တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ် ပင်လယ်ပိုင်း ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်သည့် စီမံကိန်းနှင့် စီးပွားရေး ဦးသိန်းလွင် ၊ သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုး ၊ မြိတ်ခရိုင်နှင့် ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာများ နှင့် အတူ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပင်လယ်ပိုင်း ကျေးရွာဖြစ်သည့် ကဘင်ကျေးရွာအုပ်စု ရေကန်အော် ကျေးရွာသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်၍ ၄င်းကျေးရွာရှိ ဝေသန္တရာ ဓမ္မာရုံတွင် ကဘင်ကျေးရွာအုပ်စု၊ စခန်းသစ် ကျေးရွာအုပ်စု၊ ဘဒ္ဒနဲ ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ကျေးရွာ အထောက်အကူပြု အဖွဲ့အစည်းများ ၊ ကျေးရွာ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူလူထု အင်အား (၃၀၀)ကျော်နှင့် လည်းကောင်း၊ ညနေပိုင်းတွင် ပန်းဇင်ကျေးရွာအုပ်စု ပန်းဇင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ခန်းမ၌ ပန်းဇင်ကျေးရွာအုပ်စု၊ သဇင် ကျေးရွာအုပ်စု၊ သန္တုတ် ကျေးရွာ အုပ်စုတို့မှ ပြည်သူလူထု အင်အား (၃၀၀) ဦးခန့်ဖြင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် တိုင်းဒေသသကြီး ၀န်ကြီးချုပ်က တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ များ၊ ကျွန်းစုမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရအဖွဲ့က ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထိုနောက် တွေ့ဆုံပွဲ တက်ရောက်လာသည့် ကျေးရွာ အထောက်အကူပြု အဖွဲ့များနှင့် ပြည်သူများမှ တင်ပြလာသည့် စာသင်ကျောင်းများ ပြုပြင်ရေး၊ စာကြည့်တိုက်များ ဆောက်လုပ်ရေး၊ လမ်း တံတား များ ကောင်းမွန်ရေး၊ သောက်သုံးရေ ရရှိရေး၊ ဆိုလာမီးများ တပ်ဆင်ရေး ၊ လယ်ယာမြေ ကိစ္စများ၊ ရေလုပ်ငန်း ကိစ္စများ နှင့် ပတ်သက်၍ တိုင်းဒေသကြီး ၀န်ကြီးများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာ များမှ ပြန်လည် ရှင်းလင်းခဲ့ပြီး တင်ပြချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရက ဆောင် ရွက်ပေးနိုင်သည့် ကိစ္စကို ချက်ချင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် အထက် အဆင့်ဆင့်က ဆောင်ရွက်ပေး ရမည် လုပ်ငန်းများအား တင်ပြ ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း ဆွေးနွေး ခဲ့သည်။

0 comments:
Post a Comment