Saturday, January 17, 2015

ကျွန်းစုမြို့နယ် မိုင်းသွေးကျေးရွာ၌ ဓားပြတိုက်မှု ဖြစ်ပွား


 ကျွန်းစုမြို့နယ် မိုင်းသွေးကျေးရွာ၌ ဓားပြတိုက်မှု ဖြစ်ပွား

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကဘင်းကျေးရွာ အုပ်စု မိုင်းသွေး ကျေးရွာ၌ တူမီး သေနတ်နှင့် ဓားများကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ် လူသုံးဦးက ဓားပြတိုက် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် ကဘင်းကျေးရွာ အုပ်စု မိုင်းသွေး ကျေးရွာ ထုံးဖိုရပ်၌ ဇန်နဝါရီ ၁၁ ရက် ည ၁ဝ နာရီခန့်က မျက်နှာဖုံး စွပ်လူသုံးဦးက လက်နက်များကိုင် ဆောင်ကာ အိမ်ပေါ်သို့ တက်လာပြီး လက်လုပ် တူမီးသေနတ် တစ်လက်၊ အရိုးအသွား ၂၂ လက်မရှည်သည့် ဓားရှည်တစ်လက် ကိုင်ဆောင်ကာ နေအိမ်တံခါးကို ဖွင့်ခိုင်းပြီး ဦးတော့ကို ကြိုးဖြင့် ချည်နှောင်ကာ ဇနီးဖြစ်သူကို ဓားရှည်ဖြင့် ထောက်၍ ရွှေထည် ပစ္စည်း ၁ဝ ကျပ်သားကျော်၊ ငွေသား ကျပ်သိန်း၂ဝ၊ ဖုန်းဆင်းကတ်နှစ်ခု နှင့် ZTE တံဆိပ်ပါ ဟန်းဆက် နှစ်လုံး စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၇ဝ ကျော်ဖိုးခန့် ဓားပြများထံသို့ ပါသွား ကြောင်း သိရသည်။


အဆိုပါ မျက်နှာဖုံးစွပ် ဓားပြ သုံးဦးသည် ကဏန်းခုတ် စက်လှေငယ် ဖြင့် ကဘင်းကျေးရွာ အုပ်စု ကြပ် ချောင်း သဘတောင်ဘက် သို့ ထွက် ပြေးသွားကြောင်း ကြားသိရသည်ဟု ကျွန်းစုမြို့နယ် ဒေသခံ အမျိုးသား တစ်ဦးက ပြောကြား ခဲ့သည်။

''ကျွန် တော် တို့လည်း ပြစ်မှုကျူးလွန်သူတွေ ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါ တယ်။ ဒီနေ့အထိ ပြစ်မှု ကျူးလွန်ခဲ့တဲ့ မျက်နှာဖုံးစွပ် ဓားပြသုံးဦးကို ဖမ်းဆီး ရမိခြင်း မရှိသေးပါဘူး၊ ကျွန်းပေါ်က လာရောက် ဆက်သွယ်မှုတွေကို စောင့် ဆိုင်းနေပါတယ်၊ တပ်ဖွဲ့ဝင်တွေလည်း ကျွန်းတွေပေါ်ကို လိုက်လံရှာဖွေနေ ပါတယ်''ဟု ကံမော်ရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ပင်လယ်ပိုင်း အတွင်းရှိ ကျွန်းများ တွင် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ကျော်က ယခုကဲ့သို့ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသော်လည်း ဆယ်စုနှစ် တစ်ခုကြာ ငြိမ်နေရာမှ ယခုကဲ့သို့ ဖြစ်စဉ်များ ပြန်လည် ဖြစ်ပွား လာသောကြောင့် အဆိုပါ ကျွန်းများ တွင် နေထိုင်ကြသော ဒေသခံပြည်သူ များ အထိတ်တလန့် ဖြစ်နေရကြောင်း၊ အဆိုပါ ကျေးရွာရှိ ဒေသခံ တစ်ဦး၏ ပြောပြချက် အရ သိရသည်။ အဆိုပါ ကျွန်းစုမြို့နယ် မိုင်းသွေးကျေးရွာတွင် ဖြစ်ပွားခဲ့သော ဓားပြတိုက်မှုနှင့် ပတ်သက်၍ ကံမော် ရဲစခန်းမှ စခန်းမှူး ဦးစီးသော တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့ပြီး ကံမော် ရဲစခန်းက အမှု ဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

မြင့်ဦး(မြိတ်)
Myanmaalinn

0 comments: