Tuesday, December 11, 2007

တံငါအိမ်ခြေ (၂၀)မှသည် ကမ်းရိုးတန်းတိုင်း မြို့တော်ဆီသို့ (၁)

တံငါအိမ်ခြေ (၂၀)မှသည် ကမ်းရိုးတန်းတိုင်း မြို့တော်ဆီသို့ (၁)
( စာရေးသူ = ဘိတ်သား )

ကမ်းရိုးတန်းတိုင်းမြို့တော်

၂၀၀ရ ခုနှစ်၊ မေလအတွင်း၌ ဖြစ်သည်။ မြိတ်မြို့ ပုလဲရတနာခန်းမအတွင်း၌ အခမ်းအနား တစ်ခု ကျင်းပနေသည်။ ၂၀၀၇-၂၀၀၈ ရေထွက်ပစ္စည်း ပို့ကုန် တိုးမြှင့်ရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားနှင့် တနင်္သာရီတိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မြန်မာနိုင်ငံရှိ ရေလုပ်ငန်းတာဝန်ရှိ လူကြီးများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ တာဝန်ရှိသူများ၊ ပြည်ပပို့ကုန်နှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။ ထိုအခမ်းအနားတွင် သတင်းယူရန် တက်ရောက်နေခဲ့ပြီး ဤကဲ့သို့ ရေလုပ်ငန်း အထင်ကရ မြို့ကြီး၏ ဖြစ်တည် ခဲ့မှုကို စဉ်းစားမိသည်။ ထိုအခမ်းအနား၌ တာဝန်ပေးအပ်လိုက်သည်က ယခုနှစ်အတွက် ရေထွက် ပစ္စည်း ပြည်ပပို့ကုန်မှ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ရရှိရေးပင်။

မိုးမျှော်အဆောက်အအုံများ အစီအရီထိုးထွက်လာနေသော မြိတ်ကမ်းခြေ တစ်လျှောက်မှာတော့ ပင်လယ်ပြင် ငါးဖမ်းလှေများ ဥဒဟို ၀င်ထွက်သွားလာနေကြပြီး ရေလုပ်ငန်းကုမ္ပဏီများ၊ ငါးမှုန့်စက်ရုံများမှ မီးခိုး တစ်လူလူနှင့် စီးပွားရေး မြို့တော်ကြီးမှန်း အဝေးမှပင် သိသာနိုင်ပေသည်။ ကမ်းရိုးတန်းတိုင်းမြို့တော်မှာ ရေလုပ်ငန်း အဓိကဖြင့် ကျောရိုးတည်ဆောက်ထားပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာလည်း မသေးလှ။ အရှိန်အဟုန်ဖြင့် ထိုးထွက်လာမည့် ခရီးသွား လုပ်ငန်းမှာလည်း အားယူနေပြီ။

ကမ်းရိုးတန်းတိုင်း၏ လက်ရှိ လူဦးရေမှာ ၀.၉ သန်းမှ ၁.၄ သန်းဝန်းကျင်ရှိသည်။ ခရိုင်စတုရန်း အကျယ်က ၁၁၃၂၈ ဒသမ ၄၆၇ မိုင်ရှိပြီး အီကွေတာနှင့် ၁၂ ဒီဂရီအကွာမှာ ရှိသည်။ သန်းချီရှိသော လူဦးရေ၊ သန်းရာထောင်ချီရှိသော ဒေါ်လာများကို ရှာဖွေပေးနေသော ကမ်းရိုးတန်းဒေသ တိုင်းမြို့တော်မှာ တကယ်တော့ တံငါအိမ်ခြေ ၂၀ သာရှိသော ရွာသာသာဘ၀မှ တက်လှမ်းလာခဲ့ကြသည် ဆိုသော် ယုံကြမလားပင်။ မြောက်လတ္တီတွဒ် (၁၂ဒီဂရီ ၁၆မိနစ်)၊ အရှေ့လောင်ဂျီတွဒ် (၉၈ဒီဂရီ၃၆မိနစ်)တွင် ရှိသော ကမ်းရိုးတန်းတိုင်း မြို့တော်သည် အရှိန်အဟုန်ဖြင့် ကြိုးစား ရုန်းကန်လာခဲ့ရာ ယခုမျက်မှောက်၌ စီးပွားရေး မြို့တော်ကြီးအဖြစ် ဂုဏ်သိက္ခာ ရှိစွာဖြင့် ရပ်တည်နိုင်ခဲ့ပေသည်။

မြိတ်သမိုင်း နောက်ခံအဖွင့်

ယိုးဒယား(ထိုင်း)နှင့် နယ်ချင်းဆက်စပ်နေသောကြောင့် မြိတ်မြို့မှာ မြန်မာဘုရင်နှင့် ယိုးဒယား ဘုရင် တို့၏ လက်အောက်သို့ အပြန်အလှန်ကြရောက်ခဲ့ပြီး မြိတ်ဒေသမှာလည်း စစ်တလင်း ဖြစ်ခဲ့ရသည်။ မြိတ်ရာဇ၀င်ကို ရေးသားပြုစုခဲ့သူ ဆရာကြီး ဦးကြီးစိန်က မြိတ်ရာဇ၀င်ကို ပြုစုရသည်မှာ အလွန်ခဲယဉ်းသည်ဟု ဆိုသည်။ အေဒီ ၇၂၃ ခုနှစ်၌ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျမိုင်း၊ ယခုအခေါ် ဇင်းမယ် (ချင်းမိုင်) မင်းဆက်မှာ တနင်္သာရီတိုင်း အထိ တန်ခိုးထွားခဲ့ပြီး ၄င်းကျမိုင်းအနွယ်ဝင်က ရမ္မာဝတီ (ပျော်ဖွယ်ရာပေါသောမြို့)ကို အေဒီ ၇၅၅၌ ကော့ဘိန်းအရပ်၌ တည်ခဲ့သည်ဟု သိရသည်။ မြို့သက်တမ်း (၂၈)နှစ်ကြာလျှင် ကြက္ကလင်းမြို့ (ကံမော်)ကို ပြောင်းခဲ့၍ မြို့သက်တမ်း ၁၁၈ နှစ်ရှိခဲ့သည်။ ထို့နောက် အေဒီ ၉၀၁ ခုနှစ်၌ ထောင့်ကွာ (မြို့သက်တမ်း ၂၂၀) သို့ ရွှေ့ခဲ့သည်။ ထိုအချိန်များမှာ အလောင်းစည်သူမင်းကြီး စိုးစံအုပ်ချုပ်နေသည့် (၁၁၁၂-၁၁၆၇) ကာလများအတွင်း ရှိနေပြီး အေဒီ ၁၁၅၂ ခုနှစ်က အောင်သာဝရမြို့ကို စိုးစံခဲ့သည့် ပရမရစာ မင်းလက်ထက်တွင် ကျမိုင်း (ချင်းမိုင်)မင်းဆက် သုဉ်းသွားခဲ့သည်ဟု သိရသည်။ ပုဂံ၌ နရပတိစည်သူမင်း (၁၁၇၃ - ၁၂၁၀) စိုးစံဆဲ အဆိုပါ အဖြစ်အပျက်မှာ အေဒီ ၁၂၇၆ တွင် အောင်သာဝရမင်း (ဧကဒယ်ရာဇာ)က ခရင်းသေ အရပ်တွင် တနင်္သာရီမြို့ကို တည်ခဲ့သည်။ တနင်္သာရီမြို့၌ မြို့ရံ (၁၄)မြို့ ရှိခဲ့၍ သမုဒ္ဒရာကင်းမြို့ အဖြစ် သန်ထုပ်( သန္တုတ် - ယခု တောနောက်လယ်ကျေးရွာ)မြို့ကို အေဒီ ၁၂၇၇ တွင် စတင် တည်ဆောက် ခဲ့သည်။ အေဒီ ၁၂၇၆ မှ ၁၇၃၁ အထိ နှစ်ပေါင်း ၄၅၄ သည် တနင်္သာရီ ခေတ်ဖြစ်ပြီး မာရိတ်(မြိတ်)၏ ဖြစ်စဉ် မှာတော့ မှေးမှိန်သွားခဲ့ပါသည်။ မာရိတ်မှာ ပရမရစာ မင်းသားငယ်၏ မြင်းခယ်တိုင် (မြင်းချည်တိုင်) အစွဲပြု၍ မာရိတ်ကျွန်းဟု ခေါ်သည်။ မာ = မြင်း ၊ ရိတ် = ခယ်တိုင်၊ မြင်းခယ်တိုင် (မြင်းချည်တိုင်) ဟု အဓိပ္ပါယ်ရသည်။ ရှမ်းအခေါ် (ယိုးဒယား ) စကား ဖြစ်သည်။ ကာလရွေ့လျောလာသဖြင့် မာရိတ်ကို မြန်မာအခေါ် မြိတ်မြို့ဟု ခေါ်တွင် ကြသည်။

မြိတ်မြို့ တည်ခြင်း အကြောင်း

အေဒီ ၁၅၃၁ ၌ ဆင်တစ်သန်းရှင် (ယခု - လာအိုနိုင်ငံ၏ မြို့တော် ဗီယက်ချန်း) ၏ သားတော် ဗြိရာမသွန်တိဿ မင်းသားက တနင်္သာရီမြို့ကို သိမ်း၍ နှစ် ၂၀၀ ကြာသော် သန်းထုပ် (သန္တုတ်) မြို့ဆိပ်ကမ်းမှာ ရေတိမ်လာ၍ အေဒီ ၁၇၃၁ တွင် ခယ်တောင်ခြေ ( ယခု သိမ်တော်ကြီး တောင်ခြေ)သို့ ပြောင်းရွေ့ပြီး မာရိတ်မြို့ကို တည်ခဲ့သည်။ ရှေးကတည်းက ခယ်တောင်ခြေရင်း၌ တံငါလုပ်ကိုင် နေထိုင် ကြသော အိမ်ခြေ ၂၀ ခန့်သာ ရှိခဲ့သည်။ တနင်္သာရီမြို့ကြီးကား ဆိပ်ကမ်းကင်းမြို့သာ ဖြစ်လာခဲ့ပြီး မြိတ်မြို့တွင် သင်္ဘောဆိပ်မြို့တည်ရန် ဒေသအသီးသီးမှ လူများခေါ်၍ နေရာချထားခဲ့ကာ မြစ်မရပ်၊ မြစ်ငယ်ရပ်၊ ထားဝယ်စု၊ တလိုင်းစု၊ ဈေးတန်း၊ ဈေးခေါင်း၊ ကန်ဖျား၊ ကန်ခေါင်း၊ ကန်ကြီး၊ အလယ်ကျွန်း၊ နောက်လယ်၊ သံဖို(သန်းဖို)၊ လှည်းထိန်စု၊ ဆိပ်ငယ်၊ စတိန်ရပ်(ဆိပ်ငယ်) စသည်ဖြင့် အစွဲပြု ဖြစ်လာခဲ့ ကြသည်။ မြိတ်ဒေသမှာ မြန်မာဘုရင်နှင့် ယိုးဒယား ဘုရင်တို့၏ အကြိမ်ကြိမ် အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ တပင်ရွှေထီး၊ ဘုရင့်နောင်မင်းတို့က ပြန်သိမ်းယူရသည်။ အေဒီ ၁၇၅၉ တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ပြန်သိမ်းမှ မြန်မာနိုင်ငံအတွင်း ရောက်ရှိခဲ့သည်။ ( ဆက်လက် ဖော်ပြပါမည်။ )
(၁၂-၁၂-၂၀၀၇)ရက်နေ့ထုတ် Weekly Eleven ဂျာနယ်နယ်တွင် ထည့်သွင်းဖော်ပြထားပါသည်။

0 comments: