Thursday, February 14, 2013

ကင်းမွန်မီးထွန်း စက်လှေ တစ်စီး မီးလောင်မှု ဖြစ်ပွား


မြိတ်မြို့ မြိတ်တောင်ကျေးရွာ အင်းလေးမြိုင် စက်မှုဇုန်ရှိ မင်းဇာနည် ရေလုပ်ငန်း ကုမ္ပဏီ ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသော မြိတ်မြို့ ရေပုန်းရပ်နေ ဦးအောင်မြင့်+ ဒေါ်အေးမူ ပိုင်ဆိုင်သည့်  မေမိုးသူ အမည်ရှိ ကင်းမွန်မီးထွန်းလှေ တစ်စီး မီးလောင်မှု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ (၅း၁၅) မိနစ် အချိန်တွင် ဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ လှေစက်ခန်းအတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မြိတ်မြို့ပေါ်ရှိ မြို့နယ် မီးသတ် မီးသတ်ယာဉ်များ နှင့် မြိတ်တောင်ရပ်ကွက်၊ အလယ်ကျွန်းရပ်ကွက်၊ ထားဝယ်စု ရပ်ကွက်၊ ဆိပ်ငယ် ရပ်ကွက်၊ ကလွင်ကျေးရွာတို့မှ မီးသတ်ယာဉ်များ၊ (၁၁) စီးနှင့် ရေသယ်ယာဉ် (၂) စီး တို့ ငြိမ်းသတ်မှုကြောင့် ည (၈)နာရီ (၁၀) မိနစ် အချိန် မီးငြိမ်းသတ် နိုင်ခဲ့သည်။

မီးက စက်လှေ စက်ခန်းထဲက နေပြီးလောင်ကျွမ်းတာပါ၊ မီးလောင်ကျွမ်းတဲ့ အကြောင်းရင်းတော့ မသိရှိသေးပါဘူး၊ လှေနံရံတွေမှာ မြှုပ်ထားတဲ့ ဖော့ပြားတွေ  ကူးစက် လောင်ကျွမ်းတဲ့အတွက် မီးတောက် မမြင်ရဘဲ မီးခိုးလုံးပဲ တက်နေတာ  ၊ အချိန်အကြာကြီး ငြိမ်းသတ်လိုက်ရတယ်။ ဟု ကိုယ်တိုင် မီးငြိမ်းသတ်ခဲ့သူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ 

အဆိုပါ မီးငြိမ်းသတ်ရာတွင် မြိတ်တောင်နယ်မြေ မီးသတ်ယာဉ်မှ တပ်ဖွဲ့ဝင်တစ်ဦးမှာ ထိခိုက် ဒဏ်ရာ ရရှိပြီး မြိတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။ 


0 comments: