မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Friday, May 31, 2013

မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်




တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် မေလ ၃၁ရက်နေ့ နံနက် (၀၉၁၅)နာရီအချိန်တွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ရှိ ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြိတ်ခရိုင် ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင်ပါတီကော်မတီဝင် ဦးကျော်ဌေးဝင်းမှ စွမ်းရည် ပြည့်ဝသော ကျစ်လျစ် တောင့်တင်းခိုင်မာသည့် လူငယ်အင်အားစုများပေါ်ထွန်းလာရေး စာတမ်းအား ဖတ်ကြား၍ မြိတ်ခရိုင်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးရဲထွန်းမှ မြို့နယ်အသီးသီးမှ ဆွေးနွေးပွဲ တက်ရောက်လာသော အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၏ ဆွေးနွေး တင်ပြလာခြင်း အပေါ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ ပါသည်။

Thursday, May 30, 2013

မသဲသဲသော်၏ မျိုးဆက် ဂူးဂူးအား ထောက်ပံ့ငွေ (၅)သိန်း ပေးအပ်

ပြီးခဲ့သည့် လက ဖေ့ဘွတ်ပေါ်တွင် လူသိများခဲ့သည့် မြိတ်မြို့  မှ မသဲသဲသော် ၏ အမေပျောက် ရှာတော်ပုံ ဖွင့်ခဲ့သည့် သတင်းကို လူအတော်များ သိခဲ့ပါသည်။ ဖေ့ဘွတ်အကောင့် Sky Queen ကို အသုံးပြုခဲ့ပြီး ဘန်ကောက်မြို့တွင် အသတ်ခံခဲ့ရသည့် မသဲသဲသော် ၏ သမီးဖြစ်သူ ဂူဂူး ( ခ) မပန်သာကို အား ထားဝယ်လူငယ် အစည်းအရုံး နှင့် မသဲသဲသော် သူငယ်ချင်းများ (ဘန်ကောက် ) မှ ပညာရေး ထောက်ပံ့ငွေ ကျပ် (၅)သိန်း အား လာရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

Wednesday, May 29, 2013

နှစ်နိုင်ငံ နယ်ခြားမျဉ်း တိုင်းတာရေး သဘောတူ စာချုပ် ချုပ်ဆို

နယ်နမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည့် တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် မောတောင် ဒေသ နှင့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ တို့ရှိ နှစ်နိုင်ငံ နယ်ခြားမျဉ်း တိုင်းတာရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးခြင်း အား ၂၀၁၃ခုနှစ် ၊ မေလ (၂၈) ရက်နေ့ တွင် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ ဒန်းစီးခွန်း ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

Tuesday, May 28, 2013

ပုလောမြို့နယ်တွင် အထူးကု ဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်း ကုသ

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီတို့ ပူးပေါင်း၍ ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီမှုဖြင့် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင် ဦးဆောင်သည့် အဖွဲ့ဝင် (၃၅) ဦးပါရှိသော အထွေထွေ ရောဂါ စောင့်ရှောက်ရေး လုပ်ငန်း အဖွဲ့သည် ၂၀၁၃ ခုနှစ် မေလ (၂၇) ရက်နေ့နှင့် (၂၈) နေ့များတွင် ပုလောမြို့ ပြည်သူ့ဆေးရုံကြီး၌ ပြည်သူလူထု များအား အခမဲ့ ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

ထူးဖောင်ဒေးရှင်းမှ ပုလောမြို့နယ် ဖွံ့ဖြိုးရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

ပုလောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတေဇမှ ပုလောမြို့နယ် ပြည်သူ့ဆေးရုံ ဘက်စုံ အသုံးပြုရန်အတွက် ငွေကျပ် သိန်း (၁၀၀၀) ၊ ပရိဘောဂ ပစ္စည်းအတွက် ကျပ်သိန်း (၅၀၀)၊ မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘက်ဟိုး (၁)စီး၊ ဒိုဇာ (၁) စီး ၊ ကွန်ပျူတာ (၂၀)စုံ လှူဒါန်းပွဲ အခမ်းအနားကို ၂၇-၅-၂၀၁၃ ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် ပုလောမြို့နယ် အသင်း အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။ 

Monday, May 27, 2013

သိမ်းဆည်းမြေ ပြန်လည်ရယူပေးမည်ဟု ဆိုပြီး ငွေကျပ် (၁၄)သိန်း လိမ်လည်သူမှာ NLD ပါတီ၏ ဒီလှိုင်း ဂျာနယ်မှ သတင်းထောက် မဟုတ်ပဲ အယောင်ဆောင် တစ်ဦးသာ ဖြစ်ကြောင်း သိရှိရ ၊ ၄င်းအား NLD မှ အမှုဖွင့် အရေးယူထား



ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ အင်းမကျေးရွာတွင် ဒီလှိုင်းသတင်းထောက် ကိုခင်ဇော်..ပါ (၂)ဦးသည် မြေယာ သိမ်းခံရသည့် မြေများအား ပြန်လည်ရရှိရေး အတွက် ငွေကျပ်(14)သိန်း ကျော်လိမ်လည်မှု ဖြစ်ပွါးခဲ့သည်ဟု သိရပါသည်။ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ငွေလိမ်လည်မှုမှာ မှန်ကန်ပြီး ဒီလှိုင်း သတင်းထောက် ဆိုသည်မှာ မမှန်ကန်ကြောင်း။ ဒီလှိုင်း သတင်းထောက်များ၏ စာရင်းကို ဒီလှိုင်း ဂျာနယ်တွင် ဖော်ပြထားပြီး ထိုအထဲတွင် ကိုခင်ဇော်ဆိုသူမှာ မရှိကြောင်း အယ်ဒီတာ မုံရွာအောင်ရှင်မှ ယနေ့ထုတ် The..Myanmar..post.. အချပ်ပိုD.တွင် အတိအလင်း ပြောကြားထား ပါသည်။

ပုလဲတွေနဲ့ အတူ ကမ္ဘာတလွှား နာမည်ကြီးတဲ့ မြိတ်(ခေါ်)ဘိတ်မြို့ သို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်က ..


မြန်မာနိုင်ငံ တစ်ဝှမ်း နာမည်ကြီးလှတဲ့ ဘိတ်ငါးပိ၊ ဘိတ်ပုလဲနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ ငှက်သိုက်ထွက်ရာ ဒေသ၊ ကြီးကျယ်တဲ့ငါးဖမ်းလုပ်ငန်း၊ ရာဘာ လုပ်ငန်း တွေနဲ့ ချမ်းသာတဲ့ ဘိတ်မြို့ကို အဲယား မန္တလေး လေယာဉ်စီးသွားဖို့ လေယာဉ်ကွင်း ချိန်းစောင့်ရင်း ထားဝယ်မှာ နေ့လည်စာ ထမင်းစား ကြ ပါတယ်။ ထားဝယ်မှာ ထမင်းစား တဲ့အခါတိုင်း နာမည်ကျော်ထားဝယ်ဒူးရင်းသီးနဲ့ ဧည့်ခံခဲ့တဲ့ ဆိုင်ရှင်အစ်မကြီးကြောင့် ကိုယ်ကြိုက်တဲ့ ဒူးရင်းသီးနဲ့ အမြဲစားခဲ့ရတာကို ဒူးရင်းသီး စားမိချိန်တိုင်း အမှတ်တရ ရှိနေမိပါတယ်။

ကျန်းမာရေး အထောက် အကူပြု ငှက်သိုက်

မြန်မာ အဘိဓာန် အကျဉ်းချုပ် အတွဲ(၁)တွင် ငှက်သိုက်ကို ဇီဝဇိုး ငှက်ငယ်၏ အသိုက် အားဆေး အဖြစ် သုံးစွဲရ သည်။ ဇီဝဇိုးသည် အသိုက်ကို မိမိ အန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ၏။ ထိုငှက်၏ အသိုက်ကို ''ငှက်သိုက်''ဟု ခေါ်ကြ သည် ဟူ၍ ဖွင့်ဆို ထားပါသည်။

Saturday, May 25, 2013

သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ဂျာနယ် သတင်းထောက်မှ ငွေတောင်းခံ

သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သတင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုလောမြို့နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွား ခဲ့ကြောာင်း သိရှိရသည်။ 

Friday, May 24, 2013

မြိတ်မြို့၌ ၁၃၇၅ခုနှစ် ကဆုန်လပြည့်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ


၁၃၇၅ခုနှစ် ကဆုန်လပြည့်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲကို မေလ(၂၄)ရက် နံနက်(၉)နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ဗောတံတား၌ ကျင်းပရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

မြိတ်မြို့၌ ၁၃၇၅ခုနှစ် ဗုဒ္ဒနေ့ အခမ်းအနား ကျင်းပ

၁၃၇၅ခုနှစ် ဗုဒ္ဒနေ့ အခမ်းအနားကို မေလ(၂၄)ရက် နံနက်(၇း၃၀)နာရီတွင် မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ဓမ္မရိပ်သာကျောင်းဆရာတော် ဘဒ္ဒ န္တ ကုမာရအမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ ဘုရားဒါယာကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

နည်းပညာတက္ကသိုလ်(မြိတ်)၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

နည်းပညာတက္ကသိုလ်(မြိတ်)၌ အသိပညာပေးဟောပြောပွဲကို မေလ(၂၃)ရက် နေ့လည်(၂း၃၀) နာရီ တွင် တက္ကသိုလ်ကျောင်းခန်းမဆောင်၌ ကျင်းပရာ နည်းပညာ တက္ကသိုလ်(မြိတ်) ကျောင်းအုပ် ဆရာကြီး ဒေါက်တာ တင်ဆန်းက အမှာစကားပြောကြားသည်။

မြိတ်မြို့ မဟာသိဒ္ဒိဇယစေတီတော်၌ သတ္တမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

၁၃၇၅ခုနှစ် သတ္တမ အကြိမ်မြောက် ကဆုန်ညောင်ရေသွန်း ပွဲတော်ကို မြိတ်မြို့ မဟာ သိဒ္ဒိဇယစေတီတော်တွင် မေလ(၂၄)ရက် နံနက်(၈)နာရီ၌ ကျင်းပရာ လှည်းဘီးကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္ဒ လာသန အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး ဇနီး ဒေါ်ဝင်းဝင်းမြင့် ဦးဆောင်သော ဘုရားဒါယာကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

Tuesday, May 21, 2013

မြိတ်မြို့၌ ကဆုန်ညောင်ရေသွန်း ဘုရားပွဲတော် ကျင်းပမည်


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဗုဒ္ဓဘာသာအသင်းကြီးက ကြီးမှူး ကျင်းပသော (၆၉) ကြိမ်မြောက် ကဆုန် ညောင်ရေသွန်း ဘုရားပွဲတော်ကို ကဆုန်လဆန်း (၁၂) ရက်နေ့မှ လပြည့်ကျော် (၁) ရက်နေ့အထိ (၂၁-၅-၂၀၁၃) ရက်နေ့မှ (၂၅-၅-၂၀၁၃) ရက်နေ့အထိ (၅) ရက်တိုင်တိုင် မြိတ်မြို့ ဘုရားငါးဆူကွင်းရှိ ယာယီ စံကျောင်းတော်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 

တန်ဖိုးနည်း CDMA 800 ဖုန်းဆင်းကတ်များ မြိတ်မြို့တွင် ဒုတိယ အကြိမ် ရောင်းချ

၂၀၁၃ ခုနှစ် မေလ (၂၀) ရက်နေ့တွင် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ် များကို ဒုတိယအကြိမ်မြောက် ရောင်းချပေးလျက်ရှိရာ မြိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများ၌ ဖုန်းကတ် လျှောက်ထားသူများအား ယနေ့ မေလ (၂၁) ရက်နေ့တွင် မဲဖောက် ရောင်းချပေးလျက် ရှိသည်။ 

Monday, May 20, 2013

ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်းရှစ်ဆယ် ထောက်ပံ့မည့် လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲ ကျွန်းစုမြို့၌ ပြုလုပ်မည်

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များအနက် ဖွံ့ဖြိုးမှု အနည်းဆုံး မြို့နယ် ဖြစ်သည့် ကျွန်းစုမြို့နယ်တွင် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၈၀ ထောက်ပံ့မှုဖြင့် ပညာရေး၊ ကျန်းမာရေးလုပ်ငန်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း လုပ်ငန်း ညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် မေလ (၂၂) ရက်နေ့ နံနက် (၀၉၀၀) အချိန်တွင် ကျွန်းစုမြို့နယ် အစည်းအဝေး ခန်းမ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

Sunday, May 19, 2013

ကလင်ဘန်းကျေးရွာ၌ အခမဲ့ ကွင်းဆင်း ဆေးကုသ ***

( မြိတ် မေ ၁၉ ရက် )
မြိတ်မြို့ သံသရာအေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော (၅/၁၀၀) တပ်မတော်ဆေးရုံမှ အထူးကုပါရဂူကြီးများနှင့် အထူးကု ဆရာဝန်ကြီးများမှ မေလ(၁၉)ရက် နံနက်(၈)နာရီတွင် မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကလင်ဘန်းကျေးရွာ ဘုန်းတော် ကြီးကျောင်၌ အခမဲ့ ကွင်းဆင်း ဆေးကုသသည်။
အဆိုပါ ကွင်းဆင်းဆေးကုသအဖွဲ့သည် အင်္ဂမော်ကျေးရွာအုပ်စု ကလင်ဘန်းကျေးရွာ အနီးအနားရှိ ကျေးရွာများမှ ကျေးရွာသူ/သား (၁၅၂)ဦးအား ခွဲစိတ်အထူးကုဆရာဝန်၊ အထွေထွေရောဂါကု ဆရာဝန်ကြီး၊ သွားအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး ဆေးစစ်ပေးပြီး အခမဲ့ ဆေးကုသပေးကြ၍ ဆေးဝါးများ အခမဲ့ပေးဝေခဲ့သည်။
အင်္ဂမော်ကျေးရွာအုပ်စု ကလင်ဘန်းကျေးရွာသည် အိမ်ခြေ(၁၀၀)ခန့်ရှိသော ရွာဖြစ်၍ မြိတ်မြို့မှ (၁၈)မိုင်ခန့်ကွာဝေးပြီး အင်္ဂမော်ကျေးရွာအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာနရှိပြီး အရေးပေါ်လူနာများ မြိတ်မြို့ ဆေးရုံကြီးများသို့ ဆေးကုသမှုခံယူရန် မော်တော် ကား၊ မော်တော် ဆိုင်ကယ်ဖြင့် (၁)နာရီခန့်သွားရသော ကျေးရွာဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ အထူးကု ဆရာဝန်ကြီးများက ကျေးရွာပြည်သူများအပေါ် ထိထိ ရောက်ရောက် အခမဲ့ကွင်းဆင်း ဆေးကု သပေးခြင်းသည် ကျေးရွာ ပြည်သူများ များစွာအကျိုးရှိကြောင်းနှင့် ပြည်သူများ ၀မ်းသာပီတိဖြစ်ရကြောင်း သတင်း ရရှိသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း၊ ပိုစတာ ၊ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲ မြိတ်မြို့၌ ကျင်းပ

မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် (၁၆)ကြိမ် မြောက် ပန်းချီ ၊ ကာတွန်း၊ ပိုစတာ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲကို မေလ(၁၉)ရက် နံနက်(၉)နာရီတွင် အထက(၁) စံပယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ကျောင်းဆရာ/ ဆရာမများ ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း မြိတ်မြို့၌ ဖွင့်လှစ်


မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ပညာရေး ၀န်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း ကျင်းပသော ကျောင်းဆရာ/ ဆရာမများ ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို မေလ (၁၈) ရက် နေ့လည် (၁)နာရီတွင် အမက (မြစ်ငယ်) ကျောင်း ခန်းမဆောင်၌ ကျင်းပသည်။ ရှေးဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ် ကင်းရှင်းရေးဌာန ဌာနမှူး ဒေါ်ခင်ခင်ရှိန်မှ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြသည်။ 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး မြိတ်တောင် ရပ်ကွက် ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်


တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်းနှင့် မြိတ်တောင် ရပ်ကွက်ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပွဲကို မေလ (၁၈) ရက် နေ့လည် (၂)နာရီတွင် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပရာ ၀န်ကြီး ဒေါက်တာကျော်ဆန်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြသည်။

Saturday, May 18, 2013

မြိတ်မြို့တွင် ဒုတိယအကြိမ် အဖြစ် တန်ဖိုးနည်းဖုန်း အလုံးရေ ၅၀၀ သာ ရောင်းချမည်

၂၀၁၃ ခုနှစ်၊ မေလ (၂၀)ရက်နေ့တွင် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် များကို ဒုတိယအကြိမ် အဖြစ် ရောင်းချပေးမည်ဖြစ်ရာ တနင်္သာရီတိုင်း ဒေသကြီး အနေဖြင့် အလုံးရေ (၁၅၀၀)ချထားပေးမည်ဖြစ်ပြီး ထားဝယ်မြို့နယ်အတွက် အလုံးရေ (၁၀၀၀)နှင့် မြိတ်မြို့နယ်အတွက် အလုံးရေ (၅၀၀) ခွဲဝေ ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိ ရသည်။

Friday, May 17, 2013

မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ ပြည်သူနှင့် တွေ့ဆုံ

၂၀၁၃ခုနှစ် မေလ၁၂ရက်နေ့ နေ့လည်(၁၀၃၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှန် တို့သည် မြိတ်မြို့နယ် သစ်ယာဝကျေးရွာ အုပ်စု၊ သစ်ယာဝကျေးရွာရှိ ဒေသခံပြည်သူလူထုများ၊ ရပ်မိ/ရပ်ဖများ စုစုပေါင်းအင်အား (၅၀)ဦးခန့်နှင့် တွေ့ဆုံပြီး ကျေးရွာတွင်း ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများအား ကွင်းဆင်းကြည်ရှု လေ့လာခဲ့ကြပြီး ကျေးရွာအတွင်း ရပ်မိ/ရပ်ဖများနှင့် ဒေသခံများ၏ 

မလေးရှား နိုင်ငံ စီးပွားရေး လုပ်ငန်း ရှင်များနှင့် မြိတ်ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းရှင်များ ဆွေးနွေး



မလေးရှားနိုင်ငံ Sheiphia Holdings Sdn Bhd (706267.A) Agromax-Ultar Max-Double Star-Farmer ကုမ္ပဏီမှဦးစီးသော စီးပွားရေးလုပ်ငန်းရှင်များနှင့် မြိတ်ရေနက်ဆိပ်ကမ်း ပြင်းငယ်-ဘုရားထွက် စက်မှုဇုန် စီမံကိန်းလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၄ရက် မွန်းလွဲ ၂နာရီအချိန်တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ် တတိယထပ် စီးပွားရေးစင်တာခန်းမ၌ ကျင်းပရာ မလေးရှားနိုင်ငံ လန်ကာဝီဆိပ်ကမ်းစီမံကိန်း စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ရေနက် ဆိပ်ကမ်း ပြင်းငယ်-ဘုရားထွက် စက်မှုဇုန် The New Light Shpping Line မြန်မာကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာများ ၊ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

မြိတ်မြို့တွင် ဆေးခြောက်များ ဖမ်းမိ

မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မြင့်စိုး ဦးဆောင်သောဖွဲ့နှင့် အမှတ်(၄)  ရဲကင်းမှူး ဒု-ရဲအုပ် လှမျိုးဝေ တို့ဦးဆောင်သော တပ်ဖွဲ့ဝင်များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၁၃ ခုနှစ်၊ မေလ ၁၅ရက်နေ့ မွန်းလွဲ (၁၃၁၀)နာရီအချိန်တွင် မြိတ်မြို့ ပါရမီ (၂)ရပ်ကွက်၊ ဂန္ဓမာ(၂)လမ်းရှိ  စည်သူမင်း(ခ) ဟာမီ၏ နေအိမ်အား သတင်းအရ၀င်ရောက်ရှာဖွေရာ ၄င်း၏နေအိမ်မှ ဆေးခြောက်- အရိုး/ အရွက်/ အစေ့ရောရာ အလေးချိန် (၄၈.၃၆) ဂရမ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူလူထုနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးယုံဘီ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန့်မြင့် ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်နှင့် ဦးအောင်ဆန်းလွင်တို့သည် ၁၄-၅-၂၀၁၃ ရက်နေ့ နေ့လည် (၁၂) နာရီ အချိန် တကူ ကျေးရွာ အုပ်စု၊ သံတိုက်ကျေးရွာ ၊ အထကကျောင်း၌ ကျေးရွာ ရပ်မိရပ်ဖများ၊ ပြည်သူလူထု အင်အား (၅၀) ဦးခန့်နှင့် တွေ့ဆုံပြီး ပြည်သူများက တင်ပြလာသည့် ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး ပညာရေး ကိစ္စများအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။ 

Thursday, May 16, 2013

HIV ပိုးဖြင့်နေထိုင်သူ ကိုယ့်အားကိုယ်ကိုး အဖွဲ့များ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ အုပ်စု တောရကျောင်းရပ် အေးသီရိလမ်းရှိ သံသရာအေးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ အိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူ ကိုယ့်အား ကိုယ်ကိုး အဖွဲ့များ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် MPG ကွန်ယက် အသိပေး ညှိနှိုင်းဆွေးနွေးပွဲကို မေလ ၁၆ရက်နေ့မှ ၁၈ရက်နေ့အထိ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြိတ်ခရိုင် ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲ ပြုလုပ်မည်




ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER ) မှ ကြီးမှူး၍ မြိတ်ခရိုင်ဒေသလုံးဆိုင်ရာ ပညာရေး ဆွေးနွေးပွဲ (၁၉-၅-၂၀၁၃) ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် မြိတ်မြို့ ဘုရားကိုးဆူရပ် ကြံတောလမ်းရှိ ဦးစောဂျက် မင်္ဂလာခန်းမတွင်ပြုလုပ်သွားမည် ဖြစ်ရာ မြိတ်ခရိုင်အတွင်းရှိ ပညာရေး ပြုပြင် ပြောင်းလဲမှုကို စိတ်ဝင်စားသည့် ကွန်ယက်များ၊ နိုင်ငံရေးပါတီများ ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ / ဆရာမများနှင့် အခြား စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။ 

Wednesday, May 15, 2013

ပီလောပီနံဥ ပြုတ်စားရာမှ မူးဝေ အော့အန်



၁၁-၅-၂၀၁၃ ရက်နေ့ ၀၄၁၅ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ကန်ခေါင်းရပ်ကွက်ရှိ ကလေးဆေးရုံကြီးတို့တွင် အစာအဆိပ်သင့်၍ လူနာများရောက်ရှိနေကြောင်းသတင်းအရ မြိတ်မြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာ အထွေထွေရောဂါကုဆေးရုံတွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်နေ မသန်းသန်းမိုး (၃၄)နှစ်ပါ ကျား ၂ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၄ ဦးနှင့် ကလေးဆေးရုံကြီးတွင် ကျား ၇ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၀ ဦးတို့  ဆေးရုံ တက်ရောက်နေကြောင်း တွေ့ရှိ ရသည်။

မောတောင်ဒေသတွင် လူသတ်ပြီး ထွက်ပြေးသည့် တရားခံ ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူ



တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စု၊ မောတောင်ကျေးရွာတွင် (၁၀-၅-၂၀၁၃) ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်တွင်  ရွာနှင့် (၃)မိုင်ခန့် ဝေးသည့်  ရော်ဘာခြံ၌  အလုပ်လုပ်သည့်  အောင်စိုး နှင့် အုန်းလွင် တို့သည် အလုပ် ပြသနာ ဖြစ်ပြီး အောင်စိုးမှ အုန်းလွင်အား တောခုတ်ဒါးဖြင့် ခုတ်သတ်ထားခဲ့ပြီး အောင်စိုးမှာ ထွက်ပြေး တိမ်းရှောင် သွားသဖြင့် အုန်းလွင်၏ မိခင် ဒေါ်ရင်ကြည်မှ တိုင်တန်းသဖြင့် တနင်္သာရီ ရဲစခန်း (ပ)၂၇/၂၀၁၃၊ ပုဒ်မ-၃၀၂ ဖြင့် ရေးဖွင့်ပြီး အောင်စိုးအား အရေးယူစုံစမ်းခဲ့ကြောင်း သိရှိသည်။

Tuesday, May 14, 2013

မြိတ်မြို့၌ မုန်တိုင်းသတိပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများနှင့် ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်း ပြုနေသော
 ရေလုပ်ငန်းရှင်များနှင့် ရေလုပ်သားများ၊ ရေကြောင်းခရီးသွားပြည်သူများသိရှိစေရန်အတွက် မေလ(၁၄)ရက် နံနက်တွင် နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော မဟာစင် ဆိုက်ကလုန်း မုန်တိုင်းသတင်းကို နံရံကပ်စာစောင်များဖြင့် ကြေငြာပေးခဲ့သည်။

မြိတ်ရိုးရာ လူကျားကပွဲ မြ၀တီ ရုပ်သံ ရိုက်ကူး

ဆယ်စုနှစ် ချီပြီး ပျောက်ကွယ်နေသော မြိတ်ရိုးရာဓလေ့ လူကျားကပွဲ အား မြ၀တီ ရုပ်မြင်သံကြား အစီအစဉ်မှ မေလ (၁၄) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် မြိတ်မြို့ ပါရမီ (၂) ရပ်ကွက် ဓမ္မာရုံအရှေ့တွင် လာရောက် ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။ ထိုအစီအစဉ် ဖြစ်မြောက်ရေးအတွက် မြိတ်မြို့ ပါရမီရပ် ဓမ္မာရုံတွင် လုပ်အားပေး ဆောင်ရွက်နေသည့် လူငယ်များက ကပြခဲ့ပြီး မြို့လှည့်ကပြ အလှူခံခြင်းကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ မြိတ်ရိုးရာ ဓလေ့ လူကျားကပွဲသည် နှစ်စဉ် တန်ခူးလတွင် ကပြလေ့ရှိပြီး မြိတ်ခရိုင် အတွင်းရှိ ပုလော၊ တနင်္သာရီ မြို့နယ်များတွင်လည်း ရိုးရာမပျက် ကပြခဲ့ကြသည်။

 မြိတ်ဒေသရှိ လူကျားကပွဲနှင့် ပတ်သက်ပြီး စိန်မျိုးမြင့်၏ မြိတ်ကျွန်းစု အလှများဆီသို့ စာအုပ်တွင် ““ မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ၌ ကလေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း တစ်ခု ၏ အဆိုအရ ပလောရိုးရာ ဟု ဆိုသလို၊ အချို့ က ပသျှူးတို့ ၏ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ် သနည်းဟု စဉ်းစားမိရပြန် ပါသည်။ မည်သည့် အဆက်အနွယ် ဖြစ်စေ ကျားက၏ ထူးခြားမှုများကတော့ မှတ်သားဖွယ်ဖြစ်သည်။ ယခင်က နှစ်စဉ် တန်ခူးလဆန်း ၇ ရက်နေ့တွင် စတင်၍ ငါးရက်ကြာ ကျင်းပလေ့ရှိသည်ဟု မှတ်တမ်းတစ်ခု၌ တွေ့ရသည်။ မြိတ်ရောက်၍ ကျားက ကမည့် သူများနှင့် ဆုံရသောအခါ ကျားဆေး ထိုးခြင်း ဟူသည့် ကိစ္စကို သိရပြန် သည်။ ကျားဆေးထိုးထားသူ ကသာ ကျားက ကကြသည်ဟု သိရသည်။ ကျားဆေး ထိုးခြင်းမှာလည်း ကျားဆေး ဆရာက ကန်တော့ပွဲ ပူဇော်ပွဲများနှင့် ထိုးပေး သည်ဟု ဆိုကြသည်။ ကျားဆေးထိုး ထားသော ကျားက ကသူများသည် ကျားက မကမီ၌ ကျားအရေခွံနှင့် အလား သဏ္ဍာန် တူသည့် အ၀ါ အနက် အနီ အစင်း ကြားများကို ခန္ဓာကိုယ်တွင် သုတ် လိမ်းရသည်။ ကျားဆိုင်း ၊ ဗုံယကွင်း တို့တီးကာ ကျားက ကသည်။ ကျားစိတ်ဝင်ကာ တွေ့ရာ ကိုက် ရာ ကျားက သူ ခံတွင်း၌ သံပရာသီး ငုံကာ ကသည်။ မီးခိုး မှိုင်းတိုက်၍ ကျားစိတ်ကို နုတ်ရသည်။ ကျားကဲ့သို့ မာန်တက်ကာ ကသော ကျားကပွဲမှာ ကျားထိန်းများက ချူပ်နှောင် ထိန်းပေးရသည်။ ကျားက ကရင်း ကျားစိတ်ဝင်သူမှာ ဘေးမှ ကိုက်စရာ ကုတ်စရာမရှိလျှင် ကိုယ့်ကိုယ်ကိုယ် ကုတ်ကိုက်သည် အထိ ကျားမာန် တက်သော ကပွဲဖြစ်ပေသည်။ ကျားက ပွဲကြည့် ပရိသတ်ထဲ၌ ကျားဆေးထိုးထား သူရှိလျှင် ထိုသူလည်း ကျားစိတ်ဝင်ကာ က၀ိုင်းထဲ ၀င်လာတတ်သည်ဟုလည်း ဆိုပေရာ ကျားဆေး ထိုးထားသူများ ကျားကပွဲတွင် ၀ိုင်းဘေးသို့ မလာဘဲ ရှောင်ပြေး တတ်ကြသည်ဟု ဆိုပေသည်။ မြိတ်တွင် ကျားကပွဲများ အတွေ့ ရနည်းလာပြီ ဟုလည်း ဆိုကြလေသည် ““ ဟု ဖော်ပြထားသည်။

မြိတ်မြို့ ကလွင်ရေပုန်း ရပ်ကွက်ရှိ ကျားတွင်း အမည်ရှိ ရေကန်မှာ ယခင်နှစ်ပေါင်းများစွာကတည်း ကပင် ရှိနေခဲ့ပြီး ကျားအက ပြီးဆုံးပါက အဆိုပါရေကန်တွင် လူကျားများ ရေချိုး ဆေးကြောခဲ့သည့် အတွက် ကျားတွင်းဟု အမည်တွင်ခဲ့ကြောင်း သိရှိရသည်။


မြိတ်မြို့ နောက်လယ်(၆)လမ်းတံတား အကြီးစား ပြင်ဆင်

မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေး အတွက် ရေနံမြေရပ် ကမ်းနားလမ်းနှင့် နောက်လယ်ရပ် (၆)လမ်းတို့ကို ဆက်သွယ်ထားသည့် ဘုရားကိုင်ချောင်းကူး နောက်လယ်(၆)လမ်းတံတား ချို့ယွင်းလျက်ရှိရာ အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းကို ( ၁၀-၅-၂၀၁၃ )ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ တံတားသည် သစ်သားတံတားဖြစ်၍ အရှည်(၁၈)ပေ၊ အကျယ်(၂၂၀)ပေရှည်သော တံတားဖြစ်ပြီး (၁၀)နှစ်နီးပါးကြာမြင့်ပြီဖြစ်သောကြောင့် သစ်သားများဆွေးမြည့် ချို့ယွင်းလျက် ရှိရာ ပြည်သူများ အသုံးပြုမှု များသော တံတားဖြစ်သည်။ ပြည်သူများ သွားလာမှုအဆင်ပြေရေး အတွက် မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင် နီယာမှူး ဦးနေမျိုးမှ ကြီးကြပ်ပြီး အငယ်တန်းအင်ဂျင်နီယာ(၂) ဦးသန်းထွန်းဦးနှင့် ၀န်ထမ်းများမှ မြိတ်မြို့နယ် စည်ပင် သာယာ ရေး အဖွဲ့ ရန်ပုံငွေဖြင့် ကျပ် (၂၇၀) သိန်း အကုန်ကျခံ၍ မေလကုန်အပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင့် ပြည်သူများ ရာသီမရွေး သွားလာရာတွင် ပိုမိုအဆင်ပြေနိုင်ကြောင်း သတင်းရရှိသည်။

http://www.facebook.com/myeiknews

မူးယစ်ဆေးဝါး သုံးစွဲပြီး ရေထဲ ခုန်ချ



၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ (၄)နာရီ ခွဲခန့် အချိန်တွင် ရေကန်အော် ကျေးရွာမှ ပန်းဇင်ကျေးရွာသို့ ခုတ်မောင်းလာသော စက်လှေ တစ်စီးသည်  စမုံဂလက် အရောက် ရေထဲတွင် လူတစ်ယောက် ကူးခတ်နေသည်ကို မြင်တွေ့ရသဖြင့် ကယ်ဆယ်ခဲ့ပြီးနောက် စုံစမ်း မေးမြန်းခဲ့ရာ ၄င်းမှာ ကိုလတ် (ဘ) ဦးကျော်စိန်၊ အသက် (၂၉) နှစ် ဖြစ်ပြီး ရေကန်အော် ကျေးရွာမှ မြိတ်သို့ ရေကန်အော် ကျေးရွာနေ ဒေါ်ဝေ ပိုင်ဆိုင်သည့် ခရီးသည်တင် စက်လှေဖြင့် လာစဉ် ညနေ (၃)နာရီ (၄၅)မိနစ် အချိန်ခန့် စမုံဂလက် အရောက် ရေထဲသို့ ခုန်ဆင်းခဲ့ကြောင်း၊ ထိုနောက် ရေထဲတွင် တစ်နာရီခန့် ကူးခပ်နေခဲ့ကြောင်း ၊ ၄င်းမှာ မူးယစ်ဆေးဝါး (ဘိန်းစာမှုန့်) သုံးစွဲမိသဖြင့် စိတ်ချောက်ခြားပြီး ရေထဲ ခုန်ဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ကျွန်းစုမြို့၌ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ


တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် အတွင်း နေထိုင်ကြသော ပြည်သူများနှင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသော ရေလုပ်ငန်းရှင် များနှင့် ရေလုပ်သားများ၊ ရေကြောင်းခရီးသွားပြည်သူများ၊ ရေလုပ်သားများအား သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ် အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျွန်းစုမြို့၌ ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၁၃ခုနှစ် ကမ္ဘာ့ငှက်ဖျား ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ (၁၃)ရက် နေ့လည် (၂)နာရီတွင် ကျွန်းရတနာခန်းမ၌ ကျင်းပရာ ကျွန်းစုမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးကံဝင်းမှ အမှာ စကား ပြောကြားသည်။

အောင်ပွဲရ မြိတ်ခရိုင် အမျိုးသမီးဘောလုံး အားကစားသမားများအား ဂုဏ်ပြု


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၃)ခရိုင်အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် “ပထမ” ဆုရရှိခဲ့သော မြိတ်ခရိုင်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို မေလ (၁၃)ရက် နေ့လည် (၃)နာရီတွင် ကျွန်းရတနာ ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

Monday, May 13, 2013

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သစ်ယာဝ အုပ်စု ရုံးခန်းဖွင့်ပွဲ ပြုလုပ်

၂၀၁၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက် (၀၉၃၀)နာရီ အချိန်ခန့်တွင် မြိတ်မြို့နယ် သစ်ယာဝ ကျေးရွာအုပ်စု၊ သစ်ယာဝ ကျေးရွာ ဦးစိန်ဝင်း၏ နေအိမ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ် ကျင်းပခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ခရိုင်ပါတီ ကော်မတီဝင် ဦးဇော်လှိုင်ဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ 

Sunday, May 12, 2013

မြိတ်-တနင်္သာရီ-မောတောင် မော်တော်ယာဉ်လိုင်းသစ် စတင်ပြေးဆွဲမည်


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောင်တောင်နယ်စပ်ကုန်သွယ်ရေး စခန်းကို မေလ(၈)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ မြိတ်မြို့နှင့် တနင်္သာရီမြို့နယ်တို့တွင် နေထိုင် ကြသော ဒေသခံ ပြည်သူများ မောင်တောင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောတောင်ဒေသသို့ စီးပွားရေးလုပ်ငန်းများလုပ်ကိုင် ရန်၊ အလုပ်အကိုင်အသစ်များရှာဖွေနိုင်ရန်အတွက် မြိတ်-တနင်္သာရီ-မောတောင်သို့ ပြည့်ငြိမ်းချမ်းအမည်ဖြင့် မော်တော်ယာဉ် လိုင်းသစ်ကို မေလ (၁၂)ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။ 

မြိတ်မြို့၌ ပြည်သူများအား မဟာစင် ဆိုက်ကလုန်း မုန်တိုင်းသတင်း အသိပေးကြေငြာ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ မြိတ်မြို့နယ် အတွင်း နေထိုင်ကြသော ပြည်သူများအား မေလ(၁၂)ရက် နံနက်(၆)နာရီ အချိန် နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်သော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဟာစင် ဆိုက်ကလုန်း မုန်တိုင်းသတင်းကို ယနေ့ နံနက်(၁၁)နာရီတွင် မော်တော်ယာဉ်ဖြင့် အသိပေးကြေငြာသည်။

မြိတ်မြို့၌ အစိုးရဓမ္မစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပ

သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၀၃ခုနှစ် အစိုးရဓမ္မစရိယ နှင့် ပထမပြန်စာမေးပွဲများကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် သာသနာ့ ဗိမာန်တော်တွင် ကျင်းပလျက်ရှိရာ အစိုးရဓမ္မာစရိယစာမေးပွဲကို မေလ(၂)ရက်မှ(၃)ရက်နေ့တွင် ပါဠိအဌကထာကျမ်း၊ မေ(၄)ရက်မှ(၅)ရက်တွင် သီလက္ခန္ဒ၀ဂ္ဂပါဠိအဌကထာကျမ်း ၊ မေ(၆)မှ(၇) ရက်တွင် ဓမ္မသင်္ဂအဌကထာကျမ်း၊များကို ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၁၀၇)ပါး ၀င်ရောက်ဖြေဆိုခဲ့ကြသည်။

ပထမပြန်စာမေးပွဲများကို မေလ(၈)ရက်မှ(၁၄)ရက်နေ့အထိဖြေဆိုမှာဖြစ်ပြီး ပထမငယ်တန်း တွင်(၅) ဘာသာ၊ ပထမလတ်တန်းတွင်(၆)ဘာသာ၊ ပထမကြီးတန်းတွင် (၇)ဘာသာ ဖြေဆိုရ မည်ဖြစ်ကာ ယနေ့အထိ ဖြေဆိုလျက်ရှိသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်းမှာ (၁၇၄)ပါးဖြေဆိုလျက်ရှိသည်။
အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို သြ၀ါဒစရိယဆရာတော်(၇)ပါး၊ အထူးကြီးကြပ် ရေးဆရာတော်(၅)ပါး၊ ဓမ္မစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်(၅)ပါးနှင့် ပထမပြန်စာမေးပွဲကြီးကြပ်ရေး ဆရာတော်(၁၀)ပါးတို့မှ ကြီးကြပ်ဆောင်ရွက်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့မှ ပံ့ပိုးဆောင် ရွက်လျက်ရှိသည်။

အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲဝင်ရောက်ဖြေဆိုကြသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် ကြီးကြပ်ရေးဆရာတော်များကို စာမေးပွဲကျင်းပသည့်နေ့များ၌ စေတနာရှင် အလှူရှင်များက နေ့ဆွမ်းနှင့် အအေးများ ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။

မြိတ်မြို့၌ ရိုးမဘဏ်(မြိတ်) ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရိုးမဘဏ်လီမိတက်၏ (၅၀)မြောက်ဘဏ်ဖြစ်သော ရိုးမဘဏ် (မြိတ်)ဖွင့်ပွဲကို မေလ(၁၁)ရက် နံနက်(၇)နာရီတွင် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင် သူမြတ် များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်း ရှင်များ၊ ဒေသခံပြည်သူများအား ဘဏ်လုပ်ငန်းများအား မိတ်ဆက်ခဲ့ ပါသည်။

မြိတ်မြို့၌ ကလေးဗဟိုပြု သင်ယူမှုချည်းကပ်နည်းဖြင့် လေ့ကျင့်သင်ကြားရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

၂၀၁၃-၂၀၁၄ပညာသင်နှစ် ကလေးဗဟိုပြု သင်ယူမှုချည်းကပ်နည်းဖြင့် လေ့ကျင့် သင်ကြားရေး မြို့နယ် အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေလ(၁၂)ရက် နံနက် (၈)နာရီတွင် အထက(၁)စံပယ် ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေး မှူး ဦးကြည်သန်းက အမှာစကားပြောကြား သည်။

Friday, May 10, 2013

တနင်္သာရီမြို့နယ် သိန်းခွန်း ကျေးရွာအုပ်စု မောတောင်ဒေသ ပြည်ခိုင်ဖြိုး ပါတီရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပ တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကား ပြောကြား

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်းခွန်း ကျေးရွုာ အုပ်စု မောတောင်ဒေသ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အဆောက်အဦးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားအား ၂၀၁၃ ခုနှစ် မေလ (၈) ရက်နေ့ နံနက် (၈) နာရီအချိန် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များ ၊ တနင်္သာရီမြို့နယ်နှင့် မောတောင် ဒေသ ပြည်ခိုင်ဖြိုး ပါတီဝင်များ ၊ ဧည့်သည်တော်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးသန်းအောင်၊ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင် ၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်း တို့က ရုံးအဆောက်အဦးနှင့် ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီ တာဝန်ရှိသူများက  ပါတီရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့သည်။

ထိုနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦမြတ်ကိုက အမှာစကား ပြောကြားပြီးနောက် မောတောင်ဒေသ ပြည်ခိုင်ဖြိုး ပါတီဝင် အဆိုပြုလွှာများအား စည်းရုံးရေးမှူးမှ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးထင်ပေါ်အား ပေးအပ်ကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အခမ်းအနား အပြီးတွင် တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကိုသည် အခမ်းအနား တက်ရောက် လာသော ပြည်သူလူထုနှင့် ပါတီဝင်များအား ရင်းရင်းနှီးနှီး နုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။





Wednesday, May 8, 2013

သင်္ဘော ၀မ်းဗိုက်အတွင်းသို့ သန့်ရှင်းရေးပြုလုပ်ရန် ၀င်ရောက်ရာမှ လူ(၃)ဦးသေဆုံး

၂၀၁၃ ခုနှစ် မေလ (၇)ရက်နေ့ နံနက်(၀၉၃၀) နာရီအချိန်  မြိတ်မြို့ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်း (သဲကွင်း) အရှေ့ ရေပြင်တွင် ဆိုက်ကပ်ထားသည့် သစ်ထုတ် လုပ်ကွက်များမှ သစ်များအား အငှားတင်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် ကျောက်ချရပ်နား ထားသော  ''သူရိယစန္ဒာဝင်း'' ကုမ္ပဏီပိုင် '' MV ဇ၀န '' အမည်ရှိ တွန်းသင်္ဘောနှင့် တွဲလျက် '' BARGE – 11 Singapore  '' ကုန်တင်သင်္ဘော (သံခွံအလွတ်)၌ သင်္ဘောသားများ သန့်ရှင်းရေး ပြုလုပ်စဉ် သင်္ဘောဝမ်းဗိုက်အတွင်း ဆင်းပြီး သန့်ရှင်းရေး ပြုလုပ်ရာမှ အသက်ရှု မွန်းကြပ်ပြီး လူ(၃) ဦးသေဆုံးကာ (၁)ဦးမှာ အတွင်းလူနာအဖြစ် မြိတ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

ထိုသို့ အသက်ရှု မွန်းကြပ်ပြီး သေဆုံးသွားသူများမှာ ဒုရေယာဉ်မှူး ဇင်ကိုဦး (ခ) ကြက်ဖ ၊ အသက် (၂၄)နှစ်၊ မင်းဘောရွာ ၊ မအူပင်မြို့နယ်၊ သင်္ဘောသားခေါင်းဆောင် ကျော်မြင့်(ခ) ကျော်ကျော်မြင့် ၊ လက်ပံတန်းမြို့၊ သင်္ဘောဆီလောင်း သန်းထိုက်အောင် (၃၂)နှစ်၊ တောင်ပလူ ကျေးရွာ ၊ ချောက်မြို့ နေသူတို့ ဖြစ်ပြီး အတွင်းလူနာအဖြစ် ကုသခံရသူမှာ သင်္ဘောသား ၀င်းထွန်း (၂၈)နှစ်၊ ဖိုးရာဝဲ ကျေးရွာ၊ မအူပင်မြို့နယ်၊ မြို့နယ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ  BARGE – 11 Singapore ကုန်တင် သင်္ဘောမှ  သင်္ဘောရေယာဉ်မှူး ဦးရဲရွှေပါ (၁၅)ဦးတို့သည် မေလ၊ (၇)ရက်နေ့ (၀၇၃၀)အချိန်မှစ၍ သင်္ဘော အတွင်း/ အပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် သင်္ဘောဝမ်းဗိုက် အတွင်းရှိ ရေလုံခန်း(၂၈)ခန်းအနက် သင်္ဘော ဘယ်ဘက် (၅)နံပါတ်မြောက် အခန်းအား သန့်ရှင်းရေး ဆောင်ရွက်ရန် အတွက် ဒုရေယာဉ်မှူး ဇင်ကိုဦး(ခ)ကြက်ဖမှ သင်္ဘောဝမ်းဗိုက် အတွင်းသို့ ရောက်ရှိစဉ် လဲကျ သွားသည်ကို သင်္ဘော ကုန်းပတ်ပေါ်တွင် ရှိနေသည့် သင်္ဘောသား ခေါင်းဆောင် ကျော်မြင့်(ခ) ကျော်ကျော်မြင့် ကူညီရန်အတွက် သင်္ဘောဝမ်းဗိုက်အတွင်းသို့ ဆင်းသက်စဉ်  ထပ်မံ၍ လဲကျသွား သဖြင့် တတိယမြောက် သင်္ဘောသား ၀င်းထွန်း(၂၈)နှစ်၊ မှ ကူညီရန်အတွက် သင်္ဘောဝမ်းဗိုက် အတွင်းသို့ ထပ်မံ၍ ရောက်ရှိစဉ် လဲကျသွားသဖြင့် စတုတ္ထ သင်္ဘောဆီလောင်း သန်းထိုက်အောင်(၃၂)နှစ် မှ သတိလစ် လဲကျနေသူ (၃)ဦးအား ကယ်ဆယ်ရန် အတွက် ကြိုးနှင့်အတူ သင်္ဘောဝမ်းဗိုက် အတွင်းသို့ ရောက်ရှိပြီးနောက် လဲကျနေသူ သင်္ဘောသား ၀င်းထွန်းအား အပေါ်သို့ဆွဲတင်ရန် အတွက် ကြိုးချည်ပြီးချိန်တွင် သန်းထိုက်အောင်မှာ လဲကျသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လေးဦးစလုံး ရေလုံခန်းတွင် လဲကျနေစဉ်  သင်္ဘောကုန်းပတ်ပေါ်တွင် အသင့်ရှိနေသော စက်ဆရာ ဇော်လွင်၊ သင်္ဘောသား နိုင်လင်း၊ ဆီလောင်း အေးမျိုးနိုင်တို့မှ ၀င်းထွန်းအား သင်္ဘောဝမ်းဗိုက်အတွင်းမှ ကုန်းပတ်ပေါ်သို့ ရောက်ရှိအောင် ဆွဲတင်ခဲ့ပြီးနောက် စက်ဆရာ ဇော်လွင်မှ ''MV ဇ၀န'' အမည်ရှိ တွန်းသင်္ဘောတွင် တပ်ဆင်ထားသော အောက်ဆီဂျင်ပေးသည့် ကိရိယာတပ်ဆင်ကာ သင်္ဘောဝမ်းဗိုက် အတွင်းသို့ ဆင်း၍ လဲကျနေသော သန်းထိုက်အောင်၊ ကျော်မြင့်(ခ) ကျော်ကျော်မြင့်နှင့် ဇင်ကိုဦး(ခ) ကြက်ဖတို့အား ကုန်းပတ်ပေါ်တွင် စစ်ဆေးကြည်ရှုခဲ့ရာ ပြင်ပဒဏ်ရာများ မတွေ့ရှိရဘဲ သေဆုံးနေပြီး ၀င်းထွန်းမှာ အသက်ရှုကြပ်သည့် ဝေဒနာခံစားနေရကြောင်း တွေ့ရှိရသဖြင့် မြိတ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးချက်များအရ သင်္ဘောသားများ သေဆုံးခဲ့သည့် ရေလုံခန်းသည် အတွင်းသို့ အောက်ဆီဂျင် ပေးသည့် ကိရိယာ မပါရှိဘဲ သန့်ရှင်းရေး ပြုလုပ်ရန် ၀င်ရောက် ရှင်းလင်းရာမှ လွန်ခဲ့သော (၁)နှစ်ကျော်ခန့်က ပိတ်ထားခဲ့သော အခန်းဖြစ်၍ အခန်း အတွင်း လူ့အသက် အန္တရာယ် ဖြစ်စေသော လေထု ပြဿနာကြောင့် ဇင်ကိုဦး(ခ) ကြက်ဖပါ(၃)ဦးမှာ  သေဆုံးရခြင်းဖြစ်သည်ဟု စစ်ဆေး တွေ့ရှိရသဖြင့် မြိတ်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂၉၆/၂၀၁၃)ဖြင့် အမှုဖွင့်    အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။ 
 
 

မြိတ်မြို့ လေယာဉ်မယ် ဘန်ဂလို ဧည့်ရိပ်သာရှိ ပြည်တန်ဆာ လုပ်ငန်း ဖမ်းဆီး




မြိတ်မြို့ ကြံတော ရပ်ကွက် ကြံတော (၁)လမ်း လေဆိပ်အနီးရှိ လေယာဉ်မယ် အဆင့်မြင့် အအေးခန်း ဧည့်ရိပ်သာတွင် ပြည်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်း အရ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ မေလ (၅) ရက်နေ့ ည (၁၀) နာရီအချိန်ခန်တွင် ၀င်ရောက်ရှာဖွေရာ အခန်းများအတွင် ပြည်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသူများအား ဖမ်းဆီရမိခဲ့ကြောင်း သိရသည်။ 

မွေး/ရေဘဏ်အား မြန်မာ့ရတနာဘဏ် လီမိတက် နာမည်သစ်သို့ ပြောင်းလဲမည်


မူလ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်အား မြန်မာ့ရတနာ ဘဏ်လီမိတက်(Treasure Bank of Myanmar Ltd) အမည်သစ်သို့ ပြောင်းလဲမည် ဖြစ်ကြောင်း မေ(၅)ရက်၊ မွန်းလွဲ(၁)နာရီတွင် ကျင်းပသော အဆိုပါ ဘဏ်၏ ဒါရိုက်တာအဖွဲ့၏ စုံညီအစည်းအဝေး (၁၂/၂၀၁၂-၂၀၁၃) တွင် သဘောတူ ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၄)နှင့် အခြေခံအိမ်တွင်းမှုသင်တန်း (၆၃)ဖွင့်ပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၄) နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၆၃)ဖွင့်ပွဲ အခမ်းအနားကို မေလ(၆)ရက် နံနက်(၉)နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို က သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ ဘ၀လုံခြုံမှုရှိရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများတတ် မြောက်စေရေး၊ တတ်မြောက်ထားတဲ့ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစု စီးပွားရေး ဘ၀ တိုးတက် မြင့်မားစေရေး အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဦးစီးဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသူ အမျိုးသမီး သင်တန်းသူများ အနေဖြင့်လည်း သင်တန်းကျောင်းမှ ပို့ချတဲ့ အခြေခံ အိမ်တွင်းမှု အပ်ချုပ်ပညာ၊ လက်မှုပညာများ၊ အဆင့်မြင့် အပ်ချုပ်ပညာများကို သင်တန်း ပြီးဆုံးအောင် လေ့လာ သင်ယူကြရန် လိုအပ်ကြောင်း၊ သင်ယူ တတ်မြောက်ထားတဲ့ ပညာရပ်များဖြင့် မိမိခြေထောက် အပေါ် မိမိရပ်တည်ပြီး သမာအာဇီဝ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ရဲ့ စေတနာကို သိရှိ နားလည် သဘောပေါက်ကာ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်း စောင့်ရှောက်ပြီး မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်တဲ့ မြန်မာအမျိုးသမီးလေးများ အဖြစ် ခံယူကျင့် သုံးကြရန် တို့ကို ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

အခမ်းအနား အပြီးတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးပြီး သင်တန်းကျောင်း၏ အိမ်တွင်းမှုလက်ရာများကို ကြည့်ရှုအားပေးခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အတူ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တပ်မဟာ (၄) တပ်မဟာမှူး မြိတ်/ထားဝယ် ခရိုင်ဥက္ကဌ ဗိုလ်ချုပ်စောဓါးကျော်၊ မြိတ်/ ထားဝယ်ခရိုင် အတွင်းရေးမှူး ဖဒိုစောဘီးလယ်၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်မှ သင်တန်းသူ (၆၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။