Thursday, September 6, 2012

မြိတ်မြို့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကာကွယ်ရေးစီမံချက်

50MW

လျှပ်စစ်ဓါတ်အားပေးစက်ရုံ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
ကာကွယ်ရေးစီမံချက် 

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း လျှပ်စစ်စွမ်းအား အပြည့်အ၀သုံးစွဲနိုင်စေရန်နှင့် ဒေသတွင်း စက်မှုလုပ်ငန်းများ တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်သော ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအား အကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု မရှိစေရန်နှင့် သက်ရောက်မှုရှိပါက အနည်းဆုံးဖြစ်စေရန် အောက်ပါအတိုင်း အဆင့်(6)ဆင့်ဖြင့် စီမံဆောင်ရွက် ထားရှိပါသည်။

    (က)    ခေတ်မီကျောက်မီးသွေးပြားဖမ်းစက် တပ်ဆင်အသုံးပြုခြင်း၊    ကျောက်မီးသွေးလောင်စာအား မီးလောင်ကျွမ်းစေရာတွင် (90%)ခန့် လောင်ကျွမ်းပြီး (10%)ခန့်မှာ မီးမလောင်ဘဲကျန်ရှိ မည်ဖြစ်ပါသည်။ ၄င်း(10%)အနက်မှ Ash (2.5%) ခန့်မှာ ဘွိုင်လာ အောက်ခြေမှ ချော်အဖြစ် ထွက်ရှိလာပြီး ၄င်းကို စနစ်တကျစုဆောင်းသယ်ယူ၍ ဒေသတွင်း လမ်းခင်းခြင်း၊ ကွန်ကရစ်တုံး ပြုလုပ်ခြင်း တို့တွင် အသုံးပြုသွားပါမည်။ ကျန်ရှိသော မီးမလောင်သည့် Ash (7.5%)မှာ ကျောက်မီးသွေးပြာ (Fly Ash) အဖြစ် ဘွိုင်လာမီးထိုးခန်းမှ ထွက်ရှိလာမည်ဖြစ်ရာ ၄င်း ကျောက်မီးသွေးပြာများအား Electro Static Precipitator မှ ဆွဲယူထားမည်ဖြစ်ပါသည်။ မီးခိုးနှင့်အတူ ပါရှိလာမည့် ဖုန်၊ သဲနှင့် ပြာများ၏ (99.4%) ကို E.S.P က ဆွဲယူနိုင်မည် ဖြစ်သဖြင့် လေထုအတွင်းသို့ (0.6%) မျှသာ ရောက်ရှိမည်ဖြစ်ပါသည်။ ထွက်ရှိလာမည့် Smoke and Dust ပမာဏမှာ 50mg/ Nm3 နှင့် SO2 ပမာဏမှာ 400mg/Nm3 သာဖြစ်သဖြင့် နိုင်ငံတကာစံနှုန်းဖြစ်သည့် Smoke and Dust ပမာဏ 200mg/ Nm3နှင့် SO2 ပမဏ 2100mg/Nm3 အတွင်းရှိရမည် ဖြစ်ပါသည်။
          (ခ)     ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) အထွက်နည်းစေရန် စီမံထားခြင်း။  ပုံမှန်အားဖြင့်  ကျောက်မီးသွေးတွင် ကန့်(Sulphar) 0.9% ခန့်ပါရှိသော်လည်း မိမိတို့ စက်ရုံတွင် အသုံးပြုမည့် ကျောက်မီးသွေး နမူနာအား ဓါတ်ခွဲစမ်းသပ်ရာ ကန့် (Sulphar) 0.6% ပါရှိသဖြင့် အသုံးပြုရန် အထူးသင့်လျော်ပါသည်။ ကျောက်မီးသွေးအား ထုံးကျောက် (CaCo3)နှင့် အချိုးကျရောစပ်၍ ဘွိုင်လာမီးလောင်ခန်းအတွင်း မီးရှို့စေပြီး Calcium Sulphate (CaSO4)အဖြစ် ဘွိုင်လာ အောက်ခြေမှ ထွက်ရှိစေပါမည်။ ၄င်း Calcium Sulphate (CaSO4)များအား ချော်များနှင့် အတူ စနစ်တကျ စုဆောင်းသယ်ယူ၍ ဒေသအတွက် အကျိုးရှိမည့် နေရာများတွင် အသုံးပြုသွားပါမည်။
          (ဂ)     စံချိန်မီ မီးခိုးခေါင်းတိုင် တပ်ဆင်ထားခြင်း။     ဘွိုင်လာမှ ထွက်ရှိလာမည့် Flue Gas များကို E.S.P သို့ ဖြတ်သန်းစေပြီးနောက် မီးခိုးခေါင်းတိုင်မှ တဆင့် စွန့်ထုတ်ပါမည်။ ထိုသို့ စွန့်ထုတ်ရန်အတွက် အရွယ်ပမာဏ အရလည်းကောင်း၊ အမြင့်ပေအရလည်းကောင်း လုံလောက်သည့် စံချိန်မီ မီးခိုးခေါင်းတိုင်ကို အသုံးပြုသွားမည် ဖြစ်ပါသည်။
          (ဃ)    စိုက်ခင်းများ ထူထောင်ပေးခြင်း။       စက်ရုံမှ ထွက်လာမည့် မီးခိုးများကြောင့် လေထု ညစ်ညမ်းမှု (Air Polution) မဖြစ်စေရန်အတွက် စက်ရုံပတ်ဝန်းကျင် တွင်လည်းကောင်း၊ မြိတ်မြို့နှင့် စက်ရုံအကြား၌ လည်းကောင်း၊ မြိတ်ခရိုင်အတွင်း အခြားသင့်လျော်သည့် နေရာများ၌ လည်းကောင်း ဆီအုန်း၊ ရာဘာနှင့် အခြားစိုက်ခင်းများ စိုက်ပျိုးထူထောင် ပေးသွားမည် ဖြစ်ပါသည်။


 (င) သဘာဝပတ်ဝန်းကျင်နျင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး စူးစမ်းလေ့လာမှုများ ပြုလုပ်ရန် စီမံဆောင်ရွက်ခြင်း (Environmental Impact Assessment- EIA & Social Impact Assessment- SIA) ။     မြိတ်မြို့တွင် တည်ဆောက်မည့် စက်တပ်ဆင် အင်အား(50)မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ရှိခြင်းကြောင့် ဒေသအတွင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေရေး လေ့လာ စူးစမ်းမှုများ ပြုလုပ်ပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်သွားပါမည်။
                   (၁)    သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ စူးစမ်းလေ့လာခြင်း (Environmental Impact Assessment- EIA) ကို အောက်ပါအတိုင်း ဆောင်ရွက်ရန် စီမံထားပြီးဖြစ်ပါသည်-
                            (ကက)  ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သုတေသန တက္ကသိုလ်ဖြစ်သာ ရန်ကုန် တက္ကသိုလ်နှင့် မိမိတို့ ကုမ္ပဏီအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ရန်ကုန်တက္ကသိုလ်မှ ပညာရှင်များ၊ ပါရဂူဘွဲ့ ကျမ်းပြုသူများနှင့် ပူးပေါင်းကာ ဒေသရင်း ငှက်မျိုးစိတ်များ၊ နို့တိုက်သတ္တ၀ါ မျိုးစိတ်များနှင့် တွားသွား သတ္တ၀ါမျိုးစိတ်များကို သုတေသနပြုပြီး ၄င်းတို့အပေါ် အကျိုးသက်ရောက်မှု ရှိ/မရှိ လေ့လာပါမည်။ ဆိုးကျိုး သက်ရောက်မှု ရှိနိုင်ပါက ကြိုတင်ကာကွယ် ရှောင်လွဲနိုင်မည့် နည်းလမ်းများ ရှာဖွေကာ ပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် သွားပါမည်။
                  (ခခ)   ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ၊ မြိတ်တက္ကသိုလ် သတ္တဗေဒဌာနနှင့် မော်လမြိုင် တက္ကသိုလ် အဏ္ဏ၀ါ သိပ္ပံဌာနမှ ပညာရှင်ပါရဂူဘွဲ့ ကျမ်းပြုသူများ ပူးပေါင်းအဖွဲ့ဖြင့် မြိတ်မြို့ဒေသရှိ ကပ္ပလီပင်လယ် ကမ်းရိုးတန်းမှ ဒေသမျိုးရင်း ရေသတ္တ၀ါများအား သုတေသနပြုပြီး ၄င်းတို့အပေါ် ဆိုးကျိုးသက်ရောက်မှု ရှိ/မရှိ လေ့လာပါမည်။ ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါက ကြိုတင်ကာကွယ် နိုင်မည့် နည်းလမ်းများ ရှာဖွေကာ ပညာရှင်များ၏ အကြံပြုချက်နျင့် အညီ လိုအပ်သလို ဆောင်ရွက်သွားပါမည်။
                            (ဂဂ)     ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနမှ သဘာဝ ပတ်ဝန်းကျင် လေ့လာရေး ပညာရှင်များ၊ မဟာ သုဆေသန် ကျမ်းပြုသူများနှင့် ပူးပေါင်းကာ မြိတ်မြို့ ဒေသတွင် ရေထု ညစ်ညမ်းမှု (Water Polution) လေထု ညစ်ညမ်းမှု (Air Polution) အပါအ၀င် သဘာဝပတ်ဝန်းကျင် လေ့လာမှုများကို စနစ်တကျ စီမံဆောင်ရွက်ပြီး စက်ရုံတည်ရှိခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ စူးစမ်းလေ့လာကာ ဆိုးကျိုး သက်ရောက်မှု မရှိစေရေးနှင့် မလွှဲမရှောင်နိုင်၍ ရှိလာပါကလည်း အနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက် သွားပါမည်။
                             (၂)    လူမှုပတ်ဝန်းကျင်အား ထိခိုက်မှု ရှိ/ မရှိ စူးစမ်းလေ့လာခြင်း Social Impact Assessment- SIA) ကို အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
                                     (ကက)  စက်ရုံတည်ဆောင်လည်ပတ်မှုကြောင့် ရရှိနိုင်မည့် လူမှုအကျိုး စီးပွားများကို လေ့လာသွားပါမည်။ ထိုသို့ စူးစမ်းလေ့လာရာ၍ (၁) ဒေသတွင်း လျှပ်စစ် စွမ်းအင်း ရရှိစေခြင်း၊ (၂) ဒေသခံများ အလုပ်အကိုင် ရရှိစေခြင်း၊ (၃) နိုင်ငံတော် အတွက် အခွန်အခ ရရှိစေခြင်း၊ (၄) ဒေသတွင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေး အကျိုးအမြတ် ရရှိစေခြင်း တို့ကို လေ့လာစူးစမ်း မှတ်တမ်းပြုသွားပါမည်။
                                         (ခခ)     စက်ရုံလည်ပတ်မောင်းနှင်မှုကြောင့် ဖြစ်ပွားလာသော လူမှုပတ်ဝန်းကျင် အတွက် ဆိုးကျိုးများကိုလည်း လေ့လာသွားပါမည်။ ထိုသို့ လေ့လာရာ၍  (၁) လေထုညစ်ညမ်းမှု (Air Pollution) ကြောင့် ကျန်းမာရေး ထိခိုက်နိုင်မှုများ၊ (၂) ရေထုညစ်ညမ်းမှု (Water Pollution) ကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ (၃) စက်ရုံမှ ထွက်ရှိပေါ်လာမည့် စက်လည်ပတ်သံကြောင့် ပတ်ဝန်းကျင်ရှိ လူနှင့် တိရိစ္ဆာန်များအပေါ် အကျိုး သက်ရောက်နိုင်မှု ရှိ/ မရှိ စသည်တို့ကို လေ့လာပြီး လိုအပ်သည့် ကာကွယ်မှုများအား စနစ်တကျ စီမံ ဆောင်ရွက် သွားပါမည်။
                             (စ)     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း။     မိမိတို့စက်ရုံ အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် အတွက် ခေတ်မီ ကျောက်မီးသွေးပြာ ဖမ်းစက် တပ်ဆင် အသုံးပြုခြင်း၊ ဆာလဖိုင်ဒိုင်အောက်ဆိုဒ် (SO2)အထွက် နည်းစေရန် စီမံထားခြင်း၊ စံချိန်မီ မီးခိုးခေါင်းတိုင် တပ်ဆင်ထားရှိခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ပေးခြင်း၊ သိပ္ပံပညာရှင်များ ပါဝင်သော အဖွဲ့များဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ သုတေသနပြု လေ့လာ ဆန်းစစ်ခြင်းများ ပြုလုပ်ရန် စီမံ ထားရှိပါသည်။ ထို့အပြင် မြိတ်မြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်တွင် လူမှု ဖူလုံရေးနှင့် ကျန်းမာရေး စောက်ရှောက်မှု ရန်ပုံငွေ အတွက် ငွေစာရင်း ဖွင့်လှစ်ထားရှိပြီး နှစ်စဉ် အမြတ်ငွေ၏ (3%)ကို အပ်နှံထားရှိပါမည်။ ပတ်ဝန်းကျင် ထိခိုက် နစ်နာမှုများ ရှိပါက သင့်တင့်မျှတသော ပမာဏ အထိ လျော်ကြေး ပေးအပ်သွားမည် ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားရှိမှုများအား တာဝန်ရှိသူများ၏ လာရောက်စစ်ဆေး လမ်းညွှန်မှု များကို ခံယူသွားမည် ဖြစ်ပါသည်။

                  

0 comments: