Friday, August 28, 2015

မြိတ်မြို့ လုံခြုံရေး အတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးစဉ် စိတ်ကြွဆေးပြားများ ဖမ်းဆီမိ

မြိတ်မြို့ လုံခြုံရေး အတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးစဉ် စိတ်ကြွဆေးပြားများ ဖမ်းဆီမိ

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ည (၁၁)နာရီကျော်အချိန် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများသည် မြိတ်မြို့ပေါ် ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၌ လုံခြုံရေးအတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေပြီး မြို့ပေါ်၌ လှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့ လေယာဉ်ကွင်းလမ်း မြိတ်လေဆိပ် VIP ၀င်ပေါက်အနီးတွင် အမျိုးသား (၅)ဦးမှာ မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲနေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးပြီး သက်သေများနှင့် ရှာဖွေ စစ်ဆေးခဲ့သည်။



ထိုသို့ သက်သေများနှင့် အတူ ရှာဖွေ စစ်ဆေးချက်များအရ ရဲထွဋ်အောင် အသက် (၂၂)နှစ်၊ ရွှေပြည်သာလမ်း၊ ဇေယျာသီရိ (၂)ရပ်ကွက်၊ မိုးဦး (ခ) နောင်မဲ အသက် (၂၄)နှစ်၊ သီတာလမ်း ၊ ထားဝယ်ကမ်းရပ်၊ ရန်နိုင်ဝင်း (၂၆)နှစ်၊ ဦးပေါစိန်လမ်း၊ ဇေယျာသီရိ (၃)ရပ်၊ အောင်ကျော်မိုး (ခ) မိုးငယ် (၂၃)နှစ်၊ မွေးမြူရေးဇုန်၊ မြိတ်တောင် ကျေးရွာ၊ ၀င်းလွင် (၂၄)နှစ်၊ တောင်ပုရွာ၊ ကျွန်းစုမြို့နယ် နေသူတို့နှင့်အတူ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၁၈)ပြား၊ တန်ဖိုး (၉)သိန်း (၉)သောင်းနှင့် Huawei ဖုန်းတစ်လုံး၊ Samsung ဖုန်း (၂)လုံး၊ ZXET ဖုန်းတစ်လုံး စုစုပေါင်း တယ်လီဖုန်း (၄)လုံး (အားလုံး ဆင်းကဒ်ပါ)နှင့် TOYOTA တံဆိပ်ပါ Grande Mark II အမျိုးအစား အနက်ရောင် မော်တော်ယာဉ်တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ)၊ Click I အမျိုးအစား အနီရောင် ဆိုင်ကယ် တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ) ငွေစက္ကူရောရာ (၆)သောင်းတို့အား ရှာဖွေတွေ့ရှိခဲ့ပြီး သက်သေများ ရှေ့မှောက်၌ ဒုရဲအုပ် ရဲထွဋ်ကိုက ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထိုသို့ စိတ်ကြွဆေးပြားများအား သုံးစွဲရောင်းချဖြန့်ဖြူးရန် လက်ဝယ်ထားရှိ၍ ပူးပေါင်းဆောင်ရွက်သူ (၅) ဦးအား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ် ရဲထွဋ်ကိုက တရားလို ပြုလုပ်တိုင်ကြားသဖြင့် မြိတ်မြို့ မြို့မ ရဲတပ်ဖွဲ့ စခန်းမှ မယ(ပ) ၇၁/ ၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

0 comments: