Tuesday, February 14, 2012

မြိတ် NLD ပါတီ အကွဲအပြဲများ

မကျေနပ်ချက်ကို ဆန္ဒပြသော NLD လူငယ်များ အရိုက်ခံရ

``မြိတ်မြို့ NLD ပါတီရုံးရှေ့တွင် မီးရှို့ဆန္ဒပြ´´ ဟူသော သတင်းကို မြိတ်ပုလဲမြေဘလောဂ် ၌ တွေ့ရ၍
အဖြစ်မှန်ကို စုံစမ်းကြည့်ရာ ၎င်းညက ဆန္ဒပြသူလူငယ်နှစ်ဦးနှင့် တွေ့၍ယခုလိုပြောပါသည်။ ``ဇန်န၀ါရီလ (23) ရက် ည(12း00) အချိန်မှာ ကျွန်တော်တို့(၄)ဦးသွားပြီး ဆန္ဒပြတောင်းဆိုခဲကြတယ်။ ရုံးပေါ်မှာ အိပ်နေတဲ့ လူကြီးတွေ ဖြစ်ကြတဲ့ တိုင်းဥက္ကဋ္ဌဦးလှမင်းနဲ့ တိုင်းအတွင်းရေးမှူးကိုအောင်စိုးတို့ကို အမှန်အတိုင်း သိစေချင် တာက အဓိကပေါ့ဗျာ .... ကျွန်တော်တို့ကအချက်လေးချက်ကို လူကြီးတွေသိအောင် တောင်းဆိုခဲ့ကြတယ်။

(၁) ပိုက်ဆံမရှိရင် နိုင်ငံရေးလုပ်မရတော့ဘူးလား

(၂) ကြံ့ဖွံ့အသွင်ပြောင်းလာတဲ့ (၄)ဦးကို ကျွန်တော်တို့ခေါင်းဆောင်တင်ရမှာလား

(၃) အဲဒါကို လူကြီးတွေသိရက်နဲ့ဘာကြောင့် မဖြေရှင်းရတာလဲ

(၄) နိုင်ငံရေးမှာ အမာခံဆိုတာ ပိုက်ဆံထည့်နိုင်မှလား - ဆိုပြီးကျွန်တော်တို့ အော်ဟစ်တောင်းဆိုကြတယ်။

အဲဒါကို ရုံးပေါ်မှာအိပ်နေတဲ့ ကိုအောင်စိုးကြားတယ်။ သူက တံခါးဖွင့်ပြီးတော့တောင် ကြည့်လိုက်သေး တယ်။ သူတို့ရေးသလို (၁၀) ယောက်တော့မဟုတ်ဘူး ကျွန်တော်တို့(၄)ယောက်ထဲပါ။ ဒေါ်စုပုံပါတဲ့ အင်္ကျီ - ခွပ်ဒေါင်းအင်္ကျီမီးရှို့တယ်ဆိုတာလည်း မဟုတ်ဘူးဗျ .. ခွပ်ဒေါင်းပုံအင်္ကျီကို ဆွဲချွတ်ပြီး လမ်းမပေါ်ပစ်ချလိုက် တာတော့မှန်တယ်။ ဒီခွပ်ဒေါင်းအင်္ကျီက ဗဟိုကထုတ်တဲ့အင်္ကျီမဟုတ်ဘူး .. သူတို့ အသစ်ဝင်လာတဲ့ လုပ်စား အုပ်စုက ထုတ်ထားတဲ့ အင်္ကျီဗျ ... အထည် (၂၀၀၀)တောင်ရိုက်ပြီး ရပ်ကွက်ထဲ တစ်ထည်သုံထောင်နဲ့ လျှောက်ရောင်းနေတာ လူတိုင်းသိတယ်။ ပြီးတော့ သူတို့ဘာသာသူတို့ထွင်ပြီး ထုတ်ထားတဲ့ ရင်ထိုးတံဆိပ် တွေကိုလည်း လျှောက်ရောင်းနေတယ် .. အဲဒါတွေကို မကြေနပ်တာလည်းပါတယ် ... ကျုပ်တို့တောင်းဆို နေတုန်း ကိုဖြိုးက အိမ်ထဲကထွက်လာပြီး အပြင်ထွက်သွားတယ် .. ပြီးတော့ သိပ်မကြာခင် လူတစ်ဆယ် လောက်ဆိုင်ကယ်နဲ့ ရောက်လာပြီး ကျွန်တော်တို့ကို ၀ိုင်းရိုက်ကြလို့ ကျွန်တော်တို့ဆိုင်ကယ်တွေကို ထားပစ် ခဲ့ပြီး ထွက်ပြေး လာခဲ့ရတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ကျွန်တော်တို့ NLD ထဲမှာ လုံးဝ မရှိခဲ့ပါဘူး .. ဒီလုပ်ရပ် ဟာကြံ့ဖွံ့နဲ့စွမ်းအားရှင်တို့ရဲ့လုပ်နေကြ လုပ်ရပ်တွေသာဖြစ်တယ် ... ကျွန်တော်တို့ NLD တွေက မကြေနပ် ရင် ရဲရဲဝံ့ဝံ့ပြောပြီး ဆန္ဒပြကြမှာပဲ .. တကယ့် NLD ရိုးမှန်ရင် ရင်ဆိုင်ဖြေရှင်းရဲရမှာပါ့ .. ခုလို ခိုးကြောင် ခိုးဝှက်လာရိုက်စရာ မလိုပါဘူး ... ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ NLD လူငယ်တစ်ဦးက ပြောပါသည်။

တနင်္ဂနွေသား

ကျွန်းစုမြို့နယ်လွတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်၍ ဦးစိုးလွင်နှင့်ဆက်သွယ်မေးမြန်းချက်

ကျွန်းစုမြို့နယ်လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီနဲ့ ပတ်သက်လို့သဘောထားအမြင်ကို မြိတ်မြို့နယ် NLD ဥက္ကဌဦးစိုးလွင်အား တယ်လီဖုန်းဆက်သွယ်မေးမြန်းကြည့်ရာ ဦးစိုးလွင်က ယခုလိုပြောပါသည်။

ဒေါ်တင်ရီနဲ့ပတ်သက်လို့ကတော့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်အနေနဲ့ ထင်မြင်ချက်မပေးလိုပါဘူး .. သူ လည်း နိုင်ငံရေး လုပ်လို့ ထောင်ထဲမှာ (၁၀)နှစ်နီးပါးဒုက္ခခံလာရတာပဲ .. ထောင်ထဲကထွက်လာပြီးတဲ့ နောက်ပိုင်း နိုင်ငံရေးနဲ့အဆက်ပြတ်သွားတာကတော့တစ်ပိုင်းပေါ့ဗျာ .. ဟုတ်ပါတယ် ဒေါ်တင်ရီကို လူငယ် တစ်စုက ဆန္ဒပြကြတယ် ဆိုတာ မှန်ပါတယ် .. ဒီအကြောင်းကိုအောင်စိုးက မဇ္ဈိမသတင်းဌာန ကိုရှင်းပြ ခဲ့ပြီးပြီပဲ .. ခင်ဗျားတို့ဖတ်ရသလားတော့မသိဘူး .. လွတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ထိုက်တန် သလား မထိုက်တန်ဘူးလား ဆိုတာကတော့ သူ့ကိုယ်သူအသိဆုံးဖြစ်ပါလိမ့်မယ် .. လွတ်တော်ထဲရောက်ရင် ပြည်သူတွေအတွက်သူဘယ်လောက်အထိပြောနိုင်သလဲဆိုတာကို ကြည့်ပြီးဆုံးဖြတ်ရမှာပေါ့ဗျာ .. သိပ်စိုး ရိမ်စရာတော့မရှိပါဘူး .. အခုကြားဖြတ်ရွေးကောက်ပွဲများပြည်သူတွေတစ်ကယ်တမ်းမဲပေးမှာက ဒေါ်စုနဲ့ NLD ပါတီပဲလေ .. ကျွန်တော်ကတော့ကြားဖြတ်ရွေးကောက်ပွဲခရိုင်တာဝန်ခံတစ်ယောက်အနေနဲ့ ဒေါ်စုနဲ့ ပါတီမျက်နှာကိုကြည့်ပြိး ကျွန်းစုမြို့နယ် NLD မဲအပြတ်သတ်နိုင်အောင် ကြိုးစားရမှာပေါ့ဗျာ .. ဒါကတော့ အပြောင်းအလဲကာလမှာ ဖြစ်တတ်တဲ့သဘောတရားတစ်ခုလို့ပြောရမှာပေါ့ဗျာ .. နှစ်အုပ်စုကွဲသွားတယ်လို့ တော့မဟုတ်သေးပါဘူး .. ပါတီအသစ်အတွက်ပြန်ပြီးမှတ်ပုံတင်တယ် .. ပါတီဟောင်းကိုဖျက်သိမ်းတယ် အဲဒီတော့ပါတီဟောင်းကလူတွေလည်း ဘာကောင်မှမဟုတ်တော့ဘူးလို့ အဲဒီစကားကိုဦးလှမင်းကယူလာ တယ် .. အဲဒီတော့ကျွန်တော်လည်းဘာမှမဟုတ်တော့ဘူး .. ပြောတဲ့သူလည်းဘာမှမဟုတ်တော့ဘူးပေါ့ဗျာ .. ခင်ဗျားခုနက ပြောတဲ့ဘုရားပြီးလို့ငြမ်းဖျက်တယ်ဆိုတာကိုတော့လက်ခံပါတယ်ဗျာ .. ကျွန်တော်တို့တစ်တွေလည်း NLD စတင်အုပ်မြစ်ချကတည်းက အောက်ဆုံးကလူတစ်ကာ အနင်းခံရတဲ့ငြမ်း ပဲပေါ့ဗျာ .. ဒါပေမယ့်အဲဒီအဆောက်အအုံကြိးကမပြီးသေးဘူး .. အဆောက်အအုံမပြီးသေးခင် ဂေါပကလုပ် ချင်သူတွေ၊ အလှူခံစားပွဲမှာထိုင်ချင်တဲ့သူတွေ၊ မိုက်ကလေးကိုင်ပြီး "ငါကွ" လို့တရားတက်ဟောချင်ကြတဲ့ သူတွေ .. အဲလိုလူမျိုးတွေများနေရင်တော့ တစ်ကယ်အောက်ခြေအလုပ်သမားတွေ ဘေးထွက်သွားမှာကို တော့ စိုးရိမ်ရတာပေါ့ဗျာ ..

အဖွဲ့ဝင်သစ်တွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်တောင်းခံရာမှာတော့သူကခုလိုမျိုးပြောပါတယ်။

NLD တရားဝင်မှတ်ပုံတင်ပြီးတဲ့နောက်အဖွဲ့ဝင်သစ်တွေ အများအပြားဝင်လာတာကို ကျွန်တော့်အနေနဲ့ ၀မ်းသာပါတယ် .. ကြိုလဲကြိုဆိုပါတယ်ပေါ့ဗျာ .. ဒါပေမယ့်တစ်ခုသတိထားရမှာက သူတို့နောက်ကွယ်က ရည်ရွယ်ချက်ပေါ့ဗျာ .. ဘာရည်ရွယ်ချက်နဲ့ဝင်လာသလဲ? ကိုယ့်တိုင်းပြည်၊ပြည်သူလူထုနဲ့ NLD ကို တစ် ကယ်အကျိုးပြုချင်လို့လား၊ ဒါမှမဟုတ်နေရာကလေး၊အခွင့်အရေးလေးပေါ့ဗျာ .. အဲတာတွေ လိုချင်လို့ ၀င် လာတာလား၊ ဒါမှမဟုတ်ပါတီဖြိုခွဲဖို့နာမည်ပျက်အောင် မဟုတ်တာတွေ လုပ်ဖို့ဝင်လာသလား အဲဒါတွေ ကိုတော့ ကျွန်တော်တို့အင်မတန်သတိထားပြီးတော့စောင့်ကြည့်ရမှာပေါ့ဗျာ .. နောက်တစ်ခုက တစ်ဖက် ပါတီက ဘက်ပြောင်းဝင်ရောက်လာတာမျိုး .. တစ်ကယ်အမြင်မှန်ရလို့ဝင်လာတာလား .. အဲဒါတွေ ကိုရော ပေါ့ဗျာ ..

ဟုတ်ကဲ့ ဒါလောက်ဆိုရင်ကျေနပ်ပါပြီ .. ဦးစိုးလွင်ခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျား ..

ဟုတ်ကဲ့ပါ .. ကျွန်တော်လည်း ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ။

မြိတ် NLD ရုံးဖွင့်ပွဲနှင့် တစ်ပတ်ရိုက်ခံရသော ကေဒါကြီးများ

21.1.2012 စနေနေ့ နေ့စွဲနှင့်မြိတ် NLD ရုံးဖွင့်ပွဲဖိတ်ကြားစာရလို့ ဖွင့်ပွဲအခမ်းအနားကို ကျွန်တော် ရောက် သွားတယ်။ ရာက်သွားပြီးသိပ်မကြာခင် နံနက် 8.30 မှာ၎င်းရုံးကိုအောင်မြင်စွာဖွင့်လှစ်လိုက်သော်လည်း လက်ရှိဦးဆောင်လှုပ်ရှားနေသူများ၏ အခဏ်းကဏ္ဍနှင့်နာမည်ကြေငြာသံမကြားရသဖြင့် အကျိုးအကြောင်း စုံစမ်းကြည့်ရာ ၄င်းတို့မြို့နယ်စည်း တစ်ဖွဲ့လုံးနီးပါးကို တိုင်းဥက္ကဌဦးလှမင်း၊ လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီနှင့် အသစ်ဝင်လာသော ငွေကြေးတတ်နိုင်သူအုပ်စုတို့ ပူးပေါင်း တစ်ပတ်ရိုက်တာခံ လိုက်ရကြောင်း NLD အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါသည်။ “ဇန်န၀ါရီလ (၁၀)ရက်နေ့ ရက်စွဲနဲ့ ဗဟိုကချပေးလိုက်တဲ့ ကြေငြာ ချက် ၃/၀၁/၀၂ ကို မြို့နယ်စည်းလက်ထဲ (၂၀)ရက်နေ့ညကမှ ရောက်တယ်။ စာကထားဝယ် ရောက်နေတဲ့ ဦးလှမင်းလက်ထဲမှာ သောင်တင်နေတယ်။ (၂၁)ရက်ရုံးဖွင့်မဲ့အာဂျင်ဒါကိုလည်း ကျွန်တော်တို့ကိုအသိမပေး ဘဲဆွဲခဲ့တယ်။ကြေငြာချက်မှာရေးထားတာက လွတ်တော်ကိုယ်စားလှယ်လောင်း လစ်လပ်ခြင်းမရှိတဲ့ မြို့နယ်တွေမှာ မြို့နယ်စည်းအဖွဲ့ကဦးဆောင်ပြီး (ရုံး)ကိုဖွင့်လှစ်ရမှာဖြစ်ပြိးကိုယ်စားလှယ်လောင်း လစ်လပ်နေ တဲ့မြို့နယ်တွေမှာတော့မဲအောင်နိုင်ရေးအဖွဲ့ကဦးဆောင်ပြီးဖွင့်လှစ်ရမယ်လို့ရေးထားတယ်။ ခုမြိတ်မြို့နယ်က လစ်လပ်တဲ့နေရာမဟုတ်တော့မြို့နယ်စည်းအဖွဲ့ကဦးဆောင်ပြီးဖွင့်လှစ်ရမှာ ပေါ့ဗျာ။ ခုဟာကခင်ဗျား မြင်တဲ့ အတိုင်းပဲ .. အသစ်ဝင်လာတဲ့ လုပ်ငန်းရှင်လေးဦးနဲ့ဦးလှမင်း၊ဒေါ်တင်ရီတို့ပါ ပူးပေါင်းပြီးညစ်ပတ်တဲ့ နည်းနဲ့ ကျုပ်တို့ကို တစ်ပတ်ရိုက်သွားကြတာဗျ .. ဒါတင်မကသေးဘူး ဗဟိုကော်မတီအစည်းအဝေးရဲ့ ကြေငြာချက် အမိန့်ကိုလည်းဦးလှမင်းရောဒေါ်တင်ရီပါ ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ကြတာပဲဗျ။ .. ဒီလိုချိုးဖောက် ရဲတဲ့နောက်ကွယ်တွန်းအားကဘာလဲ? .. ကျွန်တော်ကြားရတဲ့သတင်းသာမှန်ရင် ဒီကောင်တွေ ကဦးလှမင်းနဲ့ ဒေါ်တင်ရီကို ငွေနဲ့သိမ်းသွင်းပြီး လုပ်ပိုင်ခွင့်တွေကို ၀ယ်ယူလိုက်ကြတာပဲလို့ ကျွန်တော်အနေနဲ့သုံးသပ် ပါတယ်။”

“စစ်အစိုးရရဲ့ ဖိနှိပ်မှုကာလ တစ်လျှောက်လုံး ထောင်မကြောက်၊ တန်းမကြောက်၊ အာဏာပိုင်တွေကို မကြောက် ဘဲ လှုပ်ရှားလာခဲ့တဲ့ ရဲရဲတောက် ကေဒါကြီးများသည် ယခုပါတီပြန်လည် မှတ်ပုံတင်ပြီးနောက် လမ်းဘေး မြောင်းထဲ ရောက်နေပြီဖြစ်ကြောင်းကိုလည်း NLD အဖွဲ့ဝင်လုပ်ငန်းရှင်တစ်ဦးက ၀မ်းနည်းပက်လက်ရင်ဖွင့် သွားကြောင်းပါဗျား ..

http://demomyeik.blogspot.com မှ ရယူပါသည် ။



0 comments: