Wednesday, November 12, 2014

မြိတ်မြို့၌ ဆိုင်ကယ်ငှားစီးပြီး တက္ကစီသမားအား သတ်သူ နေ့ချင်း ဖမ်းဆီးမိ

မြိတ်မြို့၌ ဆိုင်ကယ်ငှားစီးပြီး တက္ကစီသမားအား သတ်သူ နေ့ချင်း ဖမ်းဆီးမိ
-----------------------------------------------------------------
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်း အချိန်၌ မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ကလွင်ရေပုန်း တက္ကသိုလ်ရပ် မြရိပ်ညို (၁၃) လမ်း မြေကွက်လပ်ပေါ်တွင် လူတစ်ယောက် လဲကျသေဆုံးနေကြောင်း သတင်းအရ မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာတွင် သေဆုံးသူမှာ ဦးခေါင်း နောက်စေ့ ၀ဲဘက် ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ယာဘက် နားရွက် ပြတ်ရှဒဏ်ရာ၊ ယာဘက် နဖူး ဆံစပ် ထိပ်ပြတ်ရှ ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံးနေပြီး စစ်ဆေး ဖော်ထုတ်ချက်များအရ သေဆုံးသူမှာ မြိတ်မြို့ မြိတ်တောင် ရပ်ကွက် ဇေယျာသီရိ (၃) ရပ်ကွက် ခေမာလမ်းနေ ကိုညိုဝင်း အသက် (၂၉)နှစ် ဖြစ်ပြီး ၄င်းမှာ နေ့ခင်းဘက်တွင် သစ်ထမ်းပြီး ညဘက်တွင် ဆိုင်ကယ် တက္ကစီ မောင်းနှင်းကြောင်း သိရှိရကာ ၄င်း၏ ဇနီးသည်မှ သေဆုံးသူ ညိုဝင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင် နေအိမ်မှ ၄င်းကိုယ်ပိုင် ဆိုင်ကယ် ၂၈ယ/--------- ၊ wave ၁၀၀ အမျိုးအစား ဗီယက်နမ်ထုတ် အနက် မီးခိုးရောင် ဆိုင်ကယ်နှင့် အတူ ထွက်သွား ကြောင်း ၊ အခုအခါ သေဆုံးသွားပြီ ဖြစ်၍ အရေးယူ ပေးပါရန် ဇနီးဖြစ်သူ မနွဲ့တင်၏ တိုင်ကြားချက် အရ လူသတ် တရားခံနှင့် သက်သေခံ ပစ္စည်းများ ဖမ်းဆီးရရှိရေး အတွက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။




ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သက်သေများအား စစ်ဆေး ဖော်ထုတ်ချက်များ အရ တရားခံအား နေ့ချင်းပြီး ဖမ်းမိပြီး လူသတ် တရားခံမှာ မြိတ်မြို့ ရေပုန်း ရပ်ကွက် အဏ္ဏ၀ါ (၂)လမ်း တွင် နေထိုင်ပြီး ရတနာအောင် (၃) ၀ါးလတ် ငါးဖမ်း စက်လှေ ပေါ်တွင် လှေသား အဖြစ် လုပ်ကိုင်နေသူ နောင်ပျော့ (ခ) အောင်ဇော်လင်း (ခ) ဇော်မင်းထွန်း (၂၄)နှစ်၊ (ဘ) ဦးသန်းထွန်း ဖြစ်ပြီး ၄င်း၏ ၀န်ခံချက် အရ ၄င်းသည် နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မြိတ်မြို့ စက်မှုဇုန်ရှိ ဗင်းတေခ့်ျ တံတားမှ နေ၍ သေဆုံးသူ ညိုဝင်း၏ ဆိုင်ကယ် ငှားရမ်းကာ ရေပုန်း ရပ်ကွက်ရှိ ၄င်း၏ နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ ထိုနောက် ရှမ်းချောင်း ရပ်ရှိ ဓနိရည်ချို ဆိုင်တန်းသို့ သွားရောက်ရန် အတွက် နေအိမ်မှ ပြန်ထွက်လာပြီး ရေပုန်း လမ်းမကြီး အတိုင်း မောင်းနှင်လာရာ မြရိပ်ညို (၁၃) လမ်း အရောက် ခါးကြားတွင် အသင့် ၀ှက်ယူလာသော အရှည် တံတောင်ရှိ (၃x၂) လမ သစ်သား တုတ်ချောင်းဖြင့် ညိုဝင်း၏ ဦးခေါင်းအား (၄) ချက်ရိုက်ခဲ့ရာ ညိုဝင်းမှာ လဲကျ သွားခဲ့ကြောင်း၊ ၄င်းနောက် ဆိုင်ကယ်အား ယူဆောင်ခဲ့ပြီး ဓနိရည်ချို ဆိုင်တန်းသို့ သွားကာ ဓနိယူ တစ်ဗူး ၀ယ်ယူခဲ့ပြီး ဆိပ်ငယ်တံတား အနီးတွင် သောက်ခဲ့ကြောင်း၊ ထိုနောက် အိမ်သို့ ပြန်ခဲ့ကြောင်း ၊ နောက်တစ်နေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် နေအိမ်မှ မောင်းနှင်လာပြီး ဆိပ်ငယ် တံတား အရှေ့တွင် သော့ခတ် ရပ်နားခဲ့ပြီး ဆိုင်ကယ်သော့အား အိမ်ရှေ့ ချုံပုတ် အတွင်း ပစ်ချခဲ့ကြောင်း ၀န်ခံ ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ တရားခံ၏ ထွက်ဆိုချက်အရ သက်သေခံ ပစ္စည်း တုတ်ကို အခင်းဖြစ် နေရာတွင် လည်းကောင်း၊ သေဆုံးသူ ညိုဝင်း၏ ဆိုင်ကယ်အား ဆိပ်ငယ်တံတား အနီးတွင် လည်းကောင်း၊ ဆိုင်ကယ် သော့အား ၄င်း၏ နေအိမ်ရှေ့ ချုံပုတ် အတွင်းတွင် လည်းကောင်း တွေ့ရှိရကြောင်း သိရှိရသည်။
စစ်ဆေးချက်များအရ ပြစ်မှု ကျူးလွန်ရသည့် အကြောင်း ရင်းမှာ တရားခံ နောင်ပျော့သည် ၀ါးလတ်လှေ ထွက်ခွာခါနီး အရက် သေစာ သောက်စား မူးယစ်ရန် အတွက် ငွေကြေး လိုအပ်မှု အပေါ် ဆိုင်ကယ် တက္ကစီ ယာဉ်မောင်း ညိုဝင်းထံတွင် ငွေကြေးများ ရရှိနိုင်မည်ဟု ထင်မှတ်ကာ ကြိုတင် ကြံစဉ် ပြစ်မှု ကျူးလွန် ခဲ့သော်လည်း ညိုဝင်း ထံမှ ငွေကျပ် (၇၀၀၀ိ/)သာ ရရှိခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပြီး ၄င်း လူသတ်မှုအား မြိတ်မြို့မ ရဲစခန်းက (ပ) အမှတ် ၆၇၂/၂၀၁၄၊ ပြစ်မှုပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်လှစ် ထားပြီး စခန်းမှူး ဒုရဲမှူး နေလင်း ၊ မြိတ်မြို့ ရဲစခန်းက အမှုစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments: