Thursday, November 20, 2014

မြိတ်မြို့တွင် မော်တော်ဆိုင်ကယ်စီးနှင်းသူများ အတွက် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း ပညာပေး မြေစိုက်ပိုစတာ စိုက်ထူ



မြိတ်မြို့တွင် မော်တော်ဆိုင်ကယ်စီးနှင်းသူများ အတွက် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း ပညာပေး မြေစိုက်ပိုစတာ စိုက်ထူ


မြိတ် နိုဝင်ဘာ ၁၉ ရက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် စီးပွားရေး လုပ်ငန်းများ၊ ရေလုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လျက်ရှိရာ တိုးတက် ပြောင်းလဲလာသည့် လူနေထိုင်မှု စနစ်ကြောင့် မြိတ်မြို့နေ ပြည်သူများမှ မော်တော်ကား၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချသည့် ဆိုင်များ များပြားလာ သကဲ့သို့ ပြည်သူ များမှ သွားလာရေးတွင် မရှိမဖြစ် လိုအပ် သည့် မော်တော်ကား၊ မော်တော် ဆိုင်ကယ် များကို ၀ယ်ယူ အသုံးပြုသူ များလည်း များပြားလျက် ရှိပေသည်။




ပြည်သူများ အနေဖြင့် မော်တော်ကား၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနှင်းစဉ် အသက် အန္တရာယ် မဖြစ်စေရေး အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် အရေးကြီးလှပေသည်။ 

 မော်တော်ဆိုင်ကယ် မောင်းနှင်သူများ အနေဖြင့် ဆိုင်ကယ် စီးနှင်းမောင်းနှင်စဉ် မိမိ စီးနှင်းသည့် ဆိုင်ကယ်ကြံ့ခိုင်ရေး၊ တန်ပို ပစ္စည်းများနှင့် လူမတင် ဆောင်ရေးနှင့် ယာဉ်မတော်တဆမှု မဖြစ် ရေးနှင့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ရန် အရေးကြီးလှသည်။   


မြိတ်ခရိုင် အတွင်း ယာဉ်မတော်တဆမှုကြောင့် ၂၀၁၃ခုနှစ်တွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်း၍ စီးနှင်းသူ(၃၄)ဦး သေဆုံး ခဲ့၍ ဒဏ်ရာ ရရှိသူ(၂၇၂)ဦး၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အထိ (၁၉)ဦး အသက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၅၆)ဦး ရှိခဲ့ကြောင်း သိရှိရသည်။ 

 ပြည်သူများ ယာဉ်မတော် တဆဖြစ်ပွားပြီး သေဆုံးမှု မရှိစေရေး အတွက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင် ဦးစီးလျက် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၅၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များမှ မော်တော်ယာဉ်စီး ပြည်သူများအား ကွင်းဆင်း ပညာပေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ၊  ကျောင်းသားကျောင်းသူများအား ယာဉ် စည်းကမ်း လမ်းစည်းကမ်း အသိ ပညာပေးဟောပြောခြင်း များနှင့် ယာဉ်တိုက်မှုဖြစ်ပွားတတ်သည့်နေရာ များတွင် သတိပေး ဆိုင်းဘုတ်များ မှန်ခုံးများ တပ်ဆင် ဆောင်ရွက်ပေးလျက်ရှိသည်။


ပြည်သူများ သတိမူစေရန်နှင့် ယာဉ်စည်းကမ်း လိုက်နာမှုရှိစေရန် အတွက် နိုဝင်ဘာလမှ စ၍ လမ်းဆုံ လမ်းခွများတွင် ဆိုင်ကယ် စီးသူများ အထူး သတိပြု လိုက်နာရန် ပညာပေး မြေစိုက်ပိုစတာ စိုက်ထူ၍ ပညာပေး ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ မြေစိုက် ပိုစတာတွင် ဆိုင်ကယ်စီးသူများလိုက်နာရမည့် အချက်များနှင့် မလိုက်နာပါက ဖြစ်ပွားတတ်သည့် အန္တရာယ်များနှင့် သင့်ထက် ဆိုင်ကယ်စီးကျွမ်းကျင်သူများ သချိုင်းကုန်းတွင် ရှိသည် ဆိုသည့် စာတမ်းများမှာ ရင်ဝယ်မှတ်သား လက်တွေ့လိုက်နာဖွယ်ရာဖြစ်ကြောင်း သတင်းရရှိသည်။  

iprd myeik

0 comments: