့် နှိုင်းယဉ်နိုင်အောင် ဆောင်ရွက်သင့်ကြောင်း၊ ထို့ကြောင့် ၀န်ကြီးဌာန များအနေဖြင့် ပြန်လည် ဆက်စပ်သုံးသပ်ရန် လိုပါကြောင်းဖြင့် သုံးသပ်ဆွေးနွေးသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ ဆန္ဒကို ရယူရာ ထောက်ခံမဲများသည့်အတွက် အဆိုကို အတည်ပြုကြောင်းကြေငြာသည်။
         

မြိတ်မြို့ ဇီဝိတဒါန သံဃာ့ ဆေးကုဆောင်ကြီးအတွက် လှူဒါန်းနိုင်


ဇီဝိတသံဃာ့ ဆေးကုဆောင်ကြီးဟာ မြိတ်မြို့နှင့် မြိတ်ခရိုင် အတွင်းရှိ သံဃာတော်များအားလုံး လာရောက် ဆေးကုသနိုင်တဲ့ အပြင် နယ်မှာ ရောက်ရှိလာတဲ့ ဂီလာနများ အတွက် နေ့ည နေထိုင်နိုင်အောင် စီစဉ် ပေးထား မယ်လို့ သိရပါတယ်။ ဒီ ဆေးကုသဆောင်ကြီးအတွက် ကုသိုလ် ပါဝင်လိုပါက အောက်ပါ ဖုန်းများကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
ဖုန်း- 09450034711, 05941358, 0973106225

Tuesday, October 23, 2012

မြိတ်မြို့၏ ဂုဏ်ယူစရာ ကျွဲကူး - ကျောက်ဖျာ တံတား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးကျောက်ဖျာတံတားမှာ နေ့ပိုင်းအချိန် ဆိုင်ကယ်ဖြတ်သန်းခ တစ်စီးကို ၅၀ ကျပ်ပေးဆောင်ရပါတယ်… ည ၆း၀၀ နာရီအချိန်ဆိုရင် တံတားမှာ ပိုက်ဆံပေးရတဲ့ဂိတ် နှစ်ခုဖြစ်သွားပါတယ်.. မြို့အ၀င် တံတားရဲ့ ပထမဂိတ် (စစ်တပ်)မှာ ဆိုင်ကယ်တစ်စီး (၅၀၀)ကျပ်ပေးဆောင်လိုက်လို့ ပြီးသွားပြီလို့ထင်နေပေမယ့် တံတားဖြတ်သန်းလို့ ပြီးခါနီးမှာ ဟော.. လြာ
ပန်ပြီ.. ၀ါးတားဂိတ်လေးတစ်ခု.. အမယ်.. ကိုယ်တော်က အရောင်ပြပြီး တံတားမှာ ခါးလေးထောက်ပြီး စောင့်နေရှာပါတယ်.. “ဟေ့... မြို့ထဲဝင်မလို့လား”တဲ့ မေးလိုက်ပုံက..(သိသားနဲ့မေးတာ).. “လ္ဘက်ရည်ဖိုး ဆိုင်ကယ်တစ်စီး ၅၀၀ ပေးရမယ်”… ဟော.. ဇာတိပြပြီ.. အရက်နံ့တွေကလည်း သင်းလို့.. ဒါနဲ့များ လ္ဘက်ရည်ဖိုးတဲ့.. သိသာပါတယ်.. ၀တ်ထားတဲ့အ၀တ်အစားကိုကြည့်တာနဲ့… (မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဝင်)လေ… တကယ်လို့ အဲဒီ ပိုက်ဆံ ၅၀၀ မပေးရင် တံတားမှာပဲ အိပ်ရမှာလားလို့တော့ စဉ်းစားစရာ.. ပိုက်ဆံမပါရင်တော့ ဒုက္ခပဲ.. ဒါပေမယ့် ပေးလိုက်ရပါတယ်… မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်နေတာကိုး… (အဲလို လုပ်စားနေတာတော့ ကြာပါပြီ…)
ဒါကြောင့် ဆိုင်ကယ်တစ်စီး နေ့ဆို ၅၀ ကျပ်နဲ့ ည ၆း၀၀ နာရီဆို စစ်တပ် ၅၀၀ ၊ ရဲ ၅၀၀၊ ပေါင်း ၁၀၀၀ ကျပ်.. မည်သူသတ်မှတ်ထားပါသနည်း.. အမည်ခံတာကျတော့ တံတားလုံခြုံရေးတဲ့.. ပြည်သူတွေအတွက် လုံခြုံရေးများလား…