မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, March 29, 2015

ညီအစ်မမြို့တော် အထိမ်းအမှတ် ၅၀ ရာခိုင်နှုန်း အထိ လျော့ပေးမည့် မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး OTOP ကုန်စည်ပြပွဲ ကျင်းပမည်

ညီအစ်မမြို့တော် အထိမ်းအမှတ် ၅၀ ရာခိုင်နှုန်း အထိ လျော့ပေးမည့် မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး OTOP ကုန်စည်ပြပွဲ ကျင်းပမည်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ရေပုန်းနယ်မြေ သဲကွင်းရပ် ကမ်းနားလမ်းရှိ Myeik Shopping Center ၌ မြိတ်ခရိုင် မြိတ်မြို့နှင့် ထိုင်းနိုင်ငံ ပရာကျွတ် ကရိခန် ခရိုင် ပရာကျွတ် ကရိခန်မြို့တို့ ညီအစ်မမြို့တော် အထိမ်းအမှတ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး One Tambon One Product (OTOP) ကုန်စည်ပြပွဲကို ဧပြီ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Friday, March 27, 2015

ကျွန်းစုမြို့နယ် မောင်းလှော်တိုက်နယ် ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျွန်းစုမြို့နယ် မောင်းလှော်တိုက်နယ် ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မောင်းလှော်တိုက်နယ် ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကို ၂၀၁၅ ခုနှစ် ၊ မတ်လ (၂၆) ရက်နေ့ ညနေ (၃)နာရီ အချိန် မောင်းလှော် ကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် ဘောလုံးအသင်းများ၊ အားကစား ၀ါသနာရှင်များ တက်ရောက်ခဲ့သည်။



Tuesday, March 24, 2015

ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်မည်

ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်မည်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ကြံတောလမ်းရှိ J & J ဟိုတယ်ခန်းမ၌ စွန့်ဦးတီထွင် လုပ်ငန်းရှင် အခြေခံ စီးပွားရေး ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းကို ဧပြီ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း မြိတ်မြို့နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန  အသေးစားနှင့် အလတ်စားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ   သိရသည်။

အမြန်ရေယာဉ် ခေါင်မိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲမှု အန္တရာယ်ရှိ

 အမြန်ရေယာဉ် ခေါင်မိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲမှု အန္တရာယ်ရှိ

တနင်္သာရီတိုင်း ဒေသကြီး အတွင်း ပြေးဆွဲလျက်ရှိသည့် မြိတ်-ထားဝယ်-ကော့သောင်း ခရီးသည်တင် အမြန်ရေယာဉ်များတွင် စီးနင်းသူ များပြားလာခြင်းနှင့် အတူ ရေယာဉ် ခေါင်မိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲမှု သည် အန္တရာယ် ရှိကြောင်း မြိတ်ဒေသခံ ခရီးသွား တစ်ဦးက ပြောသည်။

မြိတ်မြို့ သဘွတ်ကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော် အန္တိမ အဂ္ဂိဈာပန ပူဇော်ပွဲ ကျင်းပမည်

မြိတ်မြို့ သဘွတ်ကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော် အန္တိမ အဂ္ဂိဈာပန
ပူဇော်ပွဲ ကျင်းပမည်
-----------------------------
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့ ၀တ်တိုက် မိသားစု ပ၀ါရဏဂိုဏ်း၊ ရွှေကျောင်း မိသားစု ပ၀ါရဏဂိုဏ်း တို့၏ သြ၀ါဒ စရိယ - သဘွတ်ကျောင်းကြီးတိုက် သဘွတ်ကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော် သက်တော် (၉၂) ၊ သိက္ခာတော် (၇၃) ၀ါ ရှိတော်မူသော ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စ၏ ကျန်ရစ်သော ဥတုဇ ရုပ်ကလပ်တော်အား တပည့်တကာ၊ တကာမ များက တပေါင်းလဆန်း (၁၄)ရက်နေ့မှ စတင်၍ စံကျောင်းချ ပူဇော်ခံ ခဲ့ပြီး ဖြစ်ပါသည်။



Sunday, March 22, 2015

တရားမ၀င် သစ်ခိုးထုတ်လှေအား တပ်မတော်(ရေ)မှ ဖမ်းဆီး

တရားမ၀င် သစ်ခိုးထုတ်လှေအား တပ်မတော်(ရေ)မှ ဖမ်းဆီး

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ် (၅၆၆)သည် မြန်မာ့ ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့ နေ့လည် (၁)နာရီကျော် အချိန်၌ အနောက်စူလာကျွန်း၏ အနောက်ဘက် ၁၁၅ မိုင်ခန့် အကွာ၌ မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးအား တွေ့ရှိရသဖြင့် အချက်ပြ ခေါ်ယူရာ လာရောက်ခြင်း မရှိဘဲ ခုတ်မောင်း ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ညနေ (၃)နာရီခွဲ အချိန်ခန့်၌ အောင်ရမည်(၁) အမည်ရှိ တရားမ၀င် သစ်ခိုးလှေ ( အလျာ- ၇၈ပေ၊ အနံ (၂၀)ပေ၊ ရေစူး (၁၀)ပေ၊ သစ်သားကိုယ်ထည် ၊ စက်မကြီး HINO EK - 100 ၆လုံးထိုး ၊ HP - 350 ) (၁)စီးအား သစ်မာ ဆိုက်စုံ (၃၅) တန်ခန့် (ပိတောက်သားဟု ယူဆရ ) နှင့် မြန်မာလှေသား (၁၂) ဦးနှင့် အတူ ဖမ်းဆီး ရမိကြောင်း သိရသည်။


ဖမ်းဆီးရမိသော သစ်ခိုးထုတ်လှေ
သစ်ခိုးထုတ်လှေပေါ်တွင် လိုက်ပါလာသည့် လှေသားများ
စစ်ဆေးချက်များအရ ယင်းလှေမှာ ကျိုက္ခမီ ပင်လယ် ကမ်းခြေတွင် သစ်များအား လှေငယ်များမှ လာရောက် တင်ဆောင်ပေးပြီး မတ်လ (၁၅) ရက်နေ့ နေ့လည်ပိုင်းတွင် မလေးရှားနိုင်ငံ ပီနန်မြို့သို့ သစ်များ သွားရောက်ရောင်းချရန် ထွက်ခွာလာစဉ် တပ်မတော် (ရေ) စစ်ရေယာဉ်မှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီး ရမိသော စက်လှေသား (၁၂) ဦးနှင့် စက်လှေ အပါအ၀င် သက်သေခံ ပစ္စည်းများအား မြိတ်မြို့မ ရဲစခန်းသို့ လွဲအပ်ပေးပို့ထားပြီး ပိုင်ရှင် အပါအ၀င် ၊ စက်လှေသားများအား တရားစွဲ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၈၀၀)ပြား ဖမ်းဆီးရမိ

 မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၈၀၀)ပြား ဖမ်းဆီးရမိ
------------------------------------------------------------
၂၀၁၅ ခုနှစ် မတ်လ (၂၀) ရက်နေ့ ည (၉း၅၀) အချိန် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တောရကျောင်းရပ်၊ အဝေးပြေး ကားဝင်း အတွင်း မူးယစ်ဆေးဝါး သတင်းအရ ယာဉ်အမှတ် (၈ည/----)၊ "မြရတနာ" ထားဝယ်- မြိတ် မှန်လုံကားဖြင့် လိုက်ပါလာ ခဲ့သည့် ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ၀င်းနိုင်နှင့် အဖွဲ့၊ မြိတ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေးနှင့် အဖွဲ့၊ အမှတ် (၁)နယ်မြေ ရဲကင်းမှူး ဒုရဲအုပ် ရဲထွဋ်ကိုနှင့် အဖွဲ့တို့သည် သက်သေများ နှင့်အတူ စောင့်ဆိုင်းနေစဉ် ယာဉ်ပေါ်တွင် ပါလာသော မူးယစ်ဆေးဝါးများ ထည့်သွင်း ထားသည့် ဆန်အိတ်များ လာရောက် သယ်ယူသူ (၂)ဦးအား ဖမ်းဆီးရမိသည်။

Saturday, March 21, 2015

မြိတ်-ရန်ကုန်ခရီးသည်တင်မှန်လုံကား ခဲပေါက်ခံရ


မြိတ်-ရန်ကုန်ခရီးသည်တင်မှန်လုံကား ခဲပေါက်ခံရ


မြိတ်-ရန်ကုန် ခရီးသည်တင် မိုးကောင်းကင် မှန်လုံကား တစ်စီး ယခုလ ၁၆ ရက်ညက သံဖြူဇရပ် တိုးဂိတ်အနီး ခဲဖြင့် အပေါက်ခံရ ကြောင်း ယင်းယာဉ်လိုင်းထံမှ သိ ရသည်။ ရန်ကုန်မှ မြိတ်သို့ မောင်းနှင် လာစဉ် ယင်းနေ့ ည ၉ နာရီခွဲတွင် အမျိုးသားလေးဦးက မော်တော် ဆိုင်ကယ်ဖြင့် ရောက်လာပြီး ခဲဖြင့် ပေါက်ကာ ထွက်ပြေးသွားခြင်းဖြစ် ကြောင်း ယင်းယာဉ်လိုင်း ဂိတ်မှူး ဦးအောင်သူရက ရှင်းပြသည်။

''ကားခေါင်းပိုင်း လေကာမှန် ကွဲအက်သွားတယ်။ ဘာကြောင့် အပစ်ခံရမှန်းအခုထိမသိသေးဘူး'' ဟု ဦးအောင်သူရက ဆိုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သံဖြူဇရပ်ရဲစခန်းသို့ အကြောင်း ကြားထားသော်လည်း အမှုဖွင့်ထားခြင်း မရှိဟု သိရသည်။

Friday, March 20, 2015

လက်ပတ်ဖြူဝတ် လှုပ်ရှားမှု မြိတ်မြို့တွင် ဆောင်ရွက်

 လက်ပတ်ဖြူဝတ် လှုပ်ရှားမှု မြိတ်မြို့တွင် ဆောင်ရွက်
----------------------------------------------------
အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားနှင့် ပြည်သူများ အကြမ်းဖက် ဖြိုခွဲခံရမှုကို ဆန့်ကျင်သည့် အနေဖြင့် လက်ပတ်ဖြူဝတ်  လှုပ်ရှားမှုကို  ရန်ကုန်နှင့် မန္တလေးတို့ အပါအဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့ကြီး ၁၉ ခု၌ မတ်လ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်း မြိတ်မြို့တွင် လည်း ၈၈ မျိုးဆက်များ၊ ကျောင်းသား များနှင့် လူမှုရေး အဖွဲ့အစည်း များက ၄င်းလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


Thursday, March 19, 2015

သန္တာတောများနှင့် မြိတ်ကျွန်းစု

သန္တာတောများနှင့် မြိတ်ကျွန်းစု
------------------------------
စာရေးသူ - အောင်ဇင်လတ်

ကြည်လင်နေသော ပင်လယ်ရေပြင်အောက်ခြေတွင် ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ဆန်းကျယ်စွာ လှပနေသော ရောင်စုံ ကျောက်ပွင့် ကျောက်ပန်း ကျောက်ဆောင် ကျောက်တန်း များကို သင်မြင်တွေ့ဖူးကောင်း တွေ့ဖူးပေ လိမ့်မည်၊ အမှန်စင်စစ် ၄င်းတို့သည် ကျောက်ဆောင် ကျောက်တန်းများ မဟုတ်ကြ၊ သန္တာခေါ် ပင်လယ်ရေနေ သတ္တ၀ါလေး များ၏ အစုအဖွဲ့ ပုံဆောင်ခဲ များသာ ဖြစ်သည်။ သန္တာကျောက်တန်း များကို Coral ဟုခေါ်၍ သန္တာကောင်လေး များကို Polyp ဟု ခေါ်သည်။

သန္တာတော 

Polyp များသည် သက်ရှိများ ဖြစ်ကြသည်။ သူတို့သည် ရေညှိရေမှော်များ ငါးငယ်လေးများနှင့် Plankton ခေါ် ရေမွှားငယ်လေး များကို ဖမ်းယူ စားသောက်ကာ နေရောင်ခြည်ဖြင့် ရှင်သန်ကြသော ပင်လယ် ရေအောက် သတ္တဝါငယ်လေး များ ဖြစ်ကြသဖြင့် Cool water genus lophelia ခေါ် ရေနက်ပျော် သန္တာ အချို့မှလွဲ သန္တာ ကျောက်တန်း များကို နေရောင်ခြည် ထိုးဖေါက် ရောက်ရှိနိုင်သော ရေအနက် အများဆုံး ပေ ၂၀ဝ၏ အထက်ဘက် အပိုင်းတွင်သာ တွေ့ရလေ့ ရှိသည်။

အမျိုးစားပေါ်တွင် တည်မှီ၍ သန္တာများ၏ သက်တမ်းမှာ အမျိုးမျိုး ရှိသည်။ အချို့မှာ နှစ်သန်းပေါင်း ၅၀ ကျော်ကာ အချို့မှာ ၂နှစ်မှ နှစ် ၁၀ဝ အထိ ရှည်လျားစွာ အသက်ရှင်ကြပြီး အစုအဝေ ပုံဆောင် ကျောက်တန်းများ အဖြစ်နှင့်မူ  ၅ နှစ်မှ ရာစုနှစ်ပေါင်း များစွာ အထိ တည်နေနိုင်ကြသည်။ သူတို့သည် လပြည့်နှင့်  လသာညများတွင် သားဥများကို လွှင့်ထုတ်ခြင်းဖြစ် မျိုးပွားကြသည်။

သန္တာကျောက်တန်း များသည် ကမ္ဘာ့ဇီဝ စက်ဝန်း လည်ပတ်ရှင်သန်ရေးတွင် မရှိမဖြစ် လိုအပ်သော အရေးကြီး အစိတ်အပိုင်းကြီးများ ထဲက တခုဖြစ်သည်။ ကမ္ဘာ့ဇီဝ စက်ဝန်း လည်ပတ်ရှင်သန်ရေးတွင် မရှိမဖြစ် လိုအပ်သော အခြား အရေးတကြီး အစိတ်ပိုင်းကြီးတစ်ခုဖြစ်သည့် ဒီရေရောက်တော (လမုလမဲ့တော) များနှင့် နီးကပ်စွာ တည်ရှိကြပြီး တခုနှင့်တခု အပြန်အလှန် အကျိုးပြုကြသည်။

သန္တာ ကျောက်တန်း များကို ကမ္ဘာ့ရေထု ဧရိယာ ဝ.၁ % တွင် သာတွေ့ရပြီး အင်ဒိုပစိဖိတ်ခေါ် အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ ဆက်စပ်ဒေသ အထူးသဖြင့် အီကွေတာ အပူပိုင်း ရပ်ဝန်းတွင် တွေ့ရပါသည်။ ကမ္ဘာ့သန္တာတန်း အားလုံး၏ ၄၀% မှာ သြစတေးလျတွင် တွေ့ရ၍ ၃၂.၅% ကို မြန်မာ အပါဝင် အရှေ့တောင် အာရှတွင် တွေ့ရပါသည်။ သန္တာများသည် သမနွေး အရပ်ဒေသတွင်လည်း ရှင်သန် နိုင်သော်ငြား အများစုမှာ ပင်လယ်ရေ ပျှမ်းမျှအပူချိန် ၂၆-၂၇ ဒီဂရီ စင်တီဂရိတ်ရှိသော အပူပိုင်းပင်လယ်ပြင်များတွင် ပေါများစွာတွေ့ရသည်။

ပုံမှန်အားဖြင့် ပူနွေးသော အပူပိုင်း ပင်လယ်ရေပြင်တွင် ရေသတ္တဝါများ လိုအပ်သည် အဟာရ ပစ္စည်းများ ပေါများစွာ မရှိပါ၊ သန္တာတန်းသည် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေး၏။ ပူနွေးသော ရေမျက်နှာပြင် အပေါ်ပိုင်းမှ နေရောင်ခြည်များကို ခံယူ ရရှိနိုင်သကဲ့သို့ အေးမြသော ပင်လယ်ရေအောက်မှ ရေညှိရေမှော်များနှင့်လည်း ထိတွေ့နေနိုင်သဖြင့် ပင်လယ်ရေနေ အပင်နှင့် သတ္တဝါများ၏ အစာ သံသရာ လည်မှုကို ဦးဆောင်ဆောင်ရွက်ပေးသည်။ သန္တာတန်းများ၏ အထူးခြား ဆုံးသော စွမ်းဆောင်မှုမှာ ကျွန်း သို့မဟုတ် ကုန်းမြေ၏ ကမ်းခြေမှ မနီးမဝေးတွင် တည်ရှိကာ ကမ်းခြေကို ခံတပ်သဖွယ် ကာကွယ်ပေးထားသဖြင့် ပေါက်ဖွားစ ရေနေ အပင်နှင့် သတ္တဝါငယ်လေး များကို မုန်တိုင်းနှင့် လှိုင်းလုံးကြီး များ၏ အန္တရာယ်မှ ကာကွယ် ပေးထားနိုင်ခြင်းပင်။ သန္တာတန်း များသည် လှိုင်းများ၏ အရှိန်ကို လျှော့ကျစေသည်၊ သို့အတွက် အချို့သော ကျွန်းငယ်လေးများအဖို့ သန္တာတန်း မရှိလျင် တည်ရှိနေရန် မဖြစ်နိုင်ပါ။ အစာ အဟာရကို ထုတ်လုပ်ပေးကာ ရေနေအပင်နှင့် သတ္တဝါများကို ခိုလှုံရာပေးခြင်းကြောင့် သန္တာတန်းများကို ပင်လယ် ကန္တာရ၏ အိုအေစစ်များ ဟု တင်စား သုံးနှုံးကြခြင်း ဖြစ်သည်။
ဒီရေတော 

အပူပိုင်း ပင်လယ်ပြင်များတွင် သန္တာတန်းများနှင့် ဒီရောက်တော များသည် ရေနေသတ္တဝါများ ရှင်သန် ပေါက်ဖွားရန် မရှိမဖြစ် လိုအပ်သည်။ ငါးပုဇွန်လိပ် ခရု ကမာနှင့် ပင်လယ်ပျော် ငှက်ကျေး တိရိစ္ဆာန် များသည် သန္တာတန်းနှင့် ဒီရောက်တော မရှိပဲ ရှင်သန်နိုင်စွမ်း မရှိပါ။

ပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှု အရ ကမ္ဘာတစ်ခုလုံးမှ သန္တာကျောက်တန်းများဆီမှ တနှစ်လျင် အမေရိကန်ဒေါ်လာ ၂၉.၈ ဘီလံယံမှ ၃၇၅ ဘီလံယံခန့် မျှသော ဝင်ငွေကို ထုတ်လုပ်ပေးနေသည်ဟု ဆိုပါသည်။ တကမ္ဘာလုံးတွင် နှစ်စဉ် သန္တာကျောက်တန်း များဆီမှ ငါးတန်ချိန်ပေါင်း ၆ သန်းခန့် ထုတ်လုပ်လျက် ရှိပြီး စနစ်တကျ ထိန်းသိမ်ထားသော သန္တာတန်း တစ်စတုရန်း ကီလိုမီတာတိုင်းမှ ပင်လယ်စာ ၁၅ တန်ထုတ်လုပ်နိုင်သည်ဆို၏။ အရှေ့တောင်အာရှနိုင်ငံများ၏ နှစ်စဉ် ပင်လယ်စာ ထုတ်လုပ်မှုတွင် အမေရိကန် ဒေါ်လာ ၂.၅ ဘီလံယံဖိုးမှာ သန္တာကျောက်တန်း များမှ ထုတ်ယူခြင်း ဖြစ်သည်။ ထို့အပြင် သန္တာတန် များကို အခြေပြုကာ သဘာဝ မိတ်ဖက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေများစွာ ရနိုင်ပါ သေးသည်။

ဇီဝစက်ဝန်း လည်ပတ်ရေး တွင် အလွန်အရေးကြီးသော သန္တာတန်း များသည် ယခုအခါ ရာသီဥတု ဖေါက်ပြန်မှုနှင့် လူတို့၏ ပယောဂကြောင့် အကြီးအကျယ် ပျက်စီးခြင်း ကြုံနေရပြီဖြစ်သည်။ ပညာရှင်များ၏ ၂၀ဝ၈ ခုနှစ်တွင် လေ့လာတွေ့ရှိမှုများ အရ ကမ္ဘာ့သန္တာတန်း ၁၉% မှာလုံးဝ ပျက်စီး ပျောက်ကွယ် သွားပြီး နောက်ထပ် ၁၅-၁၈% မှာ ၁၀နှစ် သို့မဟုတ် အနှစ် ၂၀ အတွင်း ပျောက်ကွယ် သွားတော့မည်ဖြစ်သည် ဟူ၏။ တကမ္ဘာလုံး သန္တာတန်း၏ ၄၆% သာလျင် လက်ရှိတွင် အကောင်း အတိုင်း ရှိနေပြီး ကျန် သန္တာတန်း များမှာ စိုးရိမ်ဘွယ်ရာ အခြေနေရှိနေသည်ဟု ဆိုပါသည်။

သန္တာကျောက်တန်း များကို ပျက်စီးစေသော အဓိက အချက်များမှာ ရာသီဥတု ပူနွေးခြင်း စွန့်ထုတ် ပစ္စည်းများကြောင့် ပင်လယ်ရေထု ညစ်ညမ်းခြင်း ငါးအလွန်အကျွံ ဖမ်းဆီးခြင်း ဗုံးခွဲငါးဖမ်းခြင်း နှင့် တူးမြောင်းများနှင် တံတားများ တူးဖေါ် ဆောက်လုပ်ခြင်းတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံ၌ သန္တာကျောက်တန်း များကို ရခိုင်းကမ်းရိုးတန်းနှင့် တနင်္သာရီ ကမ်းရိုးတန်းတွင် တွေ့ရသည်။ အထူးသဖြင့် မြိတ်ကျွန်းစုသည် မျိုးစုံသော သန္တာမျိုးကွဲများစွာ တည်ရှိရာ နေရာတစ်ခု အဖြစ် ကမ္ဘာပေါ်တွင် ထင်ရှား၏။ ကျွန်းကြီး ကျွန်းငယ်ပေါင်း ၈၀ဝ ကျော်ခန့် ရှိသော ဤကျွန်းစု အတွင်းရှိ ကျွန်းတိုင်း လိုလိုကို သန္တာကျောက်တန်း များက ဝန်းရံထားလေ့ ရှိသဖြင့် ရေနေ ဇီဝမျိုးကွဲ မျိုးစုံကို တွေ့ရပါသည်။

ပထဝီ အနေအထား အရ မြိတ်ကျွန်းစုနှင့် တနင်္သာရီ ကမ်းမြောင်ကြား ရေပြင် သည် ချောင်းမြောင်း ပေါများသော တနင်္သာရီ ကမ်းမြောင် တောင်ပိုင်း၊ ကမ်းရိုးတန်း တစ်လျှောက် ကျယ်ပြန့်သော ဒီရောက်တောနှင့် ကမ်းခြေအား တံတိုင်းသဖွယ် ကာရံထား သည့်ဟန် တည်ရှိနေသော မြိတ်ကျွန်းစုကြောင့် ရေနေသတဝါများ ပေါက်ပွား ကျက်စားရာ ရေကန်ကြီး တစ်ခုသဖွယ် တည်ရှိနေသည့် အပြင် ကျွန်းများကို ဝန်းရံ ပတ်သိုင်းထားသော သန္တာကျောက်တန်း များကလည်း ဖီဝမျိုးကွဲများ ပေါကြွယ်စေရန် အားဖြည့်ပေးနေ လေသည်။

တနင်္သာရီ ကမ်းမြောင်ဒေသ၏ တောင်ဘက်ပိုင်း စီးပွားရေးသည် ရေထွက် ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းပေါ်တွင် တည်ဆောက် ထားခြင်း ဖြစ်ပြီး မြိတ်မြို့ကို ဗဟိုပြု ထားသော ထိုဒေသကြီး တစ်ခုလုံးရှိ သိန်းချီသော ဒေသခံ အများစုသည် ရေထွက် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းနှင့် ထိုလုပ်ငန်နှင့် ဆက်စပ်သော လုပ်ငန်းများကို လုပ်ကိုင်နေ ကြသည်။ ထို့ကြောင့် မြိတ်ကျွန်းစု အတွင်း ရေနေ သတ္တဝါများ ပေါများ နေရေးသည် ဒေသကြီး တစ်ခုလုံးအတွက် အလွန်အရေးကြီးလှသည်။

ငါးလုပ်ငန်း ဦစီးဌာနမှ ဖေါ်ပြသော ကိန်းဂဏန်းများနှင့် ငါးဖမ်းလုပ်သားများ၏ ပြောကြားချက်အရ မြိတ်ကျွန်းစု အတွင်း နှစ်စဉ် ဖမ်းဆီးရရှိသော ငါးပုဇွန် အရေအတွက်မှာ တစ်နှစ်ထက် တစ်နှစ် လျှော့နည်း လာသည်ဟု သိရပါသည်။

သဘာဝအနေထားအရ ငါးနှင့် ရေသတ္တဝါများ ပေါက်ပွားရှင်ရန် အလွန်ကောင်းမွန်သော ပထဝီ အနေထားကို ပိုင်ဆိုင်ထား ပါလျက်သားနှင့် ဖမ်းဆီးရမိသော ငါးပုဇွန် အရေအတွက် အဘယ့်ကြောင့် ကျဆင်းလာပါ သနည်း။ အဖြေမှာ အလွန်အကျွံ ငါးဖမ်းခြင်း စည်းမဲ့ ငါးဖမ်းခြင်း အပြင် ဒေသတွင်း သန္တာကျောက်တန်း များနှင့် ဒီရောက်တောများ ပျက်စီး ပျောက်ကွယ်လာခြင်းတို့ ပင်ဖြစ်လေသည်။

၂၀၁၃ ခုနှစ်က Wild life Conservation Society နှင့် မြန်မာနိုင်ငံမွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနတို့ ပူးပေါင်း တင်သွင်းသော Marine Conservation in Myanmar စာတမ်းတွင် မြိတ်ကျွန်းစု အတွင်းမှ သန္တာ ကျောက်တန်းများ အခြေနေ အလွန်အမင်း ဆိုးဝါးနေမှုကို ဖေါ်ပြထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန နှင့် အင်္ဂလန်အခြေစိုက် အင်န်ဂျီအို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တစ်ခုဖြစ်သော Funa and Flora international တို့ ၂၀၁၄ ခုနှစ် မတ်လတွင် ပူးပေါင်း ကွင်းဆင်း လေ့လာ၍ တွေ့ရှိရသမျှကို တင်သွင်းသော မြန်မာ့ကမ်းရိုးတန်းရှိ သန္တာကျောက်တန်း များ လေ့လာမှု အစီရင်ခံစာ တွင်လည်း မြိတ်ကျွန်းစုနှင့် အနီး ကမ်းရိုးတန်း တစ်လျောက် သန္တာကျာက်တန်း များ၏ အခြေနေမှာ အလွန်အမင်း စိုးရိမ်စရာ အခြေနေမျိုးတွင် တည်ရှိနေသည် ကို တွေ့ရကြောင်း ဖေါ်ပြထားပြီး အကယ်၍ ပြန်လည် ထိန်းသိမ်းမှုကို အလျင်အမြန်မလုပ်နိုင်ပါက နောင် ဆယ်နှစ်မှ အနှစ်၂၀ အတွင်း မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်း များကွယ် ပျောက်သွား နိုင်ကြောင်း အကြံပြု ထားသည်ကို တွေ့ရသည်။

မြိတ်ကျွန်းစု အတွင်း သန္တာကျောက်တန်းများကို ပျက်စီးစေခဲ့သော အဓိကအချက်များမှာ
၁- ပင်လယ်ရေမျက်နှာပြင်ပူနွေးမှု
၂- ဗုံးခွဲငါးဖမ်းခြင်း
၃- ကျွန်းများနှင့် နီးကပ်စွာ ဆွဲယူငါးဖမ်းသော ဝါလပ်ငါးဖမ်းသင်္ဘောာများ
၎- ငါးဖမ်းလှေများ အဆင်ခြင်မဲ့ ကျောက်ဆူး ပစ်ချခြင်းနှင့် မျှော့ငုတ်သူများက သန္တာကျာက်တန်းများကို နင်းချေခြင်း တို့ဖြစ်သည်။

၁- ပင်လယ်ရေမျက်နှာပြင် ပူနွေးမှု
၂၀ဝ၉-၂၀၁၀ နှစ်များတွင် ဒေသတွင်း စီဆင်းခဲ့သော အယ်နီညိုး ရေပူစီးကြောင်းနှင့် ကမ္ဘာ့ရေမျက်နှာပြင် ပူနွေးမှုလာမှုကြောင့် ရေတိမ်နေ သန္တာကောင်များ သေဆုံးခြင်းများ အကြီးအကျယ် ဖြစ်ခဲ့ ပါသည်။ မော်လဒိုက်၊ ထိုင်း နှင့် အင်ဒိုနီးရှားတို့တွင် သန္တာကောင်များ သေဆုံးခြင်း မကူးစက်စေရန်နှင့် သေဆုံးသွားသော သန္တာကျာက်တန်းများ မကျိုးပဲ့သွားစေရန် ထိန်းသိမ်း ကာကွယ်မှုများ ပြန်လည် ပျိုးထောင်မှုများ ပြုလုပ်ခဲ့သော်လည်း မြိတ်ကျွန်းစု အတွင်းမှ သန္တာများကမူ ကာကွယ်ပြုစု ထိန်းသိမ်းစောင့်ရှောက်မှု လုံးဝ မရရှိခဲ့ပါ။ သန္တာများသည် သက်ရှိများ ဖြစ်ကြသဖြင့် မကျန်းမာလျင် ကူးစက်တတ်သည် အလေ့ရှိရာ ၂၀ဝ၉ ၂၀၁၀ တွင်း မြိတ်ကျွန်းစုရှိ သနာကျောက်တန်း များစွာ ပျက်စီးခဲ့ရလေသည်။

၂- ဗုံးခွဲငါးဖမ်းခြင်း

 အမိုးနီးယန်း နိုက်ထရိတ် မြေသြဇာကို ဒီဇယ်နှင့် ရောနယ်၍ စဉ့်အိုးငယ် (သို့မဟုတ်) ပလက်စတစ်ပုံလွတ်ထဲ ဖိသိပ်ထည့်ကာ အပေါ်မှ ယမ်းပျော့နှင့်အုပ်ပြီး စနက်တံစိုက်ကာ မီးရှို့၍ ပင်လယ်ထဲ ပစ်ချ ငါဖမ်းခြင်းကို ဗုံးခွဲငါးဖမ်းခြင်းဟု ခေါ်ကြသည်။ ငါးအုပ်များ စုဝေး အစာရှာနေသော သန္တာကျာက်တန်းနှင့် ရေအောက် ကျောက်ဆောင်များ အပေါ် တိုက်ရိုက် ပစ်ချဖေါက်ခွဲကာ ငါးဖမ်းသောနည်း ဖြစ်သောကြောင့် သန္တာတော များကို တိုက်ရိုက်ပျက်စီးစေသည်။ ထို့အပြင် ဒီဇယ်နှင့် ဓါတ်မြေသြဇာ ဓါတ်ပြုရာမှ ထွက်လာသော နိုက်ထရိက် ကလည်း အဆိပ်ဖြစ်ကာ သန္တာကောင်များကို သေဆုံးချိနဲ့ ရောဂါရစေသည်။ မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်းများ ပျက်စီးရခြင်း၏ အဓိကလက်သည်မှာ အလွန်ဆိုးဝါးသော ဤနည်းဖြင့် ငါးဖမ်းခြင်းကြောင့်ဖြစ်ပြီး ယခုတိုင် အသုံးပြုကာ ငါးဖမ်းနေကြဆဲဖြစ်သည်။

ငါးဗုံးခွဲပစ္စည်းများ

ဗုံးခွဲသည့်နည်းဖြင့် ငါးဖမ်းခြင်းကို ဒေသတွင်း သယ်ယူလာသူများမှာ တဖက်နိုင်ငံမှ ငါးခိုးဖမ်း သူများဖြစ်ပြီး သူတို့သည် ၁၉၈၉ လောက်မှ ၂၀ဝ၀ ပြည့်လွန်နှစ်များ အထိ အားကောင်းသော အင်ဂျင်စက်များ အသုံးပြုကာ မြိတ်ကျွန်းစုအတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းခဲ့ ကြသည်။ ငါးဗုံးခွဲလှေ များတွင် ကွန်ပက်ဆာ Compressor စက်များ တပ်ဆင်ထားပြီး ဗုံးခွဲအပြီး ပင်လယ် ရေအောက် ကြမ်းပြင်တွင် သေဆုံးနေကြသော ငါးများကို ကွန်ပက်ဆာ များသုံးကာ ရေငုတ် ကောက်ယူကြသည်။ ထိုသို့ ရေငုတ် ငါးကောက်ရာတွင် ရေငုတ်ကျွမ်းကျင်သူ ဒေသခံ ရေပျော် ဆလုံလူမျိုးများကို အခကြေးငွေ နှင့် မူးယစ်ဆေးဝါး ပေးကာ အသုံးချကြသည်။

နောက်ပိုင်း တပ်မတော်မှ ပင်လယ်ပြင်စိုးမိုးရေး ဖိဖိစီးစီး ဆောင်ရွက်လာချိန်တွင် တဖက်နိုင်ငံသား များသည် ကိုယ်တိုင် ဝင်ရောက်လာခြင်း မရှိတော့ပဲ ဆလုံများနှင့် ဒေသခံမြန်မာများကို လှေနှင့် ငွေကြေး ပစ္စည်းဥစ္စာ ထောက်ပံ့ပေးကာ ဗုံးခွဲငါးဖမ်း စေသည်။ ၁၉၉၅ မှ ၂၀ဝ၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ရေကြော ညှပ်ခြင်း စသော ရောဂါများကြောင့် အရွယ်ရောက်သူ ဆလုံ အမျိုးသား ဦးရေ သိသိသာသာ ကျဆင်းသွားပြီး သည်နောက် လက်ရှိတွင် ထိုငါးဗုံးခွဲလှေများကို ဦးစီးသူ များမှာ ဒေသခံ မြန်မာ ရေလုပ်သားများ ဖြစ်လာကြသည်။

သူတို့သည် ယခင်က ဆလုံများ အခြေချ နေထိုင်ရာ ဇာဒက်ကြီး ဂျာလန်း မကျုံးဂလက်နှင့် လငန်း ကျေးရွာများတွင် အခြေစိုက်ကာ ဗုံးခွဲငါးဖမ်း အလုပ်ကို ပုံဖျက်လုပ်ကိုင် နေကြဆဲဖြစ်ပြီး လှိုင်လေ သာသော ရက်များတွင် မြိတ်ကျွန်းစု အထူးသဖြင့် ဇာဒက်ကြီးကျွန်း ဂျာလန်းကျွန်း တောင်တော်ဝင် မြောက်တော်ဝင် ကျွန်းဖီလာနှင့် အနီးတဝိုက် ညောင်ဝိကျွန်း လန်းပိကျွန်း လငန်းကျွန်း ကျော် သင်္ဘောခေါ် Black Rock ပဉ္စဘုကျွန်းနှင့် မီးစိမ်းကျွန်း စူလာကျွန်းများတွင် ဗုံးခွဲငါးဖမ်းကြလေသည်။

ထိုကျွန်းအနီး တဝိုက်တွင် တပ်မတော်မှ တပ်စခန်းများ တပ်စွဲထားသည့် အပြင် ရေတပ်ကင်းလှည့် သင်္ဘောများ ကလည်း ရှိနေပါလျက် ထိုပေါက်ကွဲမှုများက သာမန်ဖြစ်ရိုးဖြစ်စဉ် သဖွယ် နေစဉ်ဖြစ်နေကြသည်။ သာမန်ငါးဖမ်းလှေများ အတွက် ကွန်ပရက်ဆာ မလိုအပ်ပါ၊ ဗုံးခွဲလှေနှင့် မျှော့ကောက် ကျောက်ပုဇွန် ဖမ်းသူများသာ အသုံးပြုကြသည်။ သို့သော် ကွန်ပရက်ဆာစက် တင်ထားသော ငါးဖမ်းလှေများကို မည်သူမှ အလေးမထားကြ။ ထို့အပြင် သနာတောများတွင် ကျက်စားသော ကြက်တူရွေး ငါးကဲ့သို့သော ငါးများကို သာမန် ငါးဖမ်းနည်းများဖြင့် အုံနှင့်ကျင်းနှင့် ဖမ်းဆီးရရှိနိုင်ဖို့ မဖြစ်နိုင်ပါ၊ တဖတ်နိုင်ငံသို့ တင်ပို့မည့် ငါးများကို စစ်ဆေးသော ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ ဝီရိယစိုက်ပါလျင် ဤငါးကား ဗုံးခွဲငါး ဤငါးကား သာမန် ငါးဖမ်းနည်းဖြင့် ဖမ်းသော ငါးများဟု လွယ်ကူစွာခွဲခြားနိုင် ပါသည်။ ထိုသို့မဟုတ်သောကြောင့် ယခုအခါ ယခင်ကလူမနေသော ကျွန်းများပေါ်တွင် အနှံအပြား ကျူးကျော်နေထိုင်ကာ ဗုံးခွဲငါးဖမ်းနေသော ငါးဖမ်းလှေများ၏ ဗုံးခွဲသံများက မြိတ်ကျွန်းစုအတွင်း ဆူညံစွာ ကြားနေရဆဲဖြစ်သည်။

၃- ကျွန်းများနှင့် နီးကပ်စွာ ဆွဲယူငါးဖမ်းသော ဝါလပ်ငါးဖမ်းသင်္ဘောာများ
ဒရွတ်ဆွဲပိုက်များ သုံး၍ ငါးဖမ်းသော ၀ါလပ်လှေများသည် ကမ်းခြေမှအနည်းဆုံး ၃ မိုင်အကွာတွင်မှ ငါးဖမ်းရမည်ဖြစ်သော်လည်း ငါးပုဇွန် ပိုမိုဖမ်းမိနိုင်ရန် ကမ်းခြေနှင့် နီးကပ်စွာ ငါးဖမ်းသောကြောင့် သန္တာကျောက်တန်းများ ပျက်စီးစေသည့်အပြင် ဒရွတ်ဆွဲပိုက်ကြီး များသည် ပင်လယ်ကြမ်းပြင် အနေအထားကို ပြောင်းလဲစေသဖြင့် သန္တာကောင်လေးများ သေဆုံးပျက်စီးခြင်းကို ဖြစ်စေလေသည်။

၎- ငါးဖမ်းလှေများအဆင်ခြင်မဲ့ ကျောက်ဆူးပစ်ချခြင်းနှင့် မျှော့ငုတ်သူများက သန္တာကျာက်တန်းများကို နင်းချေခြင်း
ငါးဖမ်းလှေများသည် ရေချိုခပ်ယူရန် လည်းကောင်း အနားယူရန် လည်းကောင်း ကျွန်းအနီး ကျောက်ချ ရပ်နားသော အခါ သန္တာကျောက်တန်းများ အပေါ် ကျောက်ဆူး ပစ်ချခြင်းအားဖြင့် သန္တာကျောက်တန်း များစွာကို ပျက်စီးစေ ပါသည်။ ထို့အတူ ကွန်ပရက်ဆာများ သုံးကာ မျှော့ကောက်သူ ကျောက်ပုဇွန်ဖမ်းသူ ခရုကမာ ငုတ်သူများကလည်း သန္တာကျောက်တန်းများပေါ် နင်းချေ သွားလာသောကြောင့် ကျောက်တန်းများ ပျက်စီးသေကြေကြရသည်။

သန္တာကျောက်တန်း များနှင့် ဒီရောက်တောများကို ကာကွယ် ထိန်းသိမ်းရန် အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၊၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ပရဟိတ အဖွဲ့များနှင့် ဒေသခံတို့ ပူပေါင်းဆောင်ရွက်ရန် လိုပါသည်။ အထူးသဖြင့် သန္တာကျောက်တန်းနှင့် ဒီရေရောက် တောများမှ ပင်လယ် ရေထွက် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်ကို စနစ်တကျ ထုတ်ယူနိုင်ရေးမှာ အလွန်အရေးကြီးပြီး ဘရာဇီးနိုင်ငံတွင် ထိုသို့ဆောင်ရွက်နိုင်သဖြင့် အကျိုး ကျေးဇူးများစွာ ခံစားရသည်။

ထိုင်းနိုင်ငံတွင် ဒီရောက်တောများနှင့် သန္တာကျောက်တန်းများ ထိန်းသိမ်းကာကွယ်ရေးကို သစ်တောရေးရာမှ တာဝန်ခံဆောင်ရွက်ရပြီး အသုံးစရိတ်ကို ခရီးသွား လုပ်ငန်းမှ ရယူပါသည်။ ကျွန်းသို့ အလည်အပတ်လာ သူများထံမှ ၀င်ကြေးကောက်ခံကာ ထိုငွေဖြင့် သန္တာကျောက်တန်းနှင့် ဒီရောက်တော ထိန်းသိမ်းကာကွယ် ပြန်လည်ပျိုးထောင်ရေးကို ဆောင်ရွက်သည်။

မြန်မာနိုင်ငံတွင်လည်း မြိတ်ကျွန်းစုသို့ နှစ်စဉ် ကမ္ဘာ့လှည့် ခရီးသည်များ ထောင်ချီဝင်ရောက်လျက် ရှိပြီး ထိုမှ နိုင်ငံခြားငွေများ ရရှိနေပါသည်။ မြိတ်ကျွန်းစုသို့ ၀င်ရောက်လည်ပတ်ရန် အတွက် ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာနမှ ခိုင်ကြေး (Royalty fee) အဖြစ် အနည်းဆုံး ၅ ရက်အတွက် အမေရိကန်ဒေါ်လာ ၁၀၀ ကောက်ယူပါသည်၊ သို့သော် ထိုငွေများကို သန္တာကျောက်တန်းများနှင့် ဒီရေရောက်တော ထိန်းသိမ်း ကာကွယ်ရေးတွင် အသုံးချသည်ဟု မကြားရပါ။ လန်းပိအမျိုးသား အဏ၀ါဥယျာဉ်အနီး မကျုံးဂလက် ကျေးရွာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ Ranger Station တစ်ခု ဖွင့်လှစ်ထားရှိကာ အရာရှိတစ်ဦးနှင့် ၀န်ထမ်း ၃ ဦးကို အခြေစိုက် စေသည်။ သို့သော် အထောက်အပံ့ ပြည့်စုံ လုံလောက်မှု မရှိသဖြင့် သွားရေးလာရေးသာမက စားသောက် နေထိုင်ရေးတွင်ပါ ကျေးရွာနေ ရေလုပ်သားများကို မှီခိုနေရသဖြင့် သန္တာကျောက်တန်း များနှင့် ဒီရောက်တောများကို ကာကွယ် စောင့်ရှောက်ထိန်းသိမ်းရန် မည်သို့မှ တတ်နိုင်စွမ်းမရှိပါချေ။

 တနင်္သာရီကမ်းမြောင်ဒေသ တောင်ဘက်ပိုင်း၏ စီးပွားရေးသည် ရေထွက် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းများ အပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြိတ်မြို့ကို ဗဟိုပြု ထားသော ထိုဒေသကြီး တစ်ခုလုံးရှိ သိန်းချီသော ဒေသခံ အများစုသည် ရေထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း များကို လုပ်ကိုင်နေကြသည်။ မြေထဲပင်လယ်အတွင်း ငါးပုဇွန် ဖမ်းဆီးရရှိမှု အလွန်အမင်း ကျဆင်း သွားသောကြောင့် စပိန်၊ ပြင်သစ် အရှေ့တောင်ပိုင်း အီတလီတောင်ပိုင်း ဂရိ နှင့် ဘောလကန် ဒေသမှ နိုင်ငံများ၏ စီးပွားရေး လူမှုရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည့် သာဓက ရှိသည်၊ ထို့ကြောင့် မြိတ်ကျွန်းစု အတွင်း ရေနေသတ္တဝါများ ပေါများနေရေးသည် ဒေသကြီး တစ်ခုလုံး အတွက် အလွန်အရေးကြီး လှသည်။

ကြက်တူရွေးငါး

ဒီငါးမျိုးတွေကို Coral reef ငါးတွေလို့ ခေါ်ကြပါတယ်၊ သန္တာကျောက်တန်းတွေကြား နေထိုင်ကျက်စားတဲ့ ငါးတွေပေါ့။ (Finding Nemo ရုပ်ရှင်ကားထဲက နီမိုးရဲ့ သူငယ်ချင်းတွေပေါ့)။ မြန်မာ့ တောင်းပိုင်းသားများ ကတော့ ဘာဂျီငါးတွေလို့ ခေါ်ပါတယ်။ ဘာဂျီဆိုတာ သန္တာကို ထားဝယ်လို ခေါ်တာပါ။

သန္တာကျောက်တန်းတွေကြားမှာ နေထိုင်တဲ့ ငါးတွေမို့ ငါးအစုလိုက် အပြုံလိုက် ဖမ်းလို့ရတဲ့ ငါးဖမ်းပိုက်နဲ့ ဖမ်းလို့ မရနိုင်ပါဘူး။ ငါးမျှားနဲ့ ဖမ်းရင်တောင် အတော်မလွယ်တဲ့ ငါးတွေပါ။ အများအားဖြင့် မှိန်းထိုးတဲ့ နည်းနဲ့ ထိုးဖမ်းမှ ရလေ့ရှိ ပါတယ်။ ဆိုတော့ ဒီလိုငါးတွေကို အခုလို အစုအပြုံလိုက် ရောင်းချနေနိုင်တယ် ဆိုကတည်းက ဒီငါးတွေကို ဖမ်းခဲ့သူဟာ ဗုံးခွဲ ငါးဖမ်းနည်း (Dynamite fishing) နဲ့ ဖမ်းခဲ့တာ သေချာပါတယ်။

မြိတ်ကျွန်းစုဟာ မြန်မာနိုင်ငံရဲ့ သွားရောက်လည်ပတ်သင့်တဲ့ အလှပဆုံး နေရာတွေထဲက တစ်ခုအဖြင့် ကမ္ဘာလှည့် ခရီးသွားများကြား ထင်ရှားကျော်ကြားပေမဲ့ ဗုံးခွဲငါးဖမ်းခြင်း အကြီးအကျယ် လုပ်နေတဲ့ နေရာအဖြစ်လည်း နာမည်ဆိုးနဲ့ အလွန်လူသိများ ပါတယ်။ မြိတ်ကျွန်းစုထဲမှာ ဗုံးခွဲသံမကြားရတဲ့ နေ့ရယ်ဆိုလို့ မရှိသလောက် ပါပဲ။ ဗုံးခွဲတဲ့အတွက် ငါးပုဇွန် ရှင်သန်ပေါက်ဖွားရေး အတွက် အရေးအကြီးဆုံး သန္တာကျောက်တန်းတွေလည်း ကုန်သလောက်ဖြစ်နေပါပြီ။

ဗုံးခွဲငါးဖမ်းခြင်းကြောင့် နိုင်ငံဂုဏ်သိက္ခာကျတဲ့အပြင် နောက်ဆယ်စုနှစ် တစ်ခုလောက်ဆို ငါးပုဇွန် ဖမ်းဆီးရရှိမှုဟာ သိသိသာသာကြီး လျှော့ကျသွားတော့မှာ မြေကြီးလက်ခတ်မလွဲပါ။ အခုတောင် ငါးဖမ်းဆီးရရှိမှု တစ်နှစ်ထက် တစ်နှစ် သိသိသာသာ ကျဆင်းသွားတာ တွေ့နေရပါပြီ။ ဒီဓါတ်ပုံဟာ ထိုင်းနိုင်ငံ ရနောင်းမြို့ ငါးလေလံဈေးက လေလံပစ် ငါးတွေရဲ့ ပုံပါ။ ထိုင်းနိုင်ငံမှာ ဗုံးခွဲငါးဖမ်းခြင်း လုံးဝ ပပျောက်သွားပါပြီ၊ ဒါပေမဲ့ အခုလို ငါးတွေ မြန်မာပြည် ကနေ ၀င်လာမစဲပါပဲ။ သူတို့က သူတို့နိုင်ငံရဲ့ သယံဇာတကို ခိုင်ခိုင်မာမာ ကာကွယ်ထား ပေမဲ့ ကိုယ်တွေကျတော့ ပစ်စလက်ခတ် ဖြစ်နေတာ။

ဒီငါးတွေဟာ ကော့သောင်းမှာ ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုမှ ရနောင်းမှာ ရောင်းချနိုင်တာပါ။ သဘောကတော့ ဗုံးခွဲငါးဖမ်းခြင်းကို မြန်မာပြည်မှာ တရားဝင်ခွင့်ပြုထားသလိုပါပဲ။ ဒီဓါတ်ပုံဟာ တနိုင်ငံလုံး ဆုံးရှုံးနေတဲ့ သယံဇာတတွေထဲက ရေထွက်သယံဇာတ ဆုံးရှုံးမှု တစ်ခုကို ပြတဲ့ပုံဆိုပါတော့။

၂၀၁၃ ခုနှစ်က Wild life Conservation Society နှင့် မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနတို့ ပူးပေါင်း တင်သွင်းသော Marine Conservation in Myanmar စာတမ်းတွင် မြိတ်ကျွန်းစု အတွင်းမှ သန္တာကျောက်တန်းများ အခြေနေ အလွန်အမင်း ဆိုးဝါးနေမှုကို ဖေါ်ပြထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန နှင့် အင်္ဂလန်အခြေစိုက် အင်န်ဂျီအို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်သော Funa and Flora international တို့ ၂၀၁၄ ခုနှစ် မတ်လတွင် ပူးပေါင်း ကွင်းဆင်း လေ့လာ၍ တွေ့ရှိ ရသမျှကို တင်သွင်းသော မြန်မာ့ ကမ်းရိုးတန်းရှိ သန္တာကျောက်တန်း များ လေ့လာမှု အစီရင်ခံစာတွင်လည်း မြိတ်ကျွန်းစုနှင့် အနီး ကမ်းရိုးတန်း တစ်လျောက် သန္တာ ကျာက်တန်း များ၏ အခြေနေမှာ အလွန်အမင်း စိုးရိမ်စရာအခြေနေမျိုးတွင် တည်ရှိနေသည် ကို တွေ့ရကြောင်းဖေါ်ပြ ထားပြီး အကယ်၍ ပြန်လည်ထိန်းသိမ်းမှုကို အလျင်အမြန် မလုပ်နိုင်ပါက နောင် ဆယ်နှစ်မှ အနှစ်၂၀ အတွင်း မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းများ ကွယ်ပျောက် သွားနိုင်ကြောင်း အကြံပြုထား သည်ကို တွေ့ရသည်။

စာရေးသူ - အောင်ဇင်လတ် https://facebook.com/aung.z.latt.7

Wednesday, March 18, 2015

တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့် ကျောင်းသား/သူများ အသုံးပြုရန်အတွက် ရေများ လှူဒါန်း

တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့် ကျောင်းသား/သူများ အသုံးပြုရန်အတွက်
ရေများ လှူဒါန်း
------------------------------------------------------
မြိတ်ခရိုင် ကျွန်းစုမြို့နယ် အထက စာစစ်ဌာနတွင် ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း
စာမေးပွဲ ဖြေဆိုရန်အတွက် ကျွန်းစုမြို့နယ် ထွေ/အုပ် ဦးစီးဌာန မြကျွန်းညို ရိပ်သာတွင်
ရောက်ရှိ တည်းခိုလျက်ရှိသော မောင်းလှော်ကျေးရွာနှင့် ပန်းဇင် ကျေးရွာမှ ကျောင်းသား / ကျောင်းသူများနှင့် ဆရာ/ ဆရာမများနှင့် စခန်းသစ် ကျေးရွာပိုင် အမှတ် (၃) ရပ်ကွက်ရှိ အိမ်အမှတ် (၃/၅၆) တွင် တည်းခိုလျက် ရှိသော တောပြားကြီး ကျေး၇ွာအုပ်စု အထက(ခွဲ) တောပြားကြီးမှ ကျောင်းသူ ကျောင်းသားများနှင့် မိဘ ဆရာများ အသုံးပြုရန် အတွက်
တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ဌာနချုပ်ပိုင် ရေသယ်ယာဉ်ဖြင့် ၂၀၁၅ မတ်လ (၁၂) ရက်နေ့ တွင် တစ်ကြိမ်၊ မတ်လ (၁၅) ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ (၁၆) ရက်နေ့တွင် တစ်ကြိမ် ၊ စုစုပေါင်း (၃) ကြိမ် ၊ ရေဂါလန် ၃၆၀၀ အား ပေးဝေ လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

ထေရ၀ါဒ ဗုဒ္ဓ ဓမ္မ ပူဇာသဘင်

ဖိတ်ကြားအပ်ပါသည်
----------------------
မဟာကုသလ ၀ိသုဒ္ဓိတရားပွဲ အကျိုးဆောင် လူငယ်များနှင့် မြိတ်မြို့သူ မြို့သားများ ဦးစီးကျင်းပသော
ထေရ၀ါဒ ဗုဒ္ဓ ဓမ္မ ပူဇာသဘင်

(((တရားဟောကြားမည့် ဆရာတော် )))
ဒေါက်တာ ဘဒ္ဒန္တ ကောဝိဒ (မဇ္ဈိမဂုဏ်ရည်

(((( တရားပွဲ ကျင်းပမည့် နေ့ရက် ))))
၂၀-၃-၂၀၁၅ (သောကြာနေ့) မှ ၂၂-၃-၂၀၁၅ (တနင်္ဂနွေနေ့) အထိ

((( တရားပွဲကျင်းပမည့် အချိန် )))
ညစဉ် (၇း၀၀) နာရီ

(((( တရားပွဲ ကျင်းပမည့် နေရာ )))))
မြို့မအားကစားကွင်း (ဘုရားငါးဆူကွင်း) ၊ မြိတ်မြို့

Tuesday, March 17, 2015

မြိတ်ဒေသမှ ရေထွက်ပစ္စည်းများ ထိုင်းဈေးကွက်သို့ တင်ပို့

မြိတ်ဒေသမှ ရေထွက်ပစ္စည်းများ ထိုင်းဈေးကွက်သို့ တင်ပို့

မြိတ် မတ် ၁၄

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ဒေသ အတွင်းရှိ ရေလုပ်ငန်းမှ ထွက်ရှိသော ကုန်ပစ္စည်းများ အနက် ပြည်ပ နိုင်ငံများသို့ တင်ပို့သည့် ပမာဏ၏ ၉ဝ ရာခိုင်နှုန်းကို ထိုင်းဈေးကွက်သို့ တင်ပို့နေရကြောင်း မြိတ်ဟိုတယ်၌ ကျင်းပခဲ့သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေလုပ်ငန်းရှင်များ၊ ရေလုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်ကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်သော Value Chain ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြိတ်ဒေသ အတွင်းရှိ ရေလုပ်ငန်းမှ ထွက်ရှိသော သားငါးများကို ပြည်ပတင်ပို့မှုမှာ ၈ဝ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း စားသုံးမှုမှာ ၂ဝ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။


မြိတ်ခရိုင် အတွင်း မြိတ်အခြေပြု ပင်လယ်ငါးဖမ်းလှေ ၇ဝဝ ကျော်၊ ဒေသခံ ကမ်းဝေး ငါးဖမ်းလှေ ရေယာဉ် ၃ဝဝ ကျော်၊ ကမ်းနီး ငါးဖမ်းလှေ ရေယာဉ် ၆ဝဝ စင်းခန့်၊ ငါးလုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်နေကြသည့် အအေးခန်း စက်ရုံ ငါးခု၊ ကျောက်ငါး မွေးမြူရေးကန် သုံးကန်၊ ကကတစ်ငါး မွေးမြူရေးကန် လေးကန်၊ ကဏန်းပျော့ မွေးမြူရေးကန် လေးကန်နှင့် ရေခဲစက်ရုံ ၂ဝ ရှိကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ထံမှ သိရသည်။

မြ၀တီ

မြိတ်မြို့၌ တာဝါတိုင် တည်ဆောက် မြေအောက် ဖိုင်ဘာကြိုးများ တပ်ဆင်

မြိတ်မြို့၌ တာဝါတိုင် တည်ဆောက် မြေအောက် ဖိုင်ဘာကြိုးများ တပ်ဆင်
မြိတ်    မတ်    ၁၅

တနင်္သာရီတိုင်း ဒေသကြီး အတွင်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် မြန်မာ့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ခြင်းနှင့် မြေအောက် ဖိုင်ဘာကြိုးများ မြေမြှုပ် တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


အားကစားနှင့် ကာယပညာသိပ္ပံ သင်တန်းသားများ ဒုတိယအကြိမ် ရွေးချယ်မည်

အားကစားနှင့် ကာယပညာသိပ္ပံ သင်တန်းသားများ ဒုတိယအကြိမ် ရွေးချယ်မည်

မြိတ်  မတ်   ၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနက ခရိုင် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်သော အားကစားနည်း အလိုက် စိစစ်၍ ရွေးချယ်မှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဒုတိယ အကြိမ် ရွေးချယ်ခံမည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ယခုနှစ် သတ္တမတန်း၊ အဋ္ဌမတန်းနှင့် နဝမတန်း စာမေးပွဲများ ဖြေဆိုထားသူ အမျိုးသမီး အရပ် ၅ ပေ ၂ လက်မနှင့် အမျိုးသား အရပ် ၅ ပေ ၄ လက်မ ရှိရမည်ဖြစ်ပြီး ဝူရှူးနှင့် ကျွမ်းဘားအားကစား သင်တန်း တက်ရောက် လိုသူများ အနေဖြင့် အနိမ့်ဆုံး ဆဋ္ဌမတန်း ဖြေဆိုထားသူ ဖြစ်ရမည် ဖြစ်ကာ မြိတ်ခရိုင်/ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနများသို့ လာရောက် စာရင်း ပေးသွင်း အရွေးချယ် ခံနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံလုပ် သင်္ကြန်သုံး ရေကစား ပစ္စည်းမျိုးစုံ မြိတ်ဈေးကွက်သို့ဝင်ရောက်

ထိုင်းနိုင်ငံလုပ် သင်္ကြန်သုံး ရေကစား ပစ္စည်းမျိုးစုံ မြိတ်ဈေးကွက်သို့ဝင်ရောက်

မြိတ်   မတ်   ၁၅

မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကြီး မကြာမီ ကျရောက်တော့မည် ဖြစ်၍ ကလေးငယ်များ ကြိုက်နှစ်သက်သော ထိုင်းနိုင်ငံလုပ် သင်္ကြန်သုံး ရေကစား ပစ္စည်းများကို တနင်္သာရီတိုင်း ဒေသကြီး  မြိတ်ဈေးကွက် အတွင်းသို့ ယခုလမှ စတင် ဝင်ရောက်လာကာ ကလေးငယ်များအား သင့်တင့်သော ဈေးနှုန်းဖြင့်  ပြန်လည် ရောင်းချပေးခြင်းကြောင့်  အရောင်းအဝယ် သွက်လျက်ရှိကြောင်း  မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် နာရီစင်အနီးရှိ စတိုးဆိုင်မှ သိရသည်။

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား ပိုင်ရှင်မဲ့ ဖမ်းမိ

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား ပိုင်ရှင်မဲ့ ဖမ်းမိ

တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီးနိုင်ဦး ဦးစီး ကမ်းတက် ရေယာဉ် (၄၂၅)သည် ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် လန်းပိကျွန်း အနီးရှိ ရေပြင်တွင် ကင်းလှည့် လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် မတ်လ ၁၄ ရက်နေ့ ည (၈)နာရီ ကျော် အချိန်ခန့်၌ မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးအား တွေ့ရှိသဖြင့် အနီးသို့ ချဉ်းကပ်ပြီး မီးအချက်ပြ ခေါ်ယူရာတွင် လာရောက်ခြင်း မရှိပဲ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရှာ၎င်းစက်လှေမှာ ကျောက်ဖြူအော်ကျွန်း ကမ်းခြေသို့ ကမ်းထိုးပြီး လှေသားများမှာ ကျွန်းပေါ်သို့ တက်ပြေး တိမ်းရှောင်သွားခဲ့သဖြင့် အလျား (၅၃ ပေ ၄ လက်မ ၊ အနံ ၈ ပေ ၊ ရေစူး ၃ ပေ ၅ လက်မခန့်) သစ်သား ကိုယ်ထည် လှေနှင့် YANMAR HP - 22 ခန့် ပဲ့ချိတ်စက် တစ်လုံး၊ JIANDONG HP -22 ၀ဲ ဘေးချိတ်စက် တစ်လုံး၊ YANMAR HP - 25 ခန့် ယာ ပဲ့ချိတ် စက်တစ်လုံး စုစုပေါင်း စက်သုံးလုံးပါ လှေတစ်စီးအား တရားခံမဲ့ ဖမ်းဆီးရမိသည်။
ဖမ်းဆီးရမိသော ငါးဗုံးခွဲလှေ

ငါးဗုံးခွဲရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများ

ငါးဗုံးခွဲရာတွင် အသုံးပြုသော ဓာတ်မြေသြဇာနှင့် ယမ်းပျော့များ

ငါးဗုံးခွဲလှေ ဖမ်းဆီးရမိမှုတွင် ယမ်းဖောက်ခွဲရာတွင် အသုံးပြုမည့် ဓာတ်မြေသြဇာ (၃၅) ကီလိုဂရမ်ခန့်၊ အသင့်ခွဲ ယမ်းပုလင်း (၂)ပုလင်း၊ ယမ်းပျော့ (၂)တောင့် ၊ စနက်တံ (၁၃)ခု၊ ဗုံးခွဲ ဖမ်းဆီးထားသည့် ငါးမျိုးစုံ (၄၅၀) ကီလိုဂရမ်ခန့်၊ ရေခဲ (၈၀၀)ပေါင်ခန့် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Friday, March 13, 2015

ကျွန်းစုမြို့ပေါ်ရှိ ရေရှားပါးသည့် ရပ်ကွက်များသို့ တပ်မတော်(ရေ)မှ ရေများ ပေးဝေ


ကျွန်းစုမြို့ပေါ်ရှိ ရေရှားပါးသည့် ရပ်ကွက်များသို့ တပ်မတော်(ရေ)မှ ရေများ ပေးဝေ

နွေရာသီကာလ အတွင်း ရေရှားပါသည့် မြိတ်ခရိုင် ကျွန်းစုမြို့ပေါ် အမှတ်(၃) ရပ်ကွက် မီးစက်လမ်း ရှိ အိမ်ခြေ (၇၀)နှင့် ဗိုလ်ချုပ်လမ်းမှ အိမ်ခြေ (၃၀) တို့အား သောက်သုံးရေများ အဆင်ပြေစွာ အသုံးပြုနိုင် ရေးအတွက် ၂၀၁၅ ခုနှစ် မတ်လ (၁၃) ရက်နေ့ နံနက် (၁၀)နာရီ အချိန်မှ နေ့လည် (၁)နာရီ အချိန်ထိ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ သောက်သုံးရေများ ပေးဝေခဲ့ကြောင်း သိရသည်။ 



မြိတ်ခရိုင် တက္ကသိုလ်များ ကျောင်းသား သမဂ္ဂမှ သဘောထား ထုတ်ပြန် ကြေညာချက်

အမျိုးသား ပညာရေး ဥပဒေ အပေါ် သပိတ်မှောက် ဆန္ဒပြ ကျောင်းသားများအား အကြမ်းဖက် ဖြိုခွင်းသည့် ကိစ္စနှင့် ပတ်သက်၍ မြိတ်ခရိုင် တက္ကသိုလ်များ ကျောင်းသား သမဂ္ဂမှ သဘောထား ထုတ်ပြန် ကြေညာချက်


တနင်္သာရီတိုင်း မြိတ်ခရိုင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ ပေါ်တော်မှုစေတီတော်၌ ဆုတောင်းပွဲ ပြုလုပ်


တနင်္သာရီတိုင်း မြိတ်ခရိုင်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် များသည် ဒီနေ့ ၁၃့  ၃့  ၂၀၁၅ ညနေ၄း၂၀
အချိန် ဆုတောင်းပွဲ တခုပြုလုပ်ခဲ့သည်။ မတ်လ၁၃ရက်နေ့သည် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုဖုန်းမော်နှင့်ကိုစိုးနိုင် တို့အားကောင်းမွန်ရာရောက်ပါစေဟု ဆုတောင်းမေတ္တာ ပို့သခဲ့သည်။


Thursday, March 12, 2015

မြိတ်မြို့၌ ပေါ့ဆမီးလောင်၊ နေအိမ် (၁၂)လုံး ဆုံးရှုံး

မြိတ်မြို့၌ ပေါ့ဆမီးလောင်၊ နေအိမ် (၁၂)လုံး ဆုံးရှုံး

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ်ကွက် သံသရာအေး ဘုန်းတော်ကြီး ပညာရေး ကျောင်းလမ်းရှိ ပညာရေးကျောင်းနောက် လူနေရပ်ကွက် နေအိမ်တွင် ပေါ့ဆမီးမှ တဆင့် မီးလောင်ကျွမ်းမှု ၂၀၁၄ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ မွန်းတည့် (၁၂)နာရီအချိန် ဖြစ်ပွားခဲ့သည်။


Friday, March 6, 2015

ကျွန်းစုမြို့တွင် ရေအခက်အခဲ ဖြစ်နေသည့် ရပ်ကွက်များသို့ တပ်မတော်(ရေ)မှ ရေပေးဝေ



ကျွန်းစုမြို့တွင် ရေအခက်အခဲ ဖြစ်နေသည့် ရပ်ကွက်များသို့ တပ်မတော်(ရေ)မှ ရေပေးဝေ

နွေရာသီရောက်ရှိ လာသောကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ကျွန်းစုမြို့ အမှတ်(၃)ရပ်ကွက် သဇင်လမ်းနှင့် မေတ္တာလမ်းရှိ အိမ်ခြေ (၁၂၀)ခန့်မှ  အိမ်ထောင်စုဝင်များ သောက်သုံးရေ လွယ်ကူစွာ အသုံးပြုနိုင်ရေး အတွက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မတ်လ (၅) ရက်နေ့ နေ့လည်ပိုင်းတွင် သောက်သုံးရေများ သွားရောက် ပေးဝေ ခဲ့ကြောင်း သိရသည်။ 


Tuesday, March 3, 2015

ထိုင်းဘုရင့်ရေတပ် စစ်သင်္ဘော တစ်စီး ချစ်ကြည်ရေး ခရီးစဉ် အဖြစ် မြိတ်မြို့သို့ ရောက်ရှိ



ထိုင်းဘုရင့်ရေတပ် စစ်သင်္ဘော တစ်စီး ချစ်ကြည်ရေး ခရီးစဉ် အဖြစ်  မြိတ်မြို့သို့ ရောက်ရှိ 

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်  HTMS SAIBURI အမည်ရှိ  စစ်ရေယာဉ် (FF 458 ) သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံ Pang-Nga ဆိပ်ကမ်းမှ ထွက်ခွာလာပြီး မြိတ်မြို့သို့  ၂၀၁၅ခုနှစ် ၊ မတ်လ (၃) ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိလာရာ  တနင်္သာရီ  ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။