Monday, March 4, 2013

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအနက် အဆင်းရဲဆုံးဖြစ်သည့် ကျွန်းစုမြို့နယ်အား ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၈၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရ

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအနက် အဆင်းရဲဆုံးဖြစ်သည့် ကျွန်းစုမြို့နယ်အား ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၈၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျွန်းစုမြို့နယ်နှင့် ကျေးရွာ များတွင် လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရန် အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းပေါင်း ၈၀၀ ကျော်ရှိသော မြိတ်ကျွန်းစုနှင့် ကျွန်းပေါင်း ၃၅၀ ကျော်နှင့် ဖွဲ့စည်းထားသော ကျွန်းစုမြို့နယ် အတွင်းရှိ ကျွန်းများပေါ်တွင် နေထိုင်သော ဒေသခံပြည်သူ များမှာ လမ်းပန်းဆက်သွယ်ရေး အားနည်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းများရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အား အဆင်းရဲဆုံး အဖြစ် ရွေးချယ် သတ်မှတ်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်တွင်နေ့တွင် ကျင်းပခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး လူထုအခြေပြု ဖွံ့ဖြိုးမှု စီမံကိန်းဆောင်ရွက်မည့် မြို့နယ်ရွေးချယ် အကြံပေးခြင်း အခမ်းအနားတွင် ရွေးချယ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

"ကျွန်းစုမြို့နယ်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းထဲမှာ (NGO) တွေ၊ (CSO) တွေ မရောက်တဲ့နေရာတွေ အများကြီးရှိပါတယ်။ ရောက်တယ်ဆိုတာကလည်း အဆင်ပြေတဲ့နေရာတွေလောက်သာ ရောက်ပါတယ်။ အဲဒါကိုလည်း ကြည့်ပါတယ် ပြီးတော့ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှု အပိုင်းတွေ၊ ဆက်သွယ်ရေး အပိုင်းတွေ၊ အသက်မွေးဝမ်းကျောင်း ပြုလုပ်ရတဲ့ အနေထားတွေ ဒါတွေကိုကြည့်ပြီး ရွေးချယ်ပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ ပညာရှင်တွေ၊ တာဝန်ရှိသူတွေ၊ ကိုယ်စားလှယ်တွေ အများစုက သုံးသပ်ပြီးမှ ကျွန်းစုမြို့နယ်ကို ရွေးချယ်ခဲ့ပါတယ်၊ အခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးတွေတောင် ဒီရွေးချယ်မှုမှာ သူတို့လွှမ်းမိုးမှု ပါမှာ စိုးလို့ ရွေးချယ်မှုပြုလုပ်တဲ့ အချိန်မှာ ရှောင်ပေးသွားပါတယ်။ အဆင်းရဲဆုံးမြို့နယ်အဖြစ် ကျွန်းစုမြို့နယ်ကို ရွေးချယ်လိုက်တဲ့အတွက် ကမ္ဘာဘဏ် ကနေ ထောက်ပံ့မှုပေးမယ့် အမေရိကန်ဒေါ်လာ သန်း ၈၀ ကို ဒေသဖွံ့ဖြိုးရေးတွေမှာ တစ်ကယ် အသုံးပြု၊ မပြု ဒီအခမ်းအနားကို တက်ရောက်လာတဲ့ သူတွေရော၊ ဒေသခံတွေပါ စောင့်ကြည့်ဖို့ တာဝန်ပေးခြင်း ခံရမှာပါ" လို့ အခမ်းအနား တက်ရောက်ခဲ့သူ မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသား ဦးအောင်နိုင်ဦးမှ ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် (CDD Project) ဒါရိုက်တာ ဦးခန့်ဇ်ာတို့မှ တက်ရောက် ခဲ့ကာ ပညာရှင်များ၊ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။ CDD Project (ဒေသတွင်း လူထုဖွံ့ဖြိုးမှု စီမံကိန်း) မှ တဆင့် ဒေါ်လာသန်း ၈၀ အား ပြည်သူများအတွက် သုံးစွဲရန် ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းကို ဧပြီလ အကုန် မေလလောက်မှာ စတင်အကောင်ထည်ဖော်မယ်လို့ ပြောတယ် အဲဒီလို အကောင်အထည်ဖော်ရာမှာ တစ်ကယ့်ကို ပြည်သူလူထုအတွက် သုံးစွဲမှု ရှိသလား၊ ဒါမှမဟုတ် ကြန့်ကြာမှုတွေ ရှိနေသလား၊ ရတဲ့ဒေသက ရပြီး မရတဲ့ဒေသတွေ ရှိနေသလား၊ ထောက်ပံ့မှုပေးထားတဲ့ ကိန်းဂဏန်း အတိုင်း ပြည်သူတွေ ခံစားရရဲ့လား၊ ဒေသဖွံ့ဖြိုးမှုတွေ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ စတဲ့အချက်တွေကို သွားရောက် စစ်ဆေးမှာဖြစ်သလို ဒေသခံတွေ၊ နယ်ပယ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးနှင့် ပါတီတွေ ကလည်း အချက်အလက်တွေနှင့် မှတ်တမ်း တင်ထားမှာ ဖြစ်ပါတယ်။ စီမံကိန်းကို အကောင် အထည်ဖော်တဲ့ အဖွဲ့ကလည်း မကြာခဏဆိုသလို အဲဒီဒေသတွေအထိ သွားရောက်ပြီး လုပ်ငန်းဆောင် ရွက်နေမှုတွေ၊ ဆောင်ရွက်ပြီးခဲ့တာတွေကို မီဒီယာတွေ ကနေတဆင့် ပြည်သူတွေသိအောင် ထုတ်ပြန်ပေးသွားမယ်" လို့ ဦးအောင်နိုင်ဦးမှ ပြောကြားခဲ့သည်။

အဆိုပါ အစီစဉ်အား မြန်မာ တစ်နိုင်ငံလုံးတွင် ဆောင် ရွက်ခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး အပြင် ချင်းပြည်နယ် လည်း ပါဝင်ကြောင်း သိရသည်။

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအား မြင်တွေ့ရစဉ်
( http://www.news-eleven.com/ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

0 comments: