Monday, February 25, 2013

ကော်ရှူနှုန်းများသွားပါကဦးနှောက်ထိခိုက်ကာစိတ်ရူးသွပ်သည်အထိဖြစ်နိုင်

လူငယ်များ အကြား ကော်ရှူနှုန်း မြင့်မားလာနေပြီး များများရှူပါက ဦးနှောက် ထိခိုက်ကာ စိတ်ရူးသွပ် သွားသည်အထိ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ခင်မောင်ဆွေ ကပြောသည်။ “ကော်ထဲမှာပါတဲ့ တင်ဒါလို ဓာတုပစ္စည်းမျိုးက အဆုတ်ကို တိုက်ရိုက် အန္တရာယ်ပေးတာ။ များများရှူမိရင် ဦးနှောက်ပါ ထိခိုက်ပြီး ရူးတဲ့အထိ ဖြစ်နိုင်တယ်”ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ခင်မောင်ဆွေက ပြောသည်။

ထို့အပြင် ကော်ရှူနှုန်းမြင့်မား လာခြင်းက လူမှု ပတ်ဝန်းကျင် အပြင် ယင်းတို့၏ ဘ၀ကိုပါ အလွန်အမင်း ဆိုးရွားစေကြောင်း စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာအောင်ကျော်မျိုးက ပြောသည်။

ဆေးခြောက်၊ ဘိန်းဖြူတို့ကဲ့သို့ ဥပဒေအရ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ် မထားသော အဆိုပါ ကော်ဘူးများမှာ လမ်းဘေးကွမ်းယာဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်တို့တွင် အလွယ်တကူ ၀ယ်ယူနိုင်ပြီး ဈေးနှုန်း အနေဖြင့်လည်း ကျပ်ငါးရာခန့်သာ ပေးရသောကြောင့် လူငယ်များ အလွယ်တကူ သုံးစွဲနေကြခြင်းဖြစ်သည်။

ကော်ရှူမိပါက ရန်လိုခြင်း၊ မိုက်ရူးရဲဆန်ခြင်း စသည့်လက္ခဏာများဖြစ်ပြီး အုပ်စုလိုက် ရှူလေ့ ရှိကြသောကြောင့် ဘေးပတ်ဝန်းကျင်ကို ရမ်းကားသော အလေ့အထမျိုး ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တွင် အင်းလျား ကန်ပေါင်၊ ဆူးလေ ဘုရားနှင့် ဘူတာကြီး အနီး တစ်ဝိုက်တွင် အုပ်စုဖွဲ့နေထိုင် တတ်ကြပြီး နယ်ဒေသ အချို့တွင်လည်း ကော်ရှူသည့် အလေ့အထမှာ လူငယ်များ အကြား ပျံ့နှံ့နေပြီဖြစ်သည်။

“မသုံးဖူးလို့ တစ်ခါစမ်းသုံးလိုက်တာ။ အိမ်ကမိဘတွေက အပမှီတယ်ထင်ပြီး ဘုန်းကြီးကျောင်းကို ပို့ပစ်တာမျိုး ကြုံဖူးတယ်” ဟု အင်းလျားကန်ပေါင်တွင် သူငယ်ချင်းများနှင့် နေ့စဉ်ကော်ရှူနေသော ၁၅ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုသည်။

ကမာရွတ်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ်မောင်မောင်စိုးက လူငယ်များ အုပ်စုဖွဲ့ကော်ရှူနေသည်ကို တွေ့နေရသော်လည်း မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူ၍ မရသောကြောင့် ပိုမို အတင့်ရဲလာကြကြောင်း ပြောသည်။

“အရွယ်မရောက်သေးတဲ့ လူငယ်ဆိုတော့ ဖမ်းဆီးအရေးယူဖို့ထက် ပညာပေးဖို့ လိုအပ်တယ်။ အခုနောက်ပိုင်း ယောက်ျားလေးတွေအပြင် မိန်းကလေးတွေပါ သုံးစွဲတာ တွေ့နေရတော့ လူငယ်မျိုးဆက်တွေအတွက် ရင်လေးစရာပါ” ဟု မူးယစ်ဆေးဝါးဖြတ်လိုသူများကို ကူညီပေးနေသည့် လူငယ့်အားမာန်အဖွဲ့မှ ကိုလှထွန်းမျိုးကဆိုသည်။

မူးယစ်ဆေးစွဲနေသူ အများစုမှာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်မှ အစပြု၍ စိတ်ကိုပြောင်းလဲစေသော ကော်၊ ကင်ဆာရောဂါကို ပျောက်စေသော ထမရော ကဲ့သို့သော အိမ်သုံးဆေးဝါးတို့ကို သုံးစွဲကာ ယင်းမှ တစ်ဆင့် ဆေးခြောက်၊ ဘိန်းဖြူ စသည်တို့ကို တစ်ဆင့်ချင်း သုံးစွဲခြင်းဖြစ်၍ ငယ်ရွယ်စဉ်မှစတင်ကာ ပညာပေး တားဆီးသင့်ကြောင်း ၎င်းက အကြံပြုသည်။

ဥပဒေဖြင့် တားမြစ်ထားခြင်း မရှိသော အဆိုပါကော်ဘူးများအား တလွဲ အသုံးချမည်ဟု ယူဆပါက ဈေးဆိုင်များ အနေဖြင့် လူငယ်များအား မရောင်းချ သင့်ကြောင်း ဒေါက်တာဌေးအောင်က (Health Digest) ကျန်းမာရေးနှင့် ဆေးပညာဂျာနယ်တွင် ရေးသားထားသည်။

“ကော်ဘူးအ၀ကနေ ရှူသွင်းလိုက်တဲ့ လေထဲမှာ အောက်ဆီဂျင် ပါဝင်မှု နည်းပါး တာကြောင့် လေငတ်တဲ့ လက္ခဏာတွေ ခံစားရတာ၊ အဆုတ်ရောင် တာတွေ ဖြစ်နိုင်ပါတယ်။ သေဆုံး ကြသူတွေရဲ့  ၂၂ ရာခိုင်နှုန်းက သူတို့ရဲ့ ပထမဆုံး အကြိမ် ရှူသွင်းတဲ့ အခေါက်မှာတင် အသက်ဆုံးရှူံးကြ ရတာပါ” ဟု ဒေါက်တာဌေးအောင်က ရေးသားထားသည်။
(Share from:General Knowledge)

0 comments: