Wednesday, June 3, 2015

ကျွန်းစုမြို့နယ် အတွင်း သားဖွားဆရာမ သင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ် သင်ကြားပေး ရန် အစီအစဉ် မရှိ

ကျွန်းစုမြို့နယ် အတွင်း သားဖွားဆရာမ သင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ် သင်ကြားပေး ရန် အစီအစဉ် မရှိ

ကျွန်းစုမြို့နယ် အတွင်း ယခင်က ဖွင့်‌လှစ် သင်ကြားပေးခဲ့သည့် အရန်သားဖွား သင်တန်းများကို ပြန်လည် ဖွင့်လှစ်၍ သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိနှင့် ကျွန်းစုမြို့ပေါ်တွင် သားဖွားဆရာမ သင်တန်းကျောင်းဆောင် ဖွင့်‌လှစ်၍ သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိကို လည်းကောင်း၊ မရှိဟုဆိုပါက အဘယ်ကြောင့်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၅၅)ရက် မြောက်နေ့ (၁.၆.၂၀၁၅) ရက်နေ့တွင်
ဒေါ်တင်တင်ရီ (ကျွန်းစုမဲဆန္ဒနယ်) မှ မေးမြန်းချက်အား ကျွန်းစုမြို့နယ်တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ရန် လောလောဆယ်တွင် အစီအစဉ် မရှိသေးပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြန်လည် ဖြေကြားခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ တိုက်နယ် ဆေးရုံ တစ်ရုံအား တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သည် ပင်လယ်ရေလမ်းခရီးဖြင့်သာ သွားလာနိုင်သည့် ကျွန်းများပေါ်တွင် တည်ရှိနေသည့် ကျေးရွာအများစုဖြစ်ပြီး ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စု တွင် လူဦးရေ ၁၄၀၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ ကျေးရွာအများစုသည် ရာသီဥတုဆိုးရွားချိန်တွင် ခရီးသွားလာရန် လွန်စွာခက်ခဲ့သည့်အပြင် ကျေးရွာနေပြည်သူအများစုသည် ဆင်းရဲနွမ်းပါးသူ လက်လုပ်လက်စား၊ ရေလုပ်ငန်းအလုပ်သမားများသာဖြစ်ပါကြောင်း၊ ကျန်းမာရေးချို့တဲ့သည့် အပြင် ငွေရေး၊ ကြေးရေးချို့တဲ့ပြီး ကျန်းမာရေး အသိပညာ နည်းပါးလာသည်ဖြစ်၍ ကလေးမွေးဖွားသည့် အချိန်တွင် အရပ်လက်သည်ဖြင့်သာ ဖြစ်သလိုမွေးဖွားခဲ့ခြင်း၊ ကိုယ်ဝန်ပျက်သည့် အချိန်တွင် ကျန်းမာရေးစောင့်‌ရှောက်မှု ခံယူရန် အသိ နားမလည်ခဲ့ခြင်း တို့ကြောင့် ဖွားသေနှုန်းမှာ မြင့်‌မားခဲ့ကြ ပါကြောင်း၊ ကျွန်းစုမြို့နယ် အတွင်း ယခင်က ဖွင့်‌လှစ် သင်ကြားပေးခဲ့သည့် အရန်သားဖွား သင်တန်းများကို ပြန်လည်ဖွင့်လှစ်၍ သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိနှင့် ကျွန်းစုမြို့ပေါ်တွင် သားဖွားဆရာမ သင်တန်းကျောင်းဆောင် ဖွင့်‌လှစ်၍ သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိကို လည်းကောင်း၊ မရှိဟုဆိုပါက အဘယ်ကြောင့်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီက မေးမြန်းခဲ့သည်။

အဆိုပါ ဒေါ်တင်တင်ရီ၏ မေးမြန်းချက်အပေါ် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကျွန်းစုမြို့နယ်တွင် ၂၀၁၄ ခုနှစ်အတွင်း GAVI နှင့်တိုင်းဒေသကြီး အစိုးရ အထောက်အပံ့ဖြင့် အရန်သားဖွား သင်တန်း ပို့ချ ပေးခဲ့ရာ သင်တန်းစုစုပေါင်း ၃၀ ဦးကို ၁-၁၀-၂၀၁၄ ရက်နေ့မှ စ၍ ၆ လကြာ သင်တန်းပို့ချပေးခဲ့ ပါကြောင်း၊  ထို့အပြင် မြို့နယ် လိုအပ်ချက်အပေါ် မူတည်၍ အရန်သားဖွား ဆရာမအသစ်များ ထပ်မံ လေ့ကျင့်မွေးထုတ်မည့် အစီအစဉ်ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သားဖွားသင်တန်းကျောင်း ၁ ကျောင်းနှင့်‌ ထားဝယ်မြို့တွင်သူနာပြုသင်တန်းကျောင်း ၁ ကျောင်းကို ဖွင့်လှစ်လျက်ရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ရန် လောလောဆယ်တွင် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

0 comments: