Monday, February 11, 2013

ကာမရာဂစိတ်ကိုထကြွစေသည့် တရားမ၀င်ဆေးဝါးများ ထားဝယ်မြို့နှင့် မြိတ်မြို့တွင် ဖမ်းဆီးရမိ

၉-၂-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်၊ ကညုံရပ်ကွက်နေ ဦးအောင်နိုင်(၄၈)နှစ်၏ ““အာရုဏ်ဦး” ”ဆေးဆိုင်သို့ သတင်းအရ ၀င်ရောက်ရှာဖွေရာ အမျိုးသမီးများအား တိုက်ကျွေးပါက ကာမရာဂ စိတ်ကို ထကြွစေသည့် တရုတ်နိုင်ငံထုတ် Hongzhizhu, Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့် အထုပ်(၂၆၈)ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် ဦးအောင်နိုင်အား ထားဝယ်ရဲစခန်း(ပ)၅၉/၂၀၁၃၊ အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

စစ်ဆေးချက် အရ ၁၁၃၀အချိန် အဆိုပါ ဆိုင်သို့ထပ်မံ ရှာဖွေခဲ့ရာ တရုတ်နိုင်ငံထုတ် ဆေးများဖြစ်သည့် ကျားဟိုမုန်း အားတိုးဆေး Play Boy စာတမ်းပါဆေး အမျိုးအစား ၆ မျိုး၊ အချိန် ကြာမြင့်စေသည့် လိမ်းဆေး၊ Sholonying စာတမ်းပါ လိမ်းဆေး၊ Lady A Bergin စာတမ်းပါ လိမ်းဆေး၊ Nivea Beauty Breast စာတမ်းပါ လိမ်းဆေး ၂ မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၉၆၅၀၀ိ/-)ခန့်အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်၍ မြိတ်ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် ၁၂၃၅အချိန် မြိတ်မြို့၊ ဘုရားကိုင် ရပ်ကွက်နေ အောင်ကျော်မိုး(၄၂)နှစ်၏ ကွမ်းယာဆိုင်၊ ၁၂၄၀အချိန် (၁) ရပ်ကွက်ရှိ ဦးကျော်မြင့် (၅၆)နှစ်၏ ကွမ်းယာဆိုင်နှင့် ၁၂၃၀အချိန် ဈေးတန်း ရပ်ကွက်ရှိ ဇော်ဇော်ဝင်း (ခ)ဗေဒါ (၂၃)နှစ်၏ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များခွဲ၍ ၀င်ရောက် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ ကွမ်းယာဆိုင် အသီးသီးတွင် Red Spider စာတမ်း ပါကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ်ထုပ်၊ လိင်ပိုင်း ဆိုင်ရာ နိုးကြွစေသည့် တရုတ်နိုင်ငံ ထုတ်ဆေးဝါး မျိုးစုံ၊ စုစုပေါင်း တန်ဘိုးငွေကျပ် (၆၇၀၀၀ိ/-)ခန့်အား ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး အောင်ကျော်မိုးအား မြိတ်ရဲစခန်း(ပ)၁၀၀/၂၀၁၃၊ အမျိုးသားဆေးဝါးများ ဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကျော်မြင့်အား (ပ)၁၀၁/၂၀၁၃၊ အဆိုပါ ဥပဒေပုဒ်မ ၁၈ ဖြင့် လည်းကောင်း၊ ဇော်ဇော်ဝင်း (ခ)ဗေဒါအား (ပ)၁၀၂/၂၀၁၃၊ အထက်ပါ ဥပဒေပုဒ်မ ၁၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။ (ရဲဇာနည်မှ ရယူပါသည်။ )

1 comments:

Unknown said...

မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်မှာ ဆိုင်ကယ်သူခိုးတစ်ယောက်ဖမ်းမိ၊ ဆိုင်ကယ်ခိုးသူဟာ ဆိုင်ကယ်ကို လူအများရှိသော ရေကန်ဘောင်တွင်လာရပ်ထားရာ၊ ဆိုင်ကယ်ပိုင်ရှင်မှတွေ့သဖြင့် ပြန်ရခြင်းဖြစ်၊ တာဝန်ကျရဲက အမူလုပ်ပါက ဆိုင်ကယ်ကို အာမခံဖြင့်ထုတ်ရမည်ဆိုသဖြင့် ပိုင်ရှင်က အမူမလုပ်ချင်ဟုပြော၊ ဆိုင်ကယ်သူခိုးမှာ အေးဆေးစွာပင် အိမ်တွင်လည်း ဆိုင်ကယ် ၅စင်းရှိသေးသည်ဟု ပြောဆိုနေသံများကြားရ။ ကဲဘယ်သူမှာ တာဝန်ရှိလဲ။ ဆိုင်ကယ်ပိုင်ရှင်တွေကတော့ စိတ်ပူနေကြတယ်။ လိုင်စင်ဘိန်းတောင် ခုလိုခိုးပီး ပေါ်တင် စီးနေရင် ၊ ဘယ်လိုလဲဗျ ။ အဲလောက်ရဲတဲ့သူခိုး ---------သူခိုးလိုင်စင်များရှိနေလေသလား
( တော်တော်ရဲတဲ့သူခိုး ---- ရဲမင်းကြီးများရယ် မသနားလိုက်ပါနဲ့၊ ဒါကို စံပြ အရေးယူပေးပါ)