Monday, February 9, 2015

အမျိုးသားပညာရေး ဥပဒေအား ပြင်ဆင်ရန် မြိတ် တက္ကသိုလ်များ သမဂ္ဂ ဆန္ဒဖော်ထုတ်



အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် ဆန္ဒဖော်ထုတ်ပွဲအား မြိတ်မြို့၌ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက် နံနက် (၈)နာရီအချိန်မှ စတင်ပြီး မြိတ် တက္ကသိုလ်များ သမဂ္ဂ မှ ဦးဆောင်ကာ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်လျက် ရှိသည်။ 

အဆိုပါ အဖွဲ့သည် ပထမ ဦးစွာ အင်အား (၃၀) ဦးခန့်ဖြင့် မြိတ်မြို့ ကန်ခေါင်းရပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်တွင် လူစုကာ ဗိုလ်ချုပ်ကြေးရုပ်အား အလေးပြုပြီးနောက် ကန်ဖျားလမ်းမကြီးအတိုင်း စီတန်း လှည့်လည်ကာ ပိတောက်ပင်လမ်းဆုံ မှတဆင့် ဗန္ဓုလလမ်းအတိုင်း မြိတ်တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။ 


ထိုနောက် မြိတ်တက္ကသိုလ်ဝင်း အတွင်း ၀င်ရောက်ပြီး အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်သည့် ကိစ္စများ ဟောပြောခဲ့ပြီးနောက် နံနက် (၁၀)နာရီ ၂၀ မိနစ် အချိန်ခန့်တွင် မြိတ်တက္ကသိုလ်မှ ပြန်လည် ထွက်ခွာလာရာ တက္ကသိုလ်ကျောင်းသား ၂၀ ဦးခန့် ထပ်မံ ပူးပေါင်း ပါဝင်လာခဲ့သည်။ ထိုသို တက္ကသိုလ်မှ ပြန်အထွက်တွင် လမ်းလျှောက် ပူးပေါင်းပါဝင်မှုများကြောင့် အင်အား (၂၀၀) ခန့် များပြား လာခဲ့သည်။ 

ထိုနောက် မြိတ်ဆေးရုံရှေ့မှ တပ်ပြင်ရပ် စပါးကျီလမ်း အတိုင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကာ အထက (၁)ကျောင်းရှေ့လမ်း မှ တဆင့် မြစ်ငယ် အမက ကျောင်းလမ်းအတိုင်း ဆက်လက် ချီတက်ကာ ထားဝယ်စု မီးသတ်လမ်း၊ ဘုရားကြီးကျောင်းလမ်း၊ ကျောက်မီးသွေးလမ်းမှ တဆင့် ထားဝယ်စု ဂုဏ်ရုံလမ်း၊ မှတဆင့် ကန်ကြီး လမ်းဆုံရှိ လဘက်ရည်ဆိုင်တွင် နေလည်စာ စားသောက် ခေတ္တရပ်နားသည်။
ထိုနောက် ထားဝယ်စု ဂုဏ်ရုံလမ်းမှ တဆင့် ဆိပ်ငယ်ဈေးကြီးအရှေ့ ရောက်ရှိပြီး ဈေးအရှေ့တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ဟောပြောသည်။၊ ထိုနောက် တလိုင်းစု ဗိုလ်ချုပ်လမ်း၊ တလိုင်းစု ရပ်ကွက်မှ တဆင့် ဈေးတန်းရပ်ကွက် ဈေးခေါင်းလမ်း၊ တဆင့် စုရပ်နေရာ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အနီး မန္တလေး ဘုန်းတော်ကြီး ကျောင်းတိုက်၌ နေ့လည် (၁၃၃၀) အချိန် ခေတ္တရပ်နားလျက် ရှိသည်။ 

ဆန္ဒဖော်ထုတ်ပွဲ၌ တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ (မြိတ်ခရိုင်) အနေဖြင့် အချက် (၅)ချက် ပါဝင်သော သဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ပြီး ကျောင်းသား ပြည်သူကို အခြေမခံသော အမျိုးသား ပညာရေး ဥပဒေ (အလိုမရှိ) ၊ ဒီမိုကရေစီ ပညာရေး (ဒို့အရေး) ဟူသော ကြွေးကြော်သံဖြင့် လှည့်လည် ကြွေးကြော်ခဲ့သည်။

0 comments: