Wednesday, June 17, 2015

မြိတ်မြို့ ပသောင်း ကြေးနန်းတိုင် တံတား၌ တစ်နာရီ အတွင်း စိတ်ကြွဆေးပြား (၂)မှု ဖမ်းဆီးရမိ



မြိတ်မြို့   ပသောင်း ကြေးနန်းတိုင် တံတား၌ တစ်နာရီ အတွင်း စိတ်ကြွဆေးပြား (၂)မှု ဖမ်းဆီးရမိ

၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ကာလ၌ မူးယစ်ဆေးဝါး နှိမ်နှင်းရေးကို မြိတ်မြို့နယ် အတွင်း အရှိန်အဟုန်မြှင့်၍ ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်  ရှိရာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မြိတ် - ပသောင်း တံတား၌ တစ်နာရီ အတွင်း စိတ်ကြွဆေးပြား မူးယစ်ဆေးဝါး အမှု (၂)မှုအား တောင်းရှည် ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။


မြိတ်မြို့နယ် တောင်းရှည် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များသည် ပသောင်း ကြေးနန်းတိုင် တံတားဂိတ်တွင် ဇွန်လ (၁၅) ရက်နေ့ နံနက် (၀၅၁၅)နာရီ အချိန်၌ ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှု ပြုလုပ်နေစဉ် မြိတ်မြို့မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသည့် wave I ၁၁၀ အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ရပ်တန်း စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသူ အောင်လွင်ဦး (ခ) အောင်ငယ်၊ အသက် (၂၀)နှစ်၊ ရှမ်းချောင်းလမ်းမကြီး၌ နေထိုင်သူထံမှ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြားနှင့် WY စာတန်းပါ အစိမ်းရောင် စိတ်ကြွ ဆေးပြား စုစုပေါင်း (၂၈၆၀)ပြားအား ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယင်းနေ့ နံနက် (၀၅၄၅) နာရီ အချိန်၌ တနင်္သာရီမြို့နယ်မှ မြိတ်မြို့နယ် ဘက်သို့ မောင်းနှင်လာသည့် နံပတ်မပါ MXX 125 အမျိုးအသား အ၀ါနက်ရောင် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ် မောင်းနှင်သူ ကျော်သူရိန်ထိုက် (ခ) ကျန်ကျောင်း ၊ အသက် (၂၇)နှစ် ၊ တပ်ဦး ကျောင်းလမ်း ကြံတောရပ် ကန်ဖျားနယ်မြေ၌ နေထိုင်သူ၏ ကိုယ်ခန္ဓာပေါ်မှ  WY စာတန်းပါ အစိမ်းရောင်နှင့် အနီရောင် ဆေးပြား (၁၂၆၀)ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မူးယစ်ဆေးဝါးများအား ကိုယ်တိုင်သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် အတွက် လက်ဝယ် ထားရှိသူ ကျော်သူရိန်ထိုက် (ခ) ကျန်ကျောင်းအား တောင်းရှည် ရဲစခန်းမှ မယ (ပ) ၂/၂၀၁၅ ၊ မူးစိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ လည်းကောင်း ၊ အောင်လွင်ဦး (ခ) အောင်ငယ်အား မယ(၁)/၂၀၁၅ ၊ မူးစိတ် ပုဒ်မ ပုဒ်မ ၁၅/၁၉(က)/၂၁ အရ လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments: