Wednesday, February 27, 2013

မော့တောင် နယ်စပ် ကုန်သွယ်ရေးစခန်း ဧပြီ (၁)ရက်နေ့ ဖွင့်မည်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မော့တောင်ဒေသ နယ်စပ် ကုန်သွယ်ရေးစခန်း အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အစ ဧပြီလ (၁) ရက်နေ့ တွင် ဖွင့်လှစ်သွားမည် ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရ၀န်ကြီး တစ်ဦးက အတည်ပြု ပြောကြားကြောင်း သတင်းရရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံနှင့် လက်ရှိ ကုန်သွယ်ရေး စခန်းများမှာ တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ ကော့သောင်း (၄) ခု ရှိသည်။ ယခု ဖွင့်လှစ်မည့် မော့တောင် နယ်စပ်ကုန်သွယ်ရေး စခန်းသည် (၅) ခုမြောက် ဖြစ်ပြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှ ၇၅ မိုင်ခန့် ဝေးကွာပြီး ရာသီမရွေး သွား လာနိုင်သော မော်တော်ကားလမ်း ဖြစ်အောင် အဆင့်မြင့် ဖောက်လုပ်နေပြီ ဖြစ်သည်။

ထိုင်း - မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသည် တနင်္သာရီမြို့နယ်ကို ဖြတ်၍ ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်း လမ်းအရ တနင်္သာရီ ဆိပ်ကမ်းတွင် ဆိုက်ကပ်၍ ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ ကုန်းလမ်းဖြင့် ကုန်သွယ်ခြင်းကို မြန်မာသက္ကရာဇ် ၈၇၇ (အေဒီ - ၁၅၁၆) တွင် ပေါ်တူဂီလူမျိုးများက ရောင်းဝယ် ဖောက်ကား ခဲ့ကြောင်း သမိုင်းကြောင်း ရှိခဲ့သည်။

တနင်္သာရီမြို့နယ် မော့တောင် ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းသည် တရားဝင် ဖြစ်လာပါက ကုန်သွယ်ရေးတန်ဖိုး မြင့်မားနိုင်မည် ဖြစ်၍ နိုင်ငံအတွက် အကျိုးရှိမည် ဖြစ်သည်။ မြန်မာ - ထိုင်း ကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၃၈၂၃.၈၃)သန်း နှင့် သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ (၆၉၁.၁၂) သန်း ရှိကြောင်း စီးပွား/ကူးသန်း အင်တာနက် ၀က်ဆိုက်တွင် ဖော်ပြထားသည်။

မော့တောင် နယ်စပ်ကုန်သွယ်ရေး စခန်း ဖွင့်လှစ်နိုင်ရေးအတွက် တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ ဌာနဆိုင်ရာများသည် ဖေဖော်ဝါရီလ (၁၉) (၂၀) ရက်နေ့များတွင် မော့တောင်ဒေသသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။


0 comments: