Thursday, December 18, 2014

ကော်ရှူသည့် လူငယ်(၈)ဦးအား ထောင်ဒဏ် (၁)လစီ ကျခံရန် မြိတ်မြို့နယ် တရားရုံးမှ ပြစ်ဒဏ် ချမှတ်



ကော်ရှူသည့် လူငယ်(၈)ဦးအား ထောင်ဒဏ် (၁)လစီ ကျခံရန် မြိတ်မြို့နယ် တရားရုံးမှ ပြစ်ဒဏ် ချမှတ်

မြိတ်မြို့နယ် အတွင်း လုပ်ငန်းများတွင် အသုံးပြုသည့် ကော်ဗူးများမှ ကော်ရှူသည့် လူငယ်များအား မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈၈) အရ (၂၀-၁၀-၂၀၁၄) ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်အမှတ် (၄/၂၀၁၄) အား လိုက်နာရန် ပျက်ကွက် ခဲ့သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈၈)ဖြင့် လူငယ် (၈)ဦးအား ထောင်ဒဏ်(၁)လစီ ကျခံရန် မြိတ်မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ 


မြိတ်မြို့နယ် ရဲတပ်ဖွဲ့ မှ နယ်ထိန်းနှင့် နယ်မြေ ရဲတပ်ဖွဲ့ဝင်များသည် မြိတ်မြို့ ဘုရားကိုင် ရပ်ကွက် ဘုရားကိုင် ဘုန်းတော်ကြီးကျောင်းတောင်ပေါ်၌ ကော်ရှုနေသော လူငယ်များအား သတင်းအရ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၁၅) ရက်နေ့ အထိ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးခဲ့ရာ အသက်(၁၈) နှစ် ပြည့်ပီးသူ ကျား (၇)ဦး ၊ မ (၁) ဦး ပေါင်း (၈)ဦးနှင့် အသက် မပြည့်သေးသူ ကျား (၂)ဦး ၊ မ (၁) ဦး ပေါင်း (၃)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး အသက် (၁၈)နှစ် ပြည့်ပီးသူ (၈) ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈၈)ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး အသက် မပြည့်သေးသူ (၃)ဦးအား နောက်အလား တူ ဖြစ်စဉ်များ မဖြစ်စေရေး ပညာပေး ဟောပြော၍ ခံဝန်ကတိများ လက်မှတ်ရေး ထိုးပြီး မိဘ အုပ်ထိန်းသူများအား ပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။ 

မြိတ်မြို့နယ်၌ လူငယ်ထုများ အတွင်း ကော်ရှူသည့် ကိစ္စရပ်မှာ ပျံ့နှံ့လျက် ရှိပြီး ကော်ရှူခြင်းမှာ မူးယစ်ဆေးဝါး မဟုတ်သော်လည်း မူးယစ်ဆေးဝါး သုံးစွဲသကဲ့သို့ပင် လူငယ်ထုအတွင်း ပိုမိုပျံ့နှံ့လာ၍ စိတ်ဓာတ် ပျက်ပြား လာခြင်း၊ ဒုစရိုက်မှုများနှင့် အုပ်စုဖွဲ့ ရမ်းကားမှုများ ပြုလုပ်လာခြင်း၊ ရပ်ရွာအေးချမ်း သာယာရေးကို ထိပါး နှောက်ယှက်ခြင်းကို ပြုလုပ်လာခြင်း၊ လုပ်ငန်းများတွင် အသုံးပြုသည့် ကော်ဗူးများအား အရောင်းဆိုင်များမှ တင်သွင်း ရောင်းချ လျက်ရှိရာ လူငယ်များမှ အလွှဲသုံး၍ ကော်ရှူခြင်းများ ပြုလုပ်လာခြင်း အပေါ် သီးခြား ဥပဒေ အရ ပြဌာန်း ထားခြင်း မရှိသော်လည်း အဆိုပါ ကော်ရှူခြင်းအား တားမြစ်ရန် အတွက် မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈၈)ထုတ်ပြန် ထားကြောင်း၊ ရပ်မိရပ်ဖများ ၊ အထောက်အကူပြု အဖွဲ့များ အနေဖြင့် တားဆီး ပညာပေးရန် လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့အား သတင်းပေးရန် လိုအပ်ကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက ပြောကြားသည်။ 

မြိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ၂၀၁၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါး အမှု (၇၅)မှု ဖမ်းဆီး ရမိခဲ့ပြီး ကျား တရားခံ (၁၀၁)ဦး၊ မ တရားခံ (၄)ဦး စုစုပေါင်း (၁၀၅)ဦးအား ပြစ်မှုအလိုက် အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: