Monday, January 19, 2015

ကမ်းဝေးငါးဖမ်း လှေများ ကမ်းနီးတွင် ငါးဖမ်းသည်ကို နှစ်ကြိမ် တွေ့ရှိပါက ငါးဖမ်းလှေကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းမည်



ကမ်းဝေးငါးဖမ်း လှေများ ကမ်းနီးတွင် ငါးဖမ်းသည်ကို နှစ်ကြိမ် တွေ့ရှိပါက ငါးဖမ်းလှေကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းမည် 

မြန်မာ့ပင်လယ်ပြင် ကမ်းဝေးငါးဖမ်း လှေများအနေဖြင့် ကမ်းနီးတွင် ငါးဖမ်းဆီးသည်ကို နှစ်ကြိမ်တွေ့ရှိ ဖမ်းမိပါက အဆိုပါ ငါးဖမ်းလှေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလျက် ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ငါးဖမ်းလှေများ ပင်လယ်ကမ်းနီး ငါးဖမ်း ဧရိယာများ အတွင်းသို့  တရားမဝင် ကျူးကျော် ဝင်ရောက် ပိုက်ဆွဲခြင်း၊ တရွတ်ဆွဲ ပိုက်ဖြင့် ငါးဖမ်းခြင်းများ အပါအဝင် ရေသယံဇာတ ပျက်စီးမှုဆိုင်ရာ ပြဿနာများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကမ်းဝေးလှေများ ကမ်းနီးတွင် ငါးဖမ်းသည်ကို တွေ့ရှိပါက ယခင်က စည်းကမ်းပျက် ဒဏ်အဖြစ် ငွေဒဏ် ငွေကျပ်သိန်း ၂ဝ နှင့် ငါးဖမ်းဆီးခွင့် သုံးလပိတ်သိမ်းကာ အရေး ယူခဲ့သော်လည်း လက်ရှိတွင် ငွေဒဏ် ငွေကျပ်သိန်း ၃ဝ နှင့် ငါးဖမ်းဆီးခွင့် တစ်နှစ် ပိတ်သိမ်းခြင်းဖြင့်  အရေးယူလျက် ရှိကြောင်း သိရသည်။



ယင်းကဲ့သို့အရေးယူခြင်းများတွင် နှစ်ကြိမ်တိုင်တိုင် အရေးယူခြင်း ခံရသော ငါးဖမ်းလှေများကို ယခုအခါ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည်အထိ တိုးမြှင့်အရေးယူလျက် ရှိကြောင်း သိရသည်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကမ်းဝေး ငါးဖမ်းလှေများသည် ကမ်းနီးတွင် ငါးဖမ်းဆီးမှုများ ယခင်ကထက် များပြားနေသဖြင့် ရေသယံဇာတများ ပိုမိုဆုံးရှုံးနိုင်ဖွယ် ရှိသောကြောင့် အရေးယူမှုများ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ကမ်းဝေး ငါးဖမ်းလှေများသည် သတ်မှတ် ငါးဖမ်း နေရာများအတွင်း ငါးရရှိမှု နည်းလာခြင်းကြောင့် ယခုကဲ့သို့ တရားမဝင် ဖမ်းဆီးမှုများ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ်းနီးငါးဖမ်း လှေအမျိုးအစားများ ဖြစ်သည့် ဝါးလတ်များသည် နေ့ပိုင်းများ၌ ကမ်းခြေများ အထိ ဝင်ရောက် ငါးဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။ ယခုကဲ့သို့ ဖမ်းဆီး အရေးယူမှုများ ကြပ်မတ်လာခြင်းကြောင့် ကမ်းဝေး ငါးဖမ်းလှေများ  ကမ်းအနီး ငါးဖမ်းဆီးမှုများ နည်းသွားကြောင်း သိရသည်။ တနင်္သာရီတိုင်း ဒေသကြီးတွင်   ကမ်းဝေး ငါးဖမ်းလှေ ၁၂၇၉ စင်းရှိပြီး ကမ်းနီး ငါးဖမ်းလှေ ၁၁၆၈၁ စင်းရှိကြောင်း သိရသည်။

မြ၀တီသတင်းစာ (၁၇-၁-၂၀၁၅)ရက်နေ့ထုတ်

0 comments: